Mike Cassidyဟာ Project Loonကို ဦးဆောင်သူတစ်ယောက်အနေနဲ့ Google X စီမံကိန်းမှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာမြေပေါ်မှ လူသားတိုင်းကို တန်ဖိုးနည်းအင်တာနက်ရရှိဖို့ WiFi ထုတ်လွှင့်ပေးနိုင်တဲ့ မိုးပျံပူဖေါင်းများကို တီထွင်ဖို့ဖြစ်ပါတယ်။ Popular Scienceနဲ့ Mike Cassidyတို့ရဲ့ အင်တာနက်ဘောလုံးများအကြောင်း အမေးအဖြေကို တင်ဆက်လိုက်ပါတယ်။
Popular Science: Project Loon စီမံကိန်းကို ဖြစ်စေခဲ့တာဘယ်လိုကြောင့်လဲ။
Mike Cassidy: လူသားတွေဟာ စဉ်ဆက်မပြတ်ဆက်သွယ်မှုကို တောင့်တနေတာကြာပြီဖြစ်ပါတယ်။ သူတို့အားလုံးကလည်း အင်တာနက်ထုတ်လွှင့်ပေးနိုင်တဲ့ ဘောလုံးအကြောင်းကို သိပေမယ့် တစ်နေရာထဲမှာပဲ ဘောလုံးတွေက အင်တာနက်ထုတ်လွှင့်ပေးနိုင်တယ်လို့ ထင်နေကြပါတယ်။ ကျွန်တော်တို့က ဘောလုံးတွေကို လေနဲ့ ရွှေ့လျားအောင်ပြုလုပ်ပြီး ကမ္ဘာအ၀န်းမှာ အင်တာနက်ထုတ်လွှင့်ပေးနိုင်လို့ ပြောလိုက်ပါတယ်။ ဘောလုံးတစ်လုံး တစ်နေရာကို ရွှေ့သွားတာနဲ့ နောက်ဘောလုံးတစ်လုံးက အစားထိုး၀င်ရောက်လာမှာပါ။
PS: ခင်ဗျားတို့စီမံကိန်းအတွက် အလုပ်ဖြစ်မယ့် ဘောလုံးတွေကို ဘယ်လို တီထွင်လဲဗျ။
MC: ပထမတော့ မိုးလေ၀သတိုင်းတာတဲ့ ဘောလုံးမှာ Routerတပ်လိုက်တယ်ဗျာ။ ပြီးတော့ ပေငါးဆယ်အတွင်းမှာသာ အင်တာနက်ထုတ်လွှင့်နိုင်တဲ့ Routerတွေကို ၁၂ မိုင်အထိ အင်တာနက် ထုတ်လွှင့်နိုင်အောင် အဆင့်မြှင့်တီထွင်လိုက်ပါတယ်။ ဒါပေမယ့် ရာသီဥတု တိုင်းတာတဲ့ ဘောလုံးတွေက လေထုအလွှာကို ကျော်သွားတာနဲ့ ပေါက်သွားအောင် ဒီဇိုင်းလုပ်ထားတာပါ။ ကျွန်တော်တို့ရဲ့ ဘောလုံးတွေကို ရက်တစ်ရာခံအောင် လုပ်ချင်တာ။ ဒီလိုလုပ်ဖို့အတွက် ဖိအားကို လွန်စွာခံနိုင်တဲ့ ဘောလုံးတွေကို တီထွင်ရတာပေါ့ဗျာ။ ကျွန်တော်တို့ဘောလုံးတွေကို ပေါင်တစ်သိန်းအားကို ခံနိုင်တဲ့ ဒြပ်ထုတွေနဲ့ ပြုလုပ်ထားပါတယ်။
PS: ဘယ်လိုနည်းပညာတွေကို အသုံးပြုလဲဗျ။
MC: ကျွန်တော်တို့ဟာ တည်ငြိမ်ပြီး အလုပ်ဖြစ်တဲ့ ပင်လယ်ရေမျက်နှာပြင်အထက်မှာ ထိန်းချုပ်တဲ့ နည်းစနစ်ကို အရင်ဆုံးရလိုက်တယ်လို့ ယုံကြည်ပါတယ်။ ဘောလုံးတွေမှာ စွမ်းအင်အတွက် နေရောင်ခြည်စွမ်းအင်ကို စုပ်ယူအသုံးပြုနိုင်တဲ့ Solar Panelတွေ၊ တည်နေရာကို သိနိုင်တဲ့ GPSတွေ၊ ဆက်သွယ်မှုအတွက် Antennasတွေ၊ ရွှေ့လျားစေချင်တဲ့နေရာကို အမိန့်ပေးခိုင်းစေနိုင်ဖို့အတွက် ကွန်ပြူတာတွေတပ်ဆင်ထားပါတယ်။ မြေပြင်ထိန်းချုပ်ရေးစခန်းတွေက ဘောလုံးတွေကို ၂၄ နာရီ စောင့်ကြည့်နေပါတယ်။
PS: ဘောလုံးတွေက တော်တော်ဝေးကွာတဲ့ နေရာအထိသွားနိုင်တာပဲ။ ကမ္ဘာကိုတစ်ပတ်ပတ်ဖို့ ၂၂ ရက်ပဲကြာတယ်ဆို။
MC: ဘောလုံးတွေဟာ ကမ္ဘာကို နှစ်ပတ်ပတ်ပြီးပါပြီ။ ကမ္ဘာအ၀န်းမှာ အင်တာနက်ထုတ်လွှင့်ပေးဖို့ အဓိကရည်ရွယ်ချက်ပေါ့ဗျာ။
PS: Bill Gatesက ကမ္ဘာမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်နေပြီး ဒီဘောလုံးတွေက အသုံးမ၀င်ဘူးလို့ ပြောထားပါတယ်။ အဲဒီအပေါ်မှာရော။
MC: နိုင်ငံတစ်နိုင်ငံရဲ့ အင်တာနက် အသုံးပြုမှုကို ဆယ်ရာခိုင်နှုန်းတိုးမြှင့်ပေးနိုင်ရင် အဲဒီနိုင်ငံရဲ့ ထုတ်ကုန်တိုးတက်မှုဟာ ၁.၄ ရာခိုင်နှုန်းမြင့်မားလာပါတယ်။ GDPတိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းရှိတဲ့ နိုင်ငံမှာ အင်တာနက်အသုံးပြုမှုကို ၂၀ ရာခိုင်နှုန်းမြှင့်တင်ပေးနိုင်ရင် GDPက နှစ်ဆတက်လာမှာပါ။ ဒီလိုတိုးတက်လာရင် လူနေမှုအဆင့်အတန်း၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေဟာလည်း တိုးတက်လာမှာပါ။