Featured, Gadgets, Review

၂.၅ လက်မမျက်နှာပြင်တပ်ဆင်ထားတဲ့ Appleရဲ့ iWatch စမတ်နာရီကို ဇူလိုင်လတွင် ထုတ်လုပ်မည်

၂.၅ လက်မမျက်နှာပြင်တပ်ဆင်ထားတဲ့ Appleရဲ့ iWatch စမတ်နာရီကို ဇူလိုင်လတွင် ထုတ်လုပ်မည်

Appleက iWatchစမတ်နာရီကို တရား၀င်ကြေညာခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ကြာသပတေးနေ့ကထွက်ပေါ်လာတဲ့ သတင်းအရ စမတ်နာရီကို မြင်တွေ့ရဖို့နီးစပ်လာပါပြီ။ စမတ်နာရီကို ထိုင်၀မ်ရှိ Quanta Computerက ဇူလိုင်လမှာ စတင်ထုတ်လုပ်တော့မယ်လို့ Reutersက သတင်းပေးထားပါတယ်။

အသေးစိတ်အချက်အလက်များကို မသိရသေးပေမယ့် Reutersက စမတ်နာရီမှာ ၂.၅ လက်မအရွယ် လေးထောင့်ပုံစံ ထိတွေ့မျက်နှာပြင် တပ်ဆင်ထားမှာဖြစ်ပြီး ကြိုးမဲ့အားသွင်းတဲ့ နည်းပညာပါရှိမှာဖြစ်ပါတယ်။ စမတ်နာရီမှာ နှလုံးခုန်နှုန်းကို တိုင်းတာပေးတဲ့ Sensorပါရှိပြီး အခြား Apple Deviceများနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

စမတ်နာရီကို အောက်တိုဘာလမှာ စတင်ရောင်းချပေးမှာဖြစ်ပြီး တစ်နှစ်အတွင်းမှာ စမတ်နာရီအလုံးရေ သန်းငါးဆယ် ရောင်းချနိုင်မယ်လို့ Appleက မျှော်လင့်ထားကြောင်း သိရပါတယ်။ LGက iWatchရဲ့ မျက်နှာပြင်ကို တီထွင်ပေးမှာဖြစ်ပြီး Macbooksနဲ့ iPodsများထုတ်လုပ်ပေးနေတဲ့ Quantaက စမတ်နာရီရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။

Appleက စမတ်နာရီ ထုတ်လုပ်လိုက်ပြီဆိုရင် ချပ်၀တ်တန်ဆာ ကွန်ပြူတာနည်းပညာနယ်ပယ်မှာ နောက်ကောက်ကျ ကျန်ခဲ့မှာကတော့ Microsoftဖြစ်ပါတယ်။ Hardware ထုတ်လုပ်သူများက စမတ်ဖုန်းနဲ့ တက်ဘလက်တွေအပြီးမှာ နောက်ထပ်ထွက်ပေါ်လာမယ့် Mobile Deviceများဟာ ချပ်၀တ်တန်ဆာ ကွန်ပြူတာများဖြစ်တယ်ဆိုတာ နားလည်ကြပါတယ်။

ချပ်၀တ်တန်ဆာ ကွန်ပြူတာဈေးကွက်ဟာ ၂၀၁၈ ခုနှစ်အရောက်မှာ ၅၀၀ ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ အခုလောလောဆယ်မှာတော့ စမတ်နာရီများကို အသုံးပြုမှု မတွင်ကျယ်သေးပါဘူး။ Pebble စမတ်နာရီ၊ Sonyရဲ့ စမတ်နာရီ နှစ်လုံးနဲ့ Samsungရဲ့ စမတ်နာရီလေးလုံးတို့ကို အသုံးပြုသူအရေအတွက်ဟာ အတော်ကို နည်းပါးနေသေးပါတယ်။

Appleဟာ စမတ်နာရီကို ထူးခြားဆန်းသစ်တဲ့ Hardware-Softwareပေါင်းစပ်မှုတွေပြုလုပ်နိုင်ပြီး iPhoneနဲ့ တွဲဖက်ပြီး အကောင်းဆုံး စွမ်းဆောင်ချက်တွေ ပေးစွမ်းနိုင်မယ်ဆိုရင်တော့ စမတ်နာရီလောကမှာ iWatchဟာ ဘုရင်တစ်ဆူဖြစ်လာမှာပါ။

iWatchရဲ့ အောင်မြင်မှုဟာ အလွန်သေးငယ်တဲ့ ၂.၅ လက်မမျက်နှာပြင်ပေါ်မှာ Appsတွေကို အသုံးပြုနိုင်အောင် ပြုလုပ်ပေးနိုင်မှုအပေါ် မူတည်နေပါတယ်။ နောက်ပြီး ဘက်ထရီသက်တမ်း ကြာရှည်အသုံးခံနိုင်မှုကလည်း စကားပြောပါလိမ့်မယ်။ နောက်ထပ်အရေးကြီးတာက နာရီရဲ့ စွမ်းဆောင်ချက်များဟာ စားသုံးသူတွေကို ဘယ်လောက် စွဲဆောင်နိုင်မလဲဆိုတာဖြစ်ပါတယ်။

နောက်တစ်ပတ်မှာ ပြုလုပ်မယ့် Google I/O Conferenceမှာ Googleက စမတ်နာရီများအတွက် အထူးပြုလုပ်ထားတဲ့ Android Wear OSမောင်းနှင်လည်ပတ်မယ့် LG G Watchကို ပြသမယ်လို့ မျှော်လင့်ရပါတယ်။ Android Wearဟာ Google Nowကိုယ်ရေးလက်ထောက်ကို အဓိကအသုံးပြုထားတာပါ။

Apple, Googleနဲ့ အခြားကုမ္ပဏီများရဲ့ စမတ်နာရီပြိုင်ပွဲဟာ စိတ်၀င်စားစရာဖြစ်လာပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *