Opinion, Policy & Law

HIV, AIDSနှင့် မူးယစ်ဆေးဝါးပြဿနာ

narcotic

HIV (Human Immuneodeficiency Virus)သည်
Retrovirus အမျိုးအစား ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပြီး လူတို့၏ ကိုယ်ခံအား စံနစ်ရှိ Helper T Cellများကို ကူးစက်ခြင်းဖြင့် AIDS ရောဂါကို ဖြစ်ပွားစေသည်။
AIDS (Acquired Immune Deficiency Syndrome)သည် HIV ပိုး ကူးစက်ခံရပြီး ကိုယ်ခံအား ကျဆင်းမှုကြောင့် ဖြစ်ပွားလာသော ရောဂါဖြစ်သည်။

HIV ပိုး ကူးစက်ခံရသူအများစုမှာ မူးယစ်ဆေး အကြောအတွင်း ထိုးသွင်းခြင်းကြောင့် လည်းကောင်း၊ ပြည့်တန်ဆာများနှင့် ကာမ စပ်ယှက်ရာမှလည်းကောင်း၊ ကူးစက်ခံကြရသည်။ HIV ဗိုင်းရပ်ပိုး ကူးစက် ပျံ့နှံ့မှုကြောင့် AIDS ရောဂါများ ဖြစ်ပွားကာ ရခဲလှသော လူ့ဘ၀တွင် သက်တမ်း မစေ့မီ သေမင်းက နှိုးဆော်မှု ခံကြရသည်။ တကယ်တော့ လွဲမှားသော သာယာမှု၊ ယစ်မူးမှုများ၏ နောက်ဆက်တွဲ ဆိုးဝါးသော အကျိုးဆက်များကို ခံစားကြရခြင်း ဖြစ်သည်။ ထိုသို့သော ဆိုးဝါးသည့် အကျိုးဆက်များ ရရှိမည်ကို သေချာ သိရှိပါက မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာကဲ့သို့သော ယစ်မူးသာယာမှုမျိုးကို ရှာဖွေ သုံးစွဲကြလိမ့်မည် မဟုတ်ပေ။ ဖြစ်ချင်မှ ဖြစ်မှာပါဟူသော အတွေးမျိုးကြောင့် ပျော်ကြ၊ ပါးကြ၊ သုံးစွဲကြပြီး တကယ်ဖြစ်လာသောအခါ တောင်မင်း၊ မြောက်မင်း မကယ်နိုင်ကြတော့ပြီ မဟုတ်ပါလား။
သို့ဖြစ်၍ နှစ်စဉ် ဒီဇင်ဘာလ (၁)ရက်နေ့ကို ကမ္ဘာ့ AIDS နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကမ်ဘ ာမြေအနှံ့ AIDSနှင့် စပ်လျဉ်းသော ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကျင်းပလေ့ ရှိနေကြခြင်း ဖြစ်သည်။
ယင်းသို့ ဆွေးနွေးပွဲ၊ ဟောပြောပွဲများ၊ အသိပညာပေးခြင်းဖြင့် ေ၀းေ၀းရှောင်၊ မလောင်ခင် တားနိုင်ကြရန် ရည်ရွယ်ကြပေသည်။

AIDS ရောဂါေ၀ဒနာရှင်များအား လူ့ဘောင်အဖွဲ့အစည်း၊ လူ့ပတ်၀န်းကျင်မှ ခွဲခြား ဆက်ဆံမှု ပပျောက်ရေးအတွက် စည်းရုံးလှုံဆော် ကြရသည်။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အား UN AIDS၏ သံတမန်အဖြစ် ၂၀၁၂ခုနှစ် နို၀င်ဘာလ ၂၀ရက်နေ့က ခန့်အပ်ခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် Zero Discrimination ခွဲခြားဆက်ဆံမှု ပပျောက်အောင် HIV ရောဂါပိုး ရှိသူများကို သာမန်လူတိုင်းနှင့် တန်းတူညီတူ ထားရှိပြီး ဆက်ဆံမှု ရှိအောင်၊ ဆောင်ရွက်သွားခြင်းဖြင့် လူ့ဘောင်အကျိုး သယ်ပိုးနိုင်မည် ဖြစ်ပေသည်။
တစ်နည်းအားဖြင့် HIV ပိုး ကူးစက်စေနိုင်သည့် မူးယစ်ဆေးဝါးသုံးစွဲခြင်းများကို ပပျောက်အောင် ပြုလုပ်ခြင်းဖြင့် AIDS ရောဂါသည် ဦးရေ များစွာ လျော့ကျသွားစေနိုင်မည်မှာ မြင်သာပေသည်။
ဘိန်းကို လွန်ခဲ့သော ဘီစီ ၅၀၀၀ ခန့်ကပင် မက်ဆိုပိုတေးမီးယား တောင်ပိုင်း (ယခု အီရတ်) ရှိ ဆူမားရီးယန်း လူမျိုးများက စတင် သိရှိခဲ့သည်။ ထိုမှတဆင့် အီဂျစ်၊ ဂရိနိုင်ငံများမှတဆင့် အိန္ဒိယ၊ တရုတ်ပြည်များသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၁၄၃ခုနှစ် (ခရစ်သက္ကရာဇ် ၁၇၈၂ခုနှစ်) တွင် အမရပူရ ပထမ နန်းတည် ဘိုးတော်မင်းတရား၊ (ဗဒုံမင်း) လက်ထပ်၊ နန်းစံ ၃၅နှစ်၊ ပြာသိုလပြည့်ကျော် (၁၄)ရက်တွင် “ဘိန်းစား၊ ဘိန်းသောက်၊ ဘိန်းရှု အမှုသည် မြန်မာတိုင်းပြည်တွင် ဓလေ့မရှိ ဖြစ်သည်။ ဘမ်းဆီးရမည်မှာ လူမျိုးခြား ကုလား၊ တရုတ်တို့ကိုသာ မဖမ်း မဆီးစေနှင့် မြန်မာဘိန်းစား၊ ဘိန်းသောက်၊ ဘိန်းရှုတို့ကို မြို့၀န်က ဖမ်းဆီး၍ အကျဉ်း လုံအောင်ထားစေ၊ ဘိန်းရောင်းသူများလည်း မရှိစေနှင့်၊ ဘိန်းရှိသမျှကို သိမ်း၍ ရွေှတိုက်တော်သို့ သွင်းစေ – ဟု အမိန့်ထုတ်ပြန်ခဲ့ဖူးသည်။

ပုဂံမင်းလက်ထပ် ၁၂၁၃ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၁၄ရက်နေ့တွင် ဘိန်း၊ ဘင်း၊ ကစော်များကို စစ်သည်များပါ မသောက်မစားကြစေရန် အမိ်န့်တော်ဖြင့် တားမြစ်ခဲ့သည်။
ကုန်းဘောင်ခေတ် နောက်ဆုံးမင်းများ ဖြစ်ကြသော မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင် ဘိန်း၊ ဘင်း၊ ကစော်လှော်စာအရက်များကို ပြည်သူပြည်သားများသာမက မြို့ရွာအုပ်ချူပ်သူ အရာရှိများပါ သောက်စားခြင်းမှ ရှောင်ကြည်ကြစေရန် အမိန့်ထုတ်ဆင့်ခဲ့သည်။

၂၉.၃.၁၈၇၉ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ၌ ၁၈၇၈ ခုနှစ် ဘိန်းအက်ဥပဒေ အတည်ဖြစ်ခဲ့ပြီး အထက်မြန်မာနိုင်ငံ၌ ၁၈၈၈ ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့၌ အတည်ဖြစ်ခဲ့သည်။
၁၉၃၀ ပြည့်နှစ်တွင် ဘေးဖြစ်စေတတ်သော ဆေးဝါးများ ဥပဒေကို အင်္ဂလိပ်အစိုးရမှ ပြဌာန်း၍ ဘိန်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများကို ဖြေရှင်းခဲ့သည်။
၁၉၅၀ ပြည့်နှစ်တွင် ဘိန်းခန်းနှိပ်ကွပ်ရေး အက်ဥပဒေဖြင့် ဘိန်းရှုသူများ စုေ၀း၍ ဘိန်းရှုခြင်းကိုလည်းကောင်း၊ ဘိန်းပြောင်းကို ဖြစ်စေ၊ ဘိန်းရှုရန်ဖြစ်စေ၊ ဘိန်းနှင့် ပြုပြင်ရန်ဖြစ်စေ၊ ကိရိယာတန်ဆာပလာများ အသုံးပြုခြင်းကို နှိမ်နင်းရန် ပြဌာန်းခဲ့သည်။

ပါလီမန်ခေတ် ၁၉၅၅ ခုနှစ်၌ ဘိန်းရှုစားသုံးသူများ မှတ်ပုံမတင်မနေရ အက်ဥပဒေကို ပြဌာန်း၍ ဘိန်းရှုစားသုံးသူများအား မိမိတု့ိ အမည်စာရင်းကို မှတ်ပုံတင်စေပြီး၊ အစိုးရ ဘိန်းဖြတ် ဆေးကုခန်းတွင် ဘိန်း ပြတ်ကင်းသည်ထိ ဆေးကုခံစေခဲ့သည်။

၂၀.၂.၁၉၇၄ နေ့တွင် ၁၉၇၄ ခုနှစ် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများ ဥပဒေကို ပြဌာန်းခဲ့သည်။ ၁၉.၁၂.၁၉၈၈ ခုနှစ်တွင် အဖွဲ့၀င် နိုင်ငံပေါင်း ၁၀၆ နိုင်ငံ ပါ၀င်သော ကုလသမဂ္ဂ အထူးညီလာခံမှ ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ တရားမ၀င် သယ်ဆောင် ရောင်း၀ယ်ခြင်းကို ဆန့်ကျင် တိုက်ဖျက်ရေး ကမ္ဘာ့ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို အတည်ပြု ပြဌာန်းခဲ့သည်။ ယင်းကွန်းဗင်းရှင်းနှင့်အညီ ၂၇.၁.၁၉၉၃ နေ့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို အတည်ပြု ပြဌာန်းခဲ့သည်။

ယင်းဥပဒေပုဒ်မ ၂ (က)တွင် မူးယစ်ဆေးဝါးဆိုသည်မှာ (၁) ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေး၀န်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မူးယစ်ဆေးဝါး ဖြစ်သည်ဟု ကြေညာထားသည့် အပင်တစ်မျိုးမျိုး၊ ယင်းအပင်တစ်မျိုးမျိုးမှ ထွက်ရှိသော (သို့မဟုတ်) ထုတ်လုပ်သော အရာ၀တ္ထုများ၊ ဆေးဝါးများ။ (၂) ကျန်းမာရေး၀န်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မူးယစ်ဆေးဝါးဖြစ်သည်ဟု ကြေညာထားသည့် ဆေးဝါးများ၊ ယင်းဆေးဝါး တစ်မျိုးမျိုး ပါ၀င်သော အရာ၀တ္ထုများဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ယင်းဥပဒေပုဒ်မ ၂ (ခ) တွင် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဆိုသည်မှာ ကျန်းမာရေး၀န်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးဖြစ်သည်ဟု ကြေညာထားသည့် ဆေးဝါးများကို ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ယင်းဥပဒေပုဒ်မ ၂ (င) တွင် ဆေးဝါးသုံးစွဲသူ ဆိုသည်မှာ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးကို ဥပဒေနှင့်အညီ ခွင့်ပြုချက် မရှိဘဲ သုံးစွဲသူကို ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
ယင်းဥပဒေအခန်း (၅) တွင် ဆေးဝါးသုံးစွဲသူကို မှတ်ပုံတင်ခြင်း၊ ဆေးကုသပေးခြင်းနှင့် မှတ်ပုံတင် ပယ်ဖျက်ခြင်းကို ပြဌာန်းထားရာ ပုဒ်မ ၉ (က) ၌ ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေး၀န်ကြီးဌာနက သတ်မှတ်သည့် ဌာန (သို့မဟုတ်) ဤကိစ္စအလို့ငှာ အစိုးရက အသိအမှတ်ပြုထားသည့် ဆေးကု ဂေဟာတွင် ဆေးကုသမှု ခံယူရန် မှတ်ပုံတင်ရမည်ဟုလည်းကောင်း၊ ပုဒ်မ ၉ (ခ) ၌ မှတ်ပုံတင်ထားသော ဆေးဝါးသုံးစွဲသူအား ဆေးကုသပေးရေးနှင့် စပ်လျဉ်း၍ ကျန်းမာရေး၀န်ကြီးဌာနသည် လိုအပ်သော အစီအစဉ်များ ချမှတ် ဆောင်ရွက်ရမည်ဟုလည်းကောင်း၊ ပုဒ်မ ၉ (ဂ) ၌ မှတ်ပုံတင်၍ ဆေးကုသမှု ခံယူသော ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရမည်ဟု လည်းကောင်း ပြဌာန်းထားပေသည်။

ယင်း ဥပဒေ အခန်း (၆)တွင် ပြန်လည် ထူထောင်ခြင်းနှင့် စပ်လျဉ်း၍ ပြဌာန်းထားရာ ပုဒ်မ ၁၁၌ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနသည် ဆေးဝါး သုံးစွဲသူများအား ပြန်လည်ထူထောင်ရေး ဆက်လက် စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ အောက်ပါကိစ္စများကို ဆောင်ရွက်ရမည်။
(က) ဆေးကုသမှု ခံယူနေသူများနှင့် ၄င်းတို့အား မှီခိုနေသော မိသားစုများအား လိုအပ်သလို ကူညီစောင့်ရှောက်ခြင်း။

(ခ) ဆေးကုသမှု ခံယူပြီးသူများအား ပုံမှန်ဘ၀သို့ ပြန်လည် ရောက်ရှိရေးအတွက် ပြန်လည် ထူထောင်ပေးခြင်း၊ လိုအပ်သော အသက်မွေး၀မ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ ပြန်လည် နေရာချထားပေးခြင်းနှင့် ဆက်လက် စောင့်ရှောက်ခြင်း။

(ဂ) ဆေးဝါးသုံးစွဲသူများအား ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ စနစ်တကျနှင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား ကျွမ်းကျင်မှု သင်တန်းများပေးခြင်းဟုလည်းကောင်း ပြဌာန်းထားသည်။

ယင်းဥပဒေပုဒ်မ ၁၂တွင် ပြည်ထဲရေး ၀န်ကြီးဌာနသည် ပုဒ်မ ၁၅အရ ပြစ်ဒဏ် ကျခံနေရသူများအား လိုအပ်သော အသက်မွေး၀မ်းကြောင်း ပညာရပ်များ သင်ကြားပေးခြင်းကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြဌာန်းထားသည်။

ယင်းဥပဒေပုဒ်မ ၁၅တွင် ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေး၀န်ကြီးဌာနက သတ်မှတ်သည့်ဌာန သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက အသိအမှတ်ပြုထားသည့် ဆေးကုဂေဟာတွင် မှတ်ပုံတင်ရန် ပျက်ကွက်လျှင်ဖြစ်စေ ဆေးကုသရေးအတွက် ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ထောင်ဒဏ် အနည်းဆုံး (၃)နှစ်မှ အများဆုံး (၅)နှစ်ထိ ချမှတ်ခြင်း ခံရမည်ဟု ပြဌာန်းထားသည်။

မူးယစ်ဆေးဝါး သုံးစွဲသူများသည် ဆေးဝါး သုံးစွဲမှုအတွက် တရားစွဲဆို ခံရပြီး ပြစ်ဒဏ် ချမှတ်ခံရပါက အနည်းဆုံး ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရမည်ဖြစ်ရာ ပြစ်ဒဏ် ကြီးလေးလှပေသည်။ ယင်းပြစ်ဒဏ်မှ ရှောင်လွှဲနိုင်ရန် ဆေးဝါး သုံးစွဲသူများသည် မိမိတု့ိနှင့် နီးစပ်ရာ ဆေးဝါးသုံးစွဲသူ မှတ်ပုံတင်ဌာနတွင် အမြန်ဆုံး မှတ်ပုံတင် ကြရပေမည်။ ဆေးဝါးသုံးစွဲသူသည် အသက် ၁၈နှစ်ပြည့်ပါက မိမိကိုယ်တိုင်ဖြစ်စေ၊ အသက် ၁၈နှစ် မပြည့်သေးပါက မိဘ (သို့မဟုတ်) အုပ်ထိန်းသူနှင့်အတူ လာရောက်၍ဖြစ်စေ မှတ်ပုံတင်ကြရပေမည်။

မှတ်ပုံတင်ပြီးသော ဆေးဝါးသုံးစွဲသူသည် ဆေးဝါးသုံးစွဲသူ ကုသရေးဌာနတွင် ဆေးကုသမှု ခံယူရမည်။ ကျန်းမာရေး၀န်ကြီးဌာနက ဆေးဝါး သုံးစွဲသူများအား ဆေးကုသရန် ခွင့်ပြုချက် ပေးထားသည့် ဆေးကုဂေဟာတွင် ဆေးကုသမှု ခံယူလိုပါက ဆေးဝါးသုံးစွဲသူ မှတ်ပုံတင်ဌာန တာ၀န်ခံ ဆရာ၀န်၏ ထောက်ခံချက်ကို ကြိုတင် ရယူရမည်ဖြစ်သည်။
ဆေးဝါးသုံးစွဲသူ ကုသရေးဌာနများတွင် ဆေးကုသမှု ခံယူလျက်ရှိသော အတွင်းလူနာနှင့် ပြင်ပလူနာများအား ဆေးကုသ ပေးပြီးနောက် ဆေးဝါးသုံးစွဲမှု ပြန်လည် မဖြစ်ပေါ်စေရန် ကျန်းမာရေး၀န်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့်အတိုင်း မှန်မှန် ပြန်လည်၍ စစ်ဆေးမှု ခံယူရန် ညွှန်ကြားရမည်။

ဆေးကုသမှု ရပ်ဆိုင်းပြီးနောက် ညွှန်ကြားချက်နှင့်အညီ ပြန်လည် စစ်ဆေးသည့်အခါ ဆေးဝါး သုံးစွဲထားကြောင်း မတွေ့ရှိပါက ကြီးကြပ်ကွပ်ကဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ထိုသူအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီး ဆေးဝါးသုံးစွဲမှုရောဂါ ပျောက်ကင်းကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေးရမည် ဖြစ်သည်။
ဆေးဝါးသုံးစွဲသူ ကုသရေး ဌာနများတွင် ဆေးကုသခြင်းမှအပ အခြားဆေးရုံ၊ ဆေးခန်း၊ ဆေးကုဂေဟာ သို့မဟုတ် နေရာတစ်ခုခုတွင် ဆေးကုသမှု ခံယူသော ဆေးဝါးသုံးစွဲသူသည် ယင်းဥပဒေပုဒ်မ ၁၅ အရ အရေးယူခြင်း ခံရမည်ဖြစ်သည်။

ထို့ပြင် မည်သူမဆို ဆေးဝါးသုံးစွဲသူဖြစ်ကြောင်း သိလျက်နှင့် ခွင့်ပြုချက် မရှိဘဲ ဆေးဝါးဖြင့် ဆေးကုသပေးလျှင် သို့မဟုတ် ဆေးဝါး သုံးစွဲစေလျှင် ထိုသူသည် အားပေးကူညီမှုဖြင့် အရေးယူခြင်း ခံရမည်ဖြစ်သည်။
လူသားမျိုးနွယ်တစ်ခုလုံး အညွန့်တုံးစေနိုင်သော မူးယစ်ဆေးဝါးသုံးစွဲခြင်းကို အထူး ရှောင်ကြဉ်ရပေမည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲမိခဲ့လျှင် ဆေးဝါးသုံးစွဲသူ ကုသရေးဌာနများတွင် အမြန်ဆုံး မှတ်ပုံတင်၍ ဆေးဝါး ကုသနိုင်ကြစေရန် ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များကို သိမှတ်ဖွယ်ရာ ရေးသား တင်ပြလိုက်ရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *