Opinion, Policy & Law

တရား၀င် လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်း

အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပေါင်းသင်း နေထိုင်ကြရာတွင် တရား၀င် လင်မယား ဟုတ်၊ မဟုတ် အငြင်းပွားမှုများ မကြာခဏ တွေ့ရတတ်သည်။ အပျို လူပျိုတို့ နှစ်ဦး သဘောတူ လင်မယားအဖြစ် လက်ထပ် ပေါင်းသင်းရန် ရည်ရွယ်ချက်နှင့် လက်ထပ်ခြင်းများ ရှိသကဲ့သို့၊ မုဆိုးမ၊ မုဆိုးဖို၊ တစ်ခုလပ်၊ တစ်လင်ကွာများနှင့် လက်ထပ်ခြင်းမျိုးလည်း ရှိသည်။ ဆွေမျိုးတော်စပ်သူ အချင်းချင်း လက်ထပ် ထိပ်မြားမှုမျိုးလည်း ရှိသည်။ ဆွေမျိုးတော်စပ်သူ အချင်းချင်း ထိပ်မြား လက်ထပ်မှုကို မြန်မာ့ဓလေ့ ထုံးထမ်းဥပဒေတွင် ပိတ်ပင် တားမြစ်ခြင်း မရှိပေ။

အမျိုးသား တစ်ဦးသည် အမျိုးသမီး တစ်ဦးထက် ပို၍ လက်ထပ်ယူခြင်းကိုလည်း မြန်မာဓလေ့ ထုံးထမ်းဥပဒေတွင် ပိတ်ပင်ထားခြင်း မရှိပေ။ သို့သော် တရား၀င် လင်ရှိ မိန်းမတစ်ယောက်သည် အခြားယောကျာၤး တစ်ယောက်နှင့် ထိမ်းမြားလက်ထပ်လျှင် မြန်မာဓလေ့ ထုံးထမ်း ဥပဒေအရ ခွင့်ပြုထားခြင်း မရှိသည့်အပြင် ရာဇသတ်ကြီး ဥပဒေအရပါ အရေးယူ ခံရနိုင်သည်။ တရား၀င် လင်ရှိ မယားကို လင်ရှိ မယား ဖြစ်ကြောင်း မိမိ သိလျက် (သို့မဟုတ်) ယုံကြည်ရန် အကြောင်းရှိလျက် လင်ဖြစ်သူ သဘော မတူဘဲ (သို့မဟုတ်) အလိုတူရာ ရောက်ခြင်း မရှိဘဲ ထိုမိန်းမကို ကာမ စပ်ယှက်ရာ၌ မုဒိမ်းမှု မမြောက်လျှင် ထိုယောကျာၤးသည် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၉၇ အရ မယားခိုးမှု ကျူးလွန်ခြင်းဖြစ်၍ ငါးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ငွေဒဏ် ဖြစ်စေ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည် ဖြစ်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဌာန်းထားသည်။
မြန်မာ ဗုဒ္ဓဘာသာ ယောကျၤား တစ်ယောက်နှင့် မိန်းမ တစ်ယောက်တို့ လက်ထပ်ရာတွင် တရား၀င် အကြင် လင်မယား ဖြစ်မြောက်ရေးအတွက် လိုအပ်ချက်များကို သိရှိထားကြရန် လိုအပ်ပေသည်။

၁။ ယောကျာၤးသည် အိမ်ထောင်ပြုရန်အတွက် ကျန်းမာ သန်စွမ်းရမည်။

၂။ မိန်းမသည် မုဆိုးမ (သို့မဟုတ်) တစ်ခုလပ်၊ တစ်လင်ကွာ မဟုတ်လျှင် အသက်(၂၀) ပြည့်ရမည်။

၃။ အကြင်လင်မယားအဖြစ် အိမ်ထောင်ပြုရန် ရည်ရွယ်၍ နှစ်ဦး သဘောတူညီချက် ဆန္ဒကို လွတ်လပ်စွာ ပေးရမည်။

၄။ နှစ်ဦးစလုံးသည် စိတ်ပေါ့သွပ်သူများ မဖြစ်စေရ။

၅။ မိန်းမမှာ မပြတ်စဲသော တရား၀င် လင်ယောကျာၤး မရှိစေရ။

၆။ အထင်အရှား ထိမ်းမြား လက်ထပ်မှု တစ်စုံတစ်ခု မပြုလုပ်ခဲ့ပါက လင်မယားအဖြစ် လူသိရှင်ကြား ပေါင်းသင်း နေထိုင်မှု ရှိရမည်။

လက်ထပ်မည့် ယောကျၤား၏ အသက်နှင့် စပ်လျဉ်း၍ မြန်မာ ဗုဒ္ဓဘာသာ ယောကျၤား တစ်ယောက်သည် ကျန်းမာရေးနှင့် ပြည့်စုံလျှင် မည်သည့် အရွယ်၌မဆို ထိမ်းမြား လက်ထပ်နိုင်သည်၊ မိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့၏ သဘောတူညီချက် ရယူရန် မလိုဟု မောင်သိန်းမောင်နှင့် မစော အမှုစီရင်ထုံး (၆ ရန်ကုန် ၃၄၀)တွင် ဖော်ပြထားသည်။
မိန်းမ၏ အသက်နှင့် စပ်လျဉ်း၍ တစ်ခုလပ်၊ တစ်လင်ကွာနှင့် မုဆိုးမများမှ လွဲလျှင် အသက်(၂၀) မပြည့်သေးသော မိန်းမ တစ်ယောက်သည် မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ သဘောတူညီမှုကို အထင်အရှား (သို့မဟုတ်) အဓိပ္ပာယ် သက်ရောက်သည့် သဘောတူညီမှု မရလျှင် တရား၀င် လက်ထပ်မှုကို မပြုနိုင်ဟု မအေးစိန်နှင့် မောင်လှမင်း အမှုစီရင်ထုံး
(၃ ရန်ကုန် ၄၅၅)တွင် ပြဆိုသည်။

အဓိက အရေးကြီးသည်မှာ ထိမ်းမြား လက်ထပ်မည့် ကာယကံရှင်များဖြစ်ကြသော ယောကျာၤးနှင့် မိန်းမတို့ သဘောတူညီမှု ရမှသာ ထိမ်းမြားခြင်း ပြုရပေမည်။ သတို့သားနှင့် သတို့သမီးတို့၏ ဆန္ဒအလျောက် လွတ်လပ်စွာ ပေးသည့် သဘောတူညီမှု မရှိလျှင် ထိမ်းမြား လက်ထပ်မှုသည် တရားဥပဒေနှင့် မညီညွတ်ပေ။ အကြပ်အတည်းဖြစ်နေ၍ မပေးချင် ပေးချင်နှင့် ပေးရသည့် သဘောတူညီမှုသည် တရားဥပဒေအရ လိုအပ်သည့် သဘောတူညီချက် မဟုတ်ပေ။ ထိမ်းမြား လက်ထပ်ရန်နှင့် လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ကြရန် နှစ်ဦး သဘောတူညီချက်ဖြင့် ရည်ရွယ်ချက် မရှိဘဲ သာမန် ထွက်ပြေးရုံမျှနှင့် တရား၀င် ထိမ်းမြားခြင်း မဖြစ်ပေ။
လင်မယားအဖြစ် တရား၀င် ပေါင်းသင်း နေထိုင်ပြီးနောက် လင်မယား ကွာရှင်းမှုတွေလည်း ရှိကြပေသည်။ မြန်မာဓလေ့ ထုံးထမ်း ဥပဒေအရ လင်ခန်း မယားခန်း ပြတ်စဲရန် အဓိက အကြောင်းရင်း (၃)မျိုး ရှိသည်။

၁။ နှစ်ဦးသဘောတူ ကွာရှင်းခြင်း။

၂။ လင်ဖြစ်သူ ရဟန်းပြုခြင်း။

၃။ အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းခြင်းတို့ ဖြစ်ပါသည်။

လင်နှင့်မယားတို့ နှစ်ဦး သဘောတူညီလျှင် အချိန်မရွေး ကွာရှင်းနိုင်ကြသည်။ နှစ်ဦး သဘောတူညီချက်ဆိုရာ၌ တစ်ဦးက ဒေါသအလျောက် အလောတကြီးရေးသည့် စာကို အခြေပြု၍ တစ်ဦးက ကွာရှင်းရန် အခွင့်အရေး မယူနိုင်။

တစ်ချို့ လင်မယားတို့သည် အမှန်တကယ် လင်ခန်း မယားခန်း ပြတ်စဲရန် ရည်ရွယ်ချက် မရှိဘဲ ဗေဒင်ဆရာများ၏ ဟောပြောချက်ကြောင့် လည်းကောင်း၊ မကောင်းသော ဘေးဥပါဒ်မှ ကင်းလွတ်စေရန်လည်းကောင်း၊ ဂြိုလ် ပြေနံပြေ ကွာရှင်းတတ်ကြသည်။ ယင်း ကွာရှင်းမှုမျိုးသည် ဟန်ဆောင် ကွာရှင်းမှု ဖြစ်၍ အမှန်တကယ် တရား၀င် လင်မယား ကွာရှင်းရာ မရောက်ပေ။

လူတစ်ယောက်သည်လူ့လောကကို စွန့်ခွာရန် ရည်ရွယ်ချက်ဖြင့် ရဟန်းပြုရာတွင် မယားဖြစ်သူက ခွင့်ပြုခဲ့ပါက လင်ခန်း မယားခန်း ပြတ်စဲပေမည်။ သို့သော် ဒုလ္လဘ ရဟန်းအဖြစ် ခံယူရုံဖြင့် လင်မယား ကွာရှင်းရာ မရောက်ပေ။

လင်နှင့် မယားတို့သည် နှစ်ဦး သဘောတူ ကွာရှင်းခြင်း မဟုတ်ဘဲ၊ တစ်ဦး တစ်ယောက်က ကွာရှင်းလိုပါမူ ကျန်တစ်ဦး တစ်ယောက်က အိမ်ထောင်ရေး ပြစ်မှု ကျူးလွန်ကြောင်း ပြဆိုနိုင်မှသာ လင်မယား ကွာရှင်းခွင့် ရှိပေမည်။

အိမ်ထောင်ရေး ပြစ်မှုဆိုရာတွင် လင်၏ ရက်စက်မှု၊ မယား၏ ရက်စက်မှုဟူ၍ ရှိသည်။ ရက်စက်မှုဆိုရာတွင် နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိသည်။ ကိုယ် ဆင်းရဲခြင်း ဖြစ်စေသည်သာမက စိတ်ဆင်းရဲခြင်း ဖြစ်စေလျှင်လည်း ကွာရှင်းခွင့် ရှိသည်။

လင်နှင့် မယား လျှာနှင့် သွား ကဲ့သို့ မကြာခဏ ပဠိပက္ခ ဖြစ်တတ်သည်။ စိတ် သဘောချင်း မတိုက်ဆိုင်၍ အသေးအဖွဲ သာမန် ရန်ဖြစ်ယုံဖြင့် ရက်စက်သည်ဟု မဆိုနိုင်။
လင်သည်နောက် အိမ်ထောင်ပြုပြီး ပထမ မယားအား ကွာရှင်းခွင့် မပေးခြင်းသည် မယားအား စိတ်ဆင်းရဲဒုက္ခ အကြီးအကျယ် ရောက်စေခြင်း ဖြစ်သည်။ လင်သည် ထင်ရှားအောင် သက်သေ မပြနိုင်ဘဲ မယားအား လင်ငယ်နေသည်ဟု အမြဲ စွပ်စွဲ၍ ရိုက်နှက်ခြင်းသည် ရက်စက်မှု ကျူးလွန်ရာ ရောက်မည်

မိမိ ဇနီးအား ကတ်ကြေးနှင့် အကြိမ်ကြိမ် ထိုးသူသည်လည်းကောင်း၊ ကိုယ်၀န်သည် ဇနီးကို ရိုက်ပုတ်မည်ဟု ကြိမ်းမောင်းသူသည်လည်းကောင်း၊ မယားဖြစ်သူ၏ ပါးကို အကြိမ်များစွာ ရိုက်သူသည်လည်းကောင်း၊ ရက်စက်မှုများ ဖြစ်၍ မယားက လင်ကို ကွာရှင်းခွင့် ရှိပေမည်။
သို့သော် လင်သည် ရူးသွပ်သွားရုံဖြင့် မယားတွင် ကွာရှင်းခွင့် မရှိပေ။
မြန်မာ ဗုဒ္ဓဘာသာ ယောကျာၤး တစ်ယောက်သည် မယား အများ ယူနိုင်ခွင့် ရှိသည်။ သို့သော် လင်ဖြစ်သူသည် ပထမ မယား၏ ခွင့်ပြုချက် မရှိဘဲ ဒုတိယ မယားယူလျှင် ပထမ မယား၌ ကွာရှင်းခွင့် ရှိသည်။
လင်က မယားကို စွန့်ပစ်ခြင်း၊ မယားက လင်ကို စွန့်ပစ်ခြင်းမျိုးလည်း ရှိတတ်သည်။ မယားက လင်ကို စွန့်ပစ်လျှင် စွန့်ပစ်ခံရသည့် လင်က (၃)နှစ်ပြည့်သည့်အခါတွင်လည်းကောင်း၊ လင်က မယားကို စွန့်ပစ်သည့်အခါ စွန့်ပစ်ခံရသည့် မယားက (၁)နှစ် ပြည့်သည့်အခါတွင်လည်းကောင်း၊ လင်ခန်း မယားခန်း ပြတ်စဲ၍ ကွာရှင်းခွင့် ရှိသည်။
စွန့်ပစ်သည်ဆိုရာတွင် စွန့်ပစ်သည်ဆိုသော ကာလအတွင်း စားစရိတ် တစ်စုံတစ်ရာ ထောက်ပံ့ ပေးကမ်းမှု မရှိသည့်အပြင်၊ အဆက်အသွယ် ပြုရန် (သို့မဟုတ်) ပြန်လည် ပေါင်းသင်းရန် ကြိုးစားမှု မရှိသော် စွန့်ပစ်ခြင်းမျိုး ဖြစ်ရပေမည်။
တစ်ချို့ အမျိုးသားတို့သည် သားကြီး မယားကြီးရှိလျက် လူပျိုပါဟုလည်းကောင်း၊ ကွာရှင်းပြီးပြီဟုလည်းကောင်း၊ အမှန်ကို ဖုံးကွယ်၍ လိမ်လည် ပြောဆိုပြီး ဒုတိယ မယားယူလျှင် လီဆယ်ခြင်း ဖြစ်၍ မယားက ကွာရှင်းခွင့် ရှိပေသည်။
မယားသည် မိမိ လင်မဟုတ်သည့် အခြား ယောကျၤား တစ်ဦးနှင့် ကာမဂုဏ် ကျူးလွန်လျှင် မယားက ဖောက်ပြန်မှု ကျူးလွန်ခြင်း ဖြစ်၍ လင်၌ ကွာရှင်းခွင့် ရှိပေသည်။
စွန့်ပစ်သည့် ပြစ်မှုနှင့် စပ်လျဉ်း၍ လင်ခန်း မယားခန်း အလိုအလျောက် ပြတ်စဲခြင်း မရှိဘဲ စွန့်ပစ်ခြင်း ခံရသူက လင်မယား ကွာရှင်းခွင့် ရရန် တရားစွဲဆိုခွင့် ရှိသည်။
လင်က ကြီးလေးသော ရက်စက်မှု ကျူးလွန်လျှင်လည်းကောင်း၊ မယားဖြစ်သူက ဖောက်ပြန်လျှင် လည်းကောင်း ကွာရှင်းခွင့် ရရုံသာမက ကျူးလွန်သူသည် ပစ္စည်းခန်း၌လည်း မိမိ အခွင့်အရေးကို ဆုံးရှုံးခြင်း ခံရတတ်လေသည်။

မှတ်ချက်။ ။ ရာဇသတ်ကြီး ဥပဒေစာအုပ်နှင့် တရားရုံးချုပ် ရှေ့နေ ဦးမြစိန် ရေးသား ပြုစုသော မြန်မာဓလေ့ ထုံးထမ်း ဥပဒေစာအုပ်ကို ကိုးကားပါသည်။

အများပြည်သူ ဥပဒေ ဗဟုသုတ ရရှိစေရန် ရေးသား တင်ပြခြင်းသာ ဖြစ်ပါသည်။

Related Posts