News

– မြန်မာ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန် ပင်မစီမံကိန်း ဖော်ဆောင်မည် –

Myanmar-Travel

နော်ဝေး အစိုးရက ငွေကြေး ထောက်ပံ့ပြီး အာရှစိမ်းလန်းဖံွ့ဖြိုးရေး ဘဏ်၏ နည်းပညာ အကူအညီဖြင့် အကောင်အထည်ဖော်မည့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ မြန်မာ့ခရီးသွားလုပ်ငန်း ပင်မ စီမံကိန်းကို ယခုနှစ် မတ်လကုန်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းကို ယခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့က အပြီးသတ် အကြမ်းထည် ရေးဆွဲခဲ့ပြီး ဤပင်မ စီမံကိန်းတွင် e-Visa ကိစ္စ၊ ခရီးသွားဒေသများ ပိုမို တိုးချဲ့သတ်မှတ်ရန် ကိစ္စ၊ ဟိုတယ်ဇုန် အသစ်များ ဖော်ထုတ်ရန် ကိစ္စ၊ ဟိုတယ်ခရီးနှင့် သက်ဆိုင်သော ဥပဒေ လုပ်ထုံးလုပ်နည်းများ စသည်တို့ ပါဝင်ကြောင်း၊ Master Plan အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ပေါလ်ရော်ဂျာက ပြောကြားသည်။

ထို့အပြင် နိုင်ငံခြား ခရီးသွားများ၏ လုံခြုံရေးကို ကြပ်မတ်သည့် ရဲတပ်ဖွဲ့ များကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ဆောင်မည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ ပင်မစီမံကိန်း စပြီး အကောင်အထည် ဖော်သည်နှင့် ခရီးသွားလုပ်ငန်း မည်သည့် အခြေအနေ ရောက်နေပြီး မည်သည့် လိုအပ်ချက်များ ရှိနေသနည်း။ ဈေးကွက် မြှင့်တင်ရေး စီမံခန့်ခွဲရေးများအပြင် ဝန်ကြီးဌာန၏ မူဝါဒအပိုင်းများကိုပါ စနစ်ကျအောင် လုပ်ဆောင်နိုင်ကြောင်း သိရပါသည်။

Master Planမှ မစ္စတာ ပေါလ်ရော်ဂျာက ၂၀၁၅ခုနှစ်တွင် အာဆီယံ ဈေးကွက် မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်ပေါက်များ ဖွင့်လှစ် ပေးခြင်း၊ နိုင်ငံတကာ အဆင့်မီ လေယာဉ်ကွင်းများ တည်ဆောက်ခြင်းနှင့် ဥရောပ သမဂ္ဂမှ စီးပွားရေး ပိတ်ဆို့မှုများကို ပိုမို ဖွင့်လှစ်ပေးလာပါက မြန်မာနိုင်ငံ အနေဖြင့် ရေပန်း အစားဆုံး ခရီးသွားနယ်မြေ ဖြစ်လာနိုင်သည်ဟု ဆိုပါသည်။

မီးခိုး မထွက်သော စက်ရုံများဟုဆိုသည့် ခရီးသွားလုပ်ငန်းသည် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ သဲ့ယူသလို ရှာပေးနိုင်သော လုပ်ငန်းတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝ သယံဇာတကြွယ်ဝ သကဲ့သို့ သဘာဝ ပတ်ဝန်းကျင် တောတောင်ရေမြေ အလှအပတို့လည်း ဝေဝေဆာဆာ ပေါများ လှသည်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဘုရားပုထိုးများ၊ အဆောက်အဦးများမှာလည်း လက်ညှိုးထိုး မလွဲရှိသည်။ ယင်းတို့အား နိုင်ငံခြား ခရီးသွားတို့က လွယ်လင့်တကူ ခံစားပျော်မွေ့နိုင်ရန် ဖန်တီးပေးနိုင်ရမည်။ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သော ဒေသများ ပိုမို တိုးချဲ့ပေးပြီး လမ်းပန်း ဆက်သွယ်ရေး လွယ်ကူ ချောမွေ့စေရန်နှင့် တည်းခိုနေထိုင် စားသောက်ရေး အဆင်ပြေစေရန် ဟိုတယ်များ တည်ခိုခန်းများကို အဆင့်မြှင့် စီစဉ် ဆောင်ရွက်ပေးထားရမည်။ သို့မှသာ မိမိနိုင်ငံကို ဝင်လာသည်မှ ပြန်ထွက်သွား သည်အထိ ယဉ်ကျေးမှုနှင့် မကိုက်ညီသော ကိစ္စများမှလွဲ၍ အားလုံး အဆင်ပြေ ချောမွေ့နေပါက နိုင်ငံခြား ခရီးသွားတို့၏ စိတ်တွင် ကိုယ့်နိုင်ငံကို ထပ်တလဲလဲ လာချင်စိတ်များ ဖြစ်ပေါ်နေမည်မှာ မလွဲမသွေ ဖြစ်ပါတော့သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *