ယခုနှစ် စက်တင်ဘာ လကုန်ပိုင်းလောက်မှ ထွက်ရှိလာခဲ့တဲ့ iPhone 5ကို မြန်မာပြည်မှာလည်း တခဲနက် အားပေးခဲ့ကြသည့်အတွက်ကြောင့် နိုင်ငံတကာမှ iPhone အရောင်းဆိုင်များမှာလိုပဲ ရန်ကုန်မြို့ရဲ့ iPhone တင်သွင်းရောင်းချသည့် ကွန်ပျူတာဆိုင်များမှာလည်း ပစ္စည်းပျက်သည်အထိ ရောင်းအား ကောင်းခဲ့ပါသည်။ ယခု လက်ရှိမှာလည်း အပြိုင်အဆိုင် ရောင်းချသည့်ဆိုင်များ ပိုမို များပြားလာခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းလာခဲ့ပြီး iPhone ၀ယ်လိုအား ကျဆင်းသွားမှု မရှိသေးကြောင်း သိရသည်။ Apple ချစ်သူများကလည်း iPhoneက ဘာဖြစ်ဖြစ် ၀ယ်မှာပဲဆိုတဲ့ ဘရန်းဒ်ကိုးကွယ်မှုကို ယုံကြည်သူများဖြစ်သည့် အားလျော်စွာ iPhone 5ရဲ့ အဆင်မပြေမှု များစွာကို မေ့ဖျောက်ပြီး ဆက်လက် ၀ယ်ယူနေကြခြင်း ဖြစ်နိုင်သည်ဟု ဆိပ်ကမ်းသာလမ်းမှ အရောင်း၀န်ထမ်းတစ်ဦးက ပြောသည်။
“iPhone 5မှာ Mac ကွန်ပျူတာကလို မြန်မာစာ ယခုထက်ထိ မပါလာသေးဘူး။ အရင် iPhone 4Sတုန်းကလည်း မပါပေမည့် အသုံးပြုရ အဆင်ပြေတယ်။ JailBreak လုပ်လို့ ရတယ်။ မလုပ်ထားရင်လည်း မြန်မာစာ ဖတ်လို့ မရသည်က လွဲလို့ iPhone အလုပ် မလုပ်တော့ပဲ ရပ် (hang)သွားတာ မရှိဘူး။ အခု iPhone 5မှာက မြန်မာစာတွေပါတဲ့ email တစ်စောင် ၀င်လာရင် Mail Appကို ဖွင့်မရတော့ဘူး။ Facebook Appလည်း ထိုနည်းလည်းကောင်းပဲ။ တချို့ဆိုရင် Phone Bookတောင် ကြည့်မရတော့ဘူးလို့ သိရတယ်။”ဟု Apple Cornerမှ တာ၀န်ရှိသူ တစ်ဦးက ဆိုသည်။
အင်တာနက်ပေါ်မှာလည်း iPhone 5နှင့် အလွန်ဆင်သည့်၊ iPhone 5Sဟု ခေါ်ေဝါ်နေကြသည့် ဓာတ်ပုံများ ပျံ့နှံ့လျက် ရှိသည်။ Appleရဲ့ Steve Jobs နောက်ပိုင်း ထုတ်ကုန်သစ် မိတ်ဆက်မှုမှာလည်း တစ်နှစ်ကို နှစ်ကြိမ်နှုန်းဖြင့် ပိုမို မြန်ဆန်လာသည့် အတွက်ကြောင့် ၂၀၁၃ ခုနှစ် အစောပိုင်းတွင် အနည်းငယ် မွန်းမံထားသည့် iPhone 5S ထွက်ရှိလာဖို့ ရှိနိုင်ကြောင်း လေ့လာသူများက ဆိုသည်။
ထို့ကြောင့် မြန်ပြည်မှ ဘရန်းဒ်ကိုးကွယ်သော iPhone ချစ်ပရိသတ်များနှင့်အတူ iProduct ထွက်ရင် ပျော်တက်ကြသော အရောင်းဆိုင်များမှလည်း မြန်မာစာ ထည့်ပေးထားမည့် iPhone အသစ်များ ထွက်လာဖို့အတွက် ဆုတောင်းလျက် ရှိကြသည်။ ရောင်းသူ အပြုံး၊ ၀ယ်သူ မမုန်းသည့် iPhone 5S ကို မြန်ပြည်မှာ မြန်မာစာနဲ့ သုံးနိုင်ရင် ပို အဆင်ပြေသွားမှာပဲဟု i Phone ချစ်သူများထံမှ ပြောဆိုသံများကို ဒီတစ်ပတ် အိုင်စီတီဂျာနယ်ရဲ့ i Phone ပရိသတ်ကြီးထံ တင်ပြလိုက်ရသည်။
iPhone 5S ဆိုရင် အဆင်ပြေသွားမလား
09
Dec