Health, Opinion

‘‘Asbestos နှင့် ယနေ့ကမ်ဘာ’’

www.thestar.com

Asbestosဟူသော စကားလုံးလေးသည်
မြို့ ပြနေ လူထု၏ ပါးစပ်ဖျားတွင် ယခု ရက်ပိုင်းအတွင်း ရေပန်းစားနေသော စကားလုံးလေး ဖြစ်လာပါသည်။ မီဒီယာ လောက၏ ဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံတော်၏ မွန်မြတ်သော စေတနာတို့ကြောင့် ယနေ့ခေတ် ပြည်သူအများစုသည် ယနေ့ ကမ်ဘာနှင့် မြန်မာ့ အခြေအနေများကို ဖြူနီ ပြာဝါရောင်စုံ ဂျာနယ်များထံမှတဆင့် (ကျေးလက်နေ ပြည်သူများ အပါအ၀င်) သိရှိခွင့် ရကြသည်။

‘‘ဟိုမှာတော့ ဟိုဟာတွေ ဖြစ်လို့’’ ‘‘ဟိုလို လုပ်လိုက်ရပြီ ဒို့ဆီမှာလဲ ဟိုလိုဖြစ်ရင် ဘယ်လို လုပ်ကြမှာလဲ’’ အစရှိသဖြင့် ကမ်ဘာ့သတင်းများကို အချိန်နှင့် တပြေးညီ သိရှိခွင့် ရရှိသည့်အတွက် မိမိနိုင်ငံနှင့်ပါ ပခုံးချင်းယှဉ် ချင့်ချိန်တိုင်းဆ တွေးခေါ်လာနိုင်ကြပေပြီ။ ထို့အတွက်လည်း ယနေ့ စာဖတ်သူ လူအများစု၏ အတွေးနယ်ပယ်ထဲသို့ ချဲ့၀င်ရောက်ရှိလာသော ဤ Asbestosနှင့်ပတ်သက်၍ သိရှိနားလည်သမျှကို ေ၀ငှပြန့်ပွားပေးရန် စိတ်ကူး ရလာ၍ အကျဉ်းချုံး တင်ပြလိုက်ရပါသည်။

အမှန်စင်စစ် ဤစကားလုံးလေးသည် ယနေ့မှ ပေါ်ပေါက်လာသည် မဟုတ်။ ကြားဖူးသူများ ရှိသလို ထဲထဲ၀င်၀င် နားလည် တတ်ကျွမ်းသူများလည်း ရှိပေမည်။ မှန်ဘီလူးဖြင့် အကြီးချဲ့ ၍ ပုံကြီးချဲ့ ပြောကြားချင်သူများ ရှိသလို ဘာမှ မဖြစ်ပါဘူးကွာဟူ၍ Ignore လုပ်ထားသူများလည်း ရှိပေမည်။ ပူဆွေးသောက ဗျာပါဒ မီးလောက်မြိုက်နေသူများ
ရှိသလို ပွဲလန့်တုန်း ဖျာခင်းချင်သူများလည်း ရှိလာပေပြီ။ အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို ေ၀ဖန်ပိုင်းခြားနိုင်ခြင်းကို ပညာဟု မြတ်စွာ ဘုရားရှင် မိန့်တော်
မူခဲ့သည့်အတွက် ပြဿနာတိုင်းအတွက် အဖြေရရှိရန် ထိုအကောင်းအဆိုးတို့ကို ေ၀ဖန်ပိုင်းခြားနိုင်သည့် ပညာရှိရန် လိုအပ်ပေသည်။ သို့မှသာ မှန်ကန်သော ရွေးချယ်မှုနှင့်
ဖြောင့်မတ်သော လမ်းကြောင်းတို့ကို လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

Asbestosဟူသော စကားလုံးကို ဂရိ Greek လူမျိုးများက စတင် သုံးစွဲခဲ့ကြသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ Inextinguishable ရောထွေး ယှက်နွယ်နေသော ရှင်းလင်း၍ မရနိုင်သော သဘာ၀ အမွေှးအမျှင်အုပ်စု တစ်မျိုး၊ ၄င်းသည် ရှည်လျားသေးသွယ်ပြီး အပူဒဏ် ခံနိုင်သော Fiber တစ်မျိုး ဖြစ်ကြောင်း ဖော်ပြထားသည်ကို ဖတ်ရှုဖူးသည်။ Curved Fiber ဖြစ်သော Seraight Fiber ဖြစ်သော Amphibole Asbestos တို့သည် လူသိများသော Asbestosများ ဖြစ်ကြပါသည်။

မြောက်များစွာသော Asbestosများ ရှိသည့်အနက် Crysotileသည် ကမ်ဘာပေါ်တွင် အများဆုံး တွေ့ရှိ အသုံးပြုနေသော၊ ဈေးကွက်၀င် ပစ္စည်းအချို့တွင် အများဆုံး ပါ၀င်သော Asbestos တစ်မျိုး ဖြစ်ပါသည်။ ကမ်ဘာ့သမိုင်းကို ပြန်လှန် သုံးသပ်ကြည့်မည်ဆိုပါက Asbestosများ စတင် အသုံးပြု ထုတ်လုပ်ခဲ့သည်မှာ 1877 ဖြစ်သည်ဟု အစောဆုံး တွေ့ရှိရသည်။

ကျန်းမာရေး ရှုထောင့်မှ သုံးသပ်သည့် သမိုင်းကြောင်းကို ပြန်လည် တင်ပြရမည်ဆိုလျှင်မူ Asbestosisဟု ခေါ်သော လူသားတို့၏ အဆုတ်အတွက် ကြီးမားလှသည့် ရောဂါသည် Asbestusမှ ဖြစ်လာသည်ဟု သိရှိ ခေါ်ေဝါ်မှတ်သားနိုင်ခဲ့သည်မှာ 1930, 1940 နှစ်များကပင် ဖြစ်သည်။ မဆုတ်နစ်သော ဇွဲလုံလနှင့် ရှာဖွေဖော်ထုတ်မှုများကြောင့် 1950, 1960 နှစ်များတွင် သိပ္ပံပညာရှင်များက Asbestosသည် အဆုတ် ကင်ဆာရောဂါများဖြစ်သည့် Bronchogenic Carcinoma (CA – Lungs)နှင့် Malignant MesotheLiomaတို့အတွက် အရေးပါသော ဆက်စပ်မှုတစ်ခုဖြစ်ကြောင်း သိရှိလာသည်။

များများ တွေ့လေ များများ ဆိုးလေဟု ဆိုရမလားပင် မသိ။ သိပ္ပံပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်မှာ လူတစ်ဦး၌ အဆိုပါ Asbestos အမျှင်များနှင့် ထိတွေ့ ရှုရှိုက်မှု ပမာဏ တစ်နှစ်လျှင် 10 Fiber.year/m2 ရှိပါက Asbestosis ဖြစ်ရန် 1% Risk ရှိလာသည်ဟု ဖော်ပြထားသည်။ သို့သော် Asbestosis Percent (%) မည်မျှ ရှိလျှင် ကင်ဆာရောဂါ ဖြစ်ပွားရန် Risk မည်မျှ ရှိကြောင်းကို အတိအကျ ရှာဖွေဖော်ထုတ်နိုင်မှု မရှိသေးကြောင်း လေ့လာ မှတ်သားမိသလောက် တွေ့ရှိရပါသည်။ ၆ ဆမျှ ပိုမိုကြောင်း စာတမ်း တစ်စောင်တွင် အကြမ်းဖျဉ်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

အဆုတ်၏ အင်အားသည် အဆုတ်တွင်းရှိ သဘာ၀ အမွေးအမျှင်များပင် ဖြစ်သည် ဆိုသည့်အတို်င်း ခန္ဓာပြင်ပမှ ခန္ဓာကို ဒုက္ခ ပေးနိုင်သော မည်သည့် အမှုန်အမွှား အစအနတို့ ၀င်လာလျှင် အဆုတ်တွင်း အမြေးပါးမှ ချွဲသလိပ်အသွင် ဖန်တီး၍ သဘာ၀ အမွေးအမျှင်များမှ ပြင်ပသို့ ပြန်လည်ရောက်ရှိအောင် ရိုက်ခတ် မောင်းထုတ်ပေးကြသည်။ သို့အတွက် ချွဲသလိပ်နှင့် ချောင်းဆိုးလျှင် ထိုအမှုန်အမွှားများသည် ခန္ဓာမှ အပြီးအပိုင် ထွက်ခွာသွားကြရသည်။

သို့သော် ရောဂါကို ငွေပေး၍ ၀ယ်နေသူများ၊ အဆုတ်ကို မီးမြှိုက်နေသူများ ဖြစ်သည့် ဆေးလိပ် သောက်သုံးသူများ (ကိုယ်တိုင် မသောက်သော်လည်း ရှုရှိုက်မိသည့် သူများ)တွင် ထို အစွမ်းအစ နည်းပါး ပျောက်ဆုံးလာသဖြင့် ပြင်ပမှ ပိုးမွှားနှင့် အန္တရာယ် အမှုန်အမွှားများကို အဆုတ်အတွင်းမှ ပြန်လည် မောင်းထုတ်နိုင်စွမ်း အားနည်းသဖြင့် အဆုတ်ကင်ဆာဖြစ်ရန် ပို၍ နီးစပ်ကြသည်။ ထို့ကြောင့် အသက်ကို ဉာဏ်စောင့်သည် ဆိုသည့် စကားအတိုင်း စဉ်းစား ဉာဏ်ဖြင့် ချင့်ချိန်၍ အကောင်းမရှိ အဆိုးသာ ရှိသော ဆေးလိပ်သောက်သည့် အကျင့်ဆိုးကို ထာ၀ရ ရှောင်ရှားသင့်သည်။

မည်သည့် ပစ္စည်းများတွင် ထို Asbestos ခေါ်သော အမျှင်များ ပါသနည်းဟု မေးရန် ရှိပါသည်။ အဖြေမှာ မြောက်များစွာ လူ့ အသုံးအဆောင်ပစ္စည်းများ ကျွနု်ပ်တို့၏ အထက်အောက် ဘေးပတ်၀န်းကျင်ရှိ ရုပ်၀တ္ထုပစ္စည်းများတွင် Asbestosများ ပါ၀င်နေပါသည်။ သတိိမမူ ဂူမမြင် ဆိုသည့်အတိုင်း မသိခဲ့၍သာ မပူပန်ခဲ့ကြခြင်း ဖြစ်သည်။ မျက်စိဖြင့် မမြင်ရသော ထိုအမွေးအမျှင်များသည် ဆောက်လုပ်ရေးသုံးနှင့် ကားပစ္စည်းများတွင် ခိုင်ခံ့မှုနှင့် ကျစ်လစ်သိပ်သည်းမှုတို့အတွက် အခြေခံ ဒြပ်ပေါင်း (Cement) တစ်ခု ဖြစ်ပေသည်။ ၄င်းတို့ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းအများစုမှာ မျက်နှာကျက် ကျောက်ပြား၊ Plasta ပိုက်၊ Board ပြားများ၊ ကြမ်းခင်းများ၊ မီးခံပြားနှင့် မီးခံကျောက်၊ မီးခံဖော့များ၊ အချို့ သောကြိုးများ၊ တိပ်များ၊ ကားအင်ဂျင်၌ သုံးသော မီးခံတွင်းများ၊ ဘရိတ်လိုင်နာ၊ ကလပ်ပစ္စည်း (Clutch Facings)များ ဖြစ်ကြပါသည်။

ထို့ကြောင့်လည်း Austialia, Japan, UAE, USA နှင့် Canada အစရှိသည့် နိုင်ငံများတွင် ထို Asbestos ပါသော ပစ္စည်း တင်သွင်းမှုကို ကန့်သတ်ထားကြသည်။ Canada နိုင်ငံမှ ဘကြီးဖြစ်သူ မြန်မာပြည်သို့ လာရောက်စဉ်က ဒို့ဆီမှာက အေးလို့ အပူပေးစက် Heaterတွေ သုံးရတော့ ဒီမှာလို ဒီမျက်နှာကျက် ကျောက်ပြားမျိုးနဲ့ အိမ်ဆောက်လို့ မရဘူး၊ ကျန်းမာရေး ထိခိုက်လို့ဟူ၍ ပြောကြားခဲ့ဖူးသည်ကို အမှတ်ရမိပါသည်။ မိမိတိုင်းပြည် မိမိ ရာသီဥတုနှင့် မိမိတို့၏ ဓနအင်အား အကြောင်းအကံ သင့်နေသည်ကို ကျေးဇူးတင်မိသည်။ “သူတို့လိုသာ Heater ပေးရလျှင်” အိမ် (၁၀)လုံးတွင် (၉)လုံးက မျက်နှာကျက် ကျောက်ပြား ထပ်ထားကြသည် မဟုတ်လော။

သို့ဆိုလျှင် ‘‘ဒီပစ္စည်းတွေကို ဒီနိုင်ငံတွေက ထုတ်ပြီး ငါတို့တွေကို ဒုက္ခပေးနေကြတယ်’’ဟု ဒေါသ ထွက်စရာ ရှိပါသည်။ မကွယ်၀ှတ်တမ်း တင်ပြရလျှင် မိမိတို့နိုင်ငံတွင်ပင် ထိုလုပ်ငန်းမျိုးများ ‘‘ဒုနှင့်ဒေး’’ ရှိနေပါသည်။ မသိ၍သာ မပူခဲ့ကြခြင်းဖြစ်ပေသည်။ မိမိ ရန်ကုန်တွင် တာ၀န်ကျစဉ်က အဆုတ်ရောဂါဖြင့် ခဏခဏ ဆေးရုံတက်ရသော လူနာတစ်ဦး၏ အလုပ်အကိုင်ကို မေးမြန်းကြည့်ရာ ကျောက်ပြား လုပ်ငန်းပင် ဖြစ်သည်။

ဆေးလိပ်လည်း သောက်သည့် အကျင့်ရှိပြီး လုပ်ငန်းခွင် ၀င်ချိန်တွင် သင့်တင့်သော နှာခေါင်းနှင့် ပါးစပ်ဖုံး တပ်ဆင်ခြင်း မရှိကြောင်း သိရှိရသည့်အတွက် ကျန်းမာရေး ပညာပေး စကားများ အာပေါက်အောင်
ပြောခဲ့ရပါသေးသည်။ ထို့ကြောင့် သုံးစွဲသူများ ရောဂါ ရနိုင်သကဲ့သို့ ထုတ်လုပ်သူများမှာ အဆများစွာ အန္တရာယ် ပိုရှိပါသည်။ CDC (Centers For Disease Control & Prevention)မှ Asbestos- related Potential Life Lost Before 65 Years United States 2008တွင် ဖော်ပြထားသည်မှာ 2001မှ 2005 ခုနှစ်အတွင်း Asbestosကြောင့် အသက် 65 နှစ် မတိုင်မီ သေဆုံးသူ စုစုပေါင်း 7267 ရှိသည်ဟု ဖြစ်ပါသည်။

‘‘ဒါဖြင့် ဆရာရယ် ကျွန်တော်တို့ ကျွန်မတို့ ဒီ Asbestos ကြောင့် အဆုတ်ရောဂါ ရနေပြီလား’’ကို ဘာ လက္ခဏာတွေက ပြမလဲဟု မေးလာနိုင်စရာ ရှိပါသည်။
ထို့အတွက်လည်း အဖြေ ရှိပါသည်။ အဆုတ် ေ၀ဒနာဖြစ်သည့်အတွက် ၄င်း၏ လက္ခဏာများဖြစ်သော သလိပ်ရှိ၊ သလိပ်မဲ့ (ချောင်းစို၊ ချောင်းခြောက်) ဆိုးခြင်း၊ မောပန်းခြင်း၊ ရင်ကျပ်ခြင်း၊ ရင်ဘတ် အောင့်ခြင်း အစရှိသည်တို့ဖြင့် အစ ပျိုးနိုင်ပြီး နှလုံး ဖောက်လာခြင်း ပိန်ချုံး နုံးချိ စားမ၀င် အိပ်မပျော်
ဖြစ်လာခြင်းတို့လည်း ဖြစ်လာနိုင်ပါသည်။

‘‘ဒီလို ရောဂါမျိုး မဖြစ်ချင်ပါဘူး ဆရာရယ်’’ဟု ပြောလာသူ တစ်ဦး ရှိခဲ့ဖူးသဖြင့် မည်သူမျှ မည်သည့် ရောဂါကို မဖြစ်လိုကြပါ။ ကံ စိတ် ဥတု အာဟာရ အကြောင်းစုံ၍သာ မလွှဲမရှောင်သာ ဖြစ်ကြရမြဲ ဖြစ်သည်။ ဖြစ်စေဟု ကြံရွယ်၍ ယုတ်မာ ရက်စက်လျှင်တောင်မှ လွဲနိုင်သကဲ့သို့ မတွေ့အောင် ရှောင်သော်ငြား ထိပ်တိုက်ဖြစ်တတ်သည့် လူ့လောက ဓမ္မတာကိုတော့ ပြောင်းပြန်လှန်ရန် မတတ်နိုင်ပါ။ သို့သော် တတ်နိုင်သည့်ကိစ္စ ရှိပါသည်။

ရှောင်မရ၍ ထိပ်တိုက်တွေ့ခဲ့ရလျှင် မိိမိကိုယ်ကို ကာကွယ်ပါ။ သင့်လျော်သော နှာခေါင်း၊ ပါးစပ်ဖုံး တပ်ပါ။ ဆေးလိပ် သောက်ခြင်းကို ရှောင်ကြည်ပါ။ ရောဂါဖြစ်လျှင်
ဖြစ်ခြင်း ကျွမ်းကျင်သော ဆရာ၀န်နှင့် ပြသ၍ ကုသမှု ခံယူပါ။ ကိုယ်ခံအား ကောင်းစေရန် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှု ဘ၀ (Lift Style) ပုံစံကို ပြုပြင်ပါ။ အာဟာရ မျှတအောင် စားပါ။ အိပ်ရေး ၀အောင် အိပ်ပါ။ ပူပင် သောကကို တတ်နိုင်သလောက် လျော့ပါ။ လောဘ ဒေါသ မောဟ နည်းနိုင်သမျှ နည်းအောင် ကျင့့်ကြံ ကြိုးစား အားထုတ်ကြပါဟု တိုက်တွန်းရင်း နိဂုံးချူပ်လိုက်ရပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *