Opinion, Policy & Law

တရားရုံး မထီမဲ့မြင် ပြုမူအကြောင်း သိကောင်းစရာ

၁၀၊ ၁၀၊ ၂၀၁၂ နေ့ထုတ် Weekly Eleven Myanmar News စာမျက်နှာ ၄တွင် ပြည်မြန်မာနှင့် The Messenger ဂျာနယ် နှစ်စောင်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် အတွင်းရေးမှူး ဦးဉာဏ်၀င်း တရားစွဲခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ဖတ်ရှုရသည်။

ရွေးကောက်ပွဲကော်မရှင်က မမှန်မကန် သတင်းပေးမှုဖြင့် တရားစွဲဆို ခံထားရသည့်အပေါ် ပြည်တွင်းသတင်း ဂျာနယ်နှစ်စောင်ဖြစ်သည့် ပြည်မြန်မာဂျာနယ်နှင့် The Messenger ဂျာနယ်များတွင် ဖော်ပြချက်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အတွင်းရေးမှူး ဦးဉာဏ်၀င်းက မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာနသို့ အောက်တိုဘာလ ၁ ရက်နေ့က တရားစွဲဆိုမှု ပြုလုပ်ခဲ့ကြောင်း ပြည်မြန်မာဂျာနယ်နှင့် The Messenger ဂျာနယ်တို့တွင် ရေးသား ဖော်ပြခဲ့သော ‘‘စာမဖတ်သော စာရေးဆရာ၊ ဒီမိုကရေစီ မသိသော ဒီမိုကရေစီ ဘက်တော်သား’’ ဆောင်းပါးနှင့် ပတ်သက်၍ အရေးယူပေးပါရန် ဦးဉာဏ်၀င်းက မန ္တလေးတိုင်းဒေသကြီး တရားရေးဦးစီးဌာနသို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းဆောင်းပါးပါ ရေးသားဖော်ပြချက်တို့မှာ တရားရုံး၌ စစ်ဆေးမည့် အမှုအား တရားသူကြီး အမိန့်မချမှတ်သေးမီ တရားသူကြီး အပြစ်မြင်အောင် သုံးနှုန်း စွက်ဖက်သည်ဟု ယူဆသောကြောင့် တရားရုံးအား မထီမဲ့မြင်ပြုမှု အက်ဥပဒေပုဒ်မ (၃)ဖြင့် စာရေးသူကို ဥပဒေနှင့် ပြည်မြန်မာဂျာနယ်မှ အယ်ဒီတာချူပ် ဒေါက်တာတင်ထွန်းဦး The Messenger ဂျာနယ်မှ အယ်ဒီတာချူပ် ဦးထက်ဦးဇော်တို့အား အရေးယူပေးပါရန် လျှောက်ထားခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး တရားစီရင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးတင့်၏ ပြောကြားချက်အရ သိရကြောင်း ဦးဉာဏ်၀င်းသည် ဧပြီလ ၁၇ရက်နေ့က ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံးအချို့ရှိ ဆန္ဒမဲလက်မှတ်များတွင် ဖယောင်း သုတ်ထားသည်ဟု ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည့်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မမှန်မကန် သတင်းပေး တို်င်ကြားမှုဖြင့် ပြန်လည် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ‘‘ဒီအမှု တန်းလန်းကြီးမှာ ဆောင်းပါးရှင်က ကျွန်တော့မှာ အပြစ် ရှိတယ်။ ကျွန်တော် မှားတယ်၊ ဒါတွေ ရေးနေတယ်၊ မှားတယ်၊ မှန်တယ်၊ အပြစ်ရှိတယ်၊ မရှိဘူး ဆိုတာက တရားရုံးက ဆုံးဖြတ်ရမယ့်ဟာ တရားရုံး မဆုံးဖြတ်ခင် ဒီလိုရေးတာဟာ တရားရုံးကို မထီမဲ့မြင် လုပ်တာလို့ ကျွန်တော် အဲဒီလို တရားစွဲတာပါ’’ဟု ဦးဉာဏ်၀င်းက ပြောကြောင်း ဖတ်ရှုရပါသည်။

၁၂၊ ၁၀၊ ၁၂ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ် စာမျက်နှာ ၁၉တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ် သတင်းစာမှာ ရှင်းလင်းပွဲပြုလုပ် ခေါင်းစဉ်ဖြင့် သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းခဲ့သော မေးခွန်းအချို့နှင့် ပြန်လည်ဖြေကြားခဲ့သည်များအား ကောက်နုတ်ဖော်ပြချက်တွင် ‘‘ဒါဟာ ကျွန်မတို့ လုပ်တာဟာ တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ပြုစေချင်လို့ ဖြစ်ပါတယ်၊ သတင်းစာကို ထိစေချင်လို့လည်း မဟုတ်ပါဘူး၊ သတင်းထောက်ကို ထိပါးစေချင်လို့လည်း မဟုတ်ဘူး၊ အဲဒီတော့ စိတ်ထဲမှာ ကျွန်မတို့က သတင်းထောက်ကို တိုက်ခိုက်တယ်။ သတင်းစာကို တိုက်ခိုက်တယ်ဆိုတဲ့ စိတ်မထားပါနဲ့၊ တစ်နည်းအားဖြင့် ဒီလို နှစ်ပေါင်းများစွာ အောက်မှာ အလုပ် လုပ်ခဲ့ရတဲ့ သတင်းထောက် တော်တော်များများဟာ တစ်ချို့ ကိစ္စတွေမှာ တရားရုံး မထိမဲ့မြင်ပြုရာ ရောက်တယ်ဆိုတာကို မသိကြတဲ့ သူတွေ ရှိပါတယ်။ ဒါကိုလည်း ကျွန်မတို့ အပြစ်ကြီးလို့ မမြင်ပါဘူး၊ သိအောင်လို့ နည်းနည်းလေးတော့ ပညာပေးရတာပေါ့။ ကျွန်မတို့ ဘာမှတော့ သိပ်ပြီး ဆိုးဆိုးဝါးဝါး လုပ်မှာ မဟုတ်ပါဘူး’’ဟု ပြည်မြန်မာဂျာနယ်၏ မေးခွန်းကို ပြောကြားရာတွင် ထည့်သွင်း ဖြေကြားသွားသည်ကို ဖတ်ရှုရပါသည်။

သို့ဖြစ်၍ တရားရုံး မထီမဲ့မြင် ပြုရာရောက်ခြင်းနှင့် စပ်လျဉ်း၍ သိသင့်သည်များကို လေ့လာဖတ်ရှုနိုင်ရန် ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
၁၉၂၆ ခုနှစ် တရားရုံးကို မထီမဲ့မြင်ပြုမှု အက်ဥပဒေကို အင်္ဂလိပ်ဘာသာဖြင့် ပြဌာန်း၍ ပုဒ်မပေါင်း (၃)ခုသာ ပါရှိသည်။ ယင်း အက်ဥပဒေပုဒ်မ (၃)တွင် တရားရုံးကို မထီမဲ့မြင်ပြုမှုအတွက် ပြစ်ဒဏ်ကို ပြဌာန်းထားသည်။
အခါအားလျော်စွာ ပြဌာန်းသော ဥပဒေမှတပါး တရားရုံးကို မထီမဲ့မြင်ပြုပါက (၆)လထိ ထောင်ဒဏ် (သို့မဟုတ်) ကျပ်နှစ်ထောင်ထိ ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ယင်း အက်ဥပဒေပုဒ်မ (၃)တွင် ပြဌာန်းထားသည်။

ခြွင်းချက်အနေဖြင့် ပြစ်မှု ကျူးလွန်သူအား တရားရှင်လွှတ်ခြင်း (သို့မဟုုတ်) တရားရုံးမှ ကျေနပ်အောင် ၀န်ချ တောင်းပန်ခြင်းပြုက ချမှတ်ပြီး ပြစ်ဒဏ်မှ လျှော့ခြင်းပြုနိုင်သည်။
၁၉၂၆ ခုနှစ် တရားရုံးကို မထီမဲ့မြင်ပြုမှု ဥပဒေတွင် မည်သို့သော ပြောဆိုပြုမူမှုများသည် တရားရုံးကို မထီမဲ့မြင်ပြုရာရောက်ကြောင်း တိကျစွာ ပြဌာန်းထားခြင်း မရှိပေ။ အမှုအလိုက် ဖြစ်ပျက်သည့် အကြောင်းခြင်းရာများအပေါ် မူတည်၍ စီရင်ထုံးများတွင် ဆုံးဖြတ်ချက်၊ သုံးသပ်ချက်များကို လေ့လာကြည့်နိုင်လေသည်။

ပြစ်မှု (သို့မဟုတ်) တရားမမှုတစ်မှုကို စစ်ဆေးနေစဉ်တွင် အမှုပေါ် ေ၀ဖန်သည့် ဆောင်းပါးကို သတင်းစာ၌ ပုံနှိပ် ဖော်ပြလျှင် ရုံးကို မထီလေးစားပြုရာ ရောက်သည်။ ဆုံးဖြတ်ချက်တစ်ခုကို တရားမျှတမှု ရှိ-မရှိ မျှမျှတတ ေ၀ဖန်ခြင်းသည် တရားရုံးကို မထီလေးစားပြုမှု မဟုတ်။ သို့ရာတွင် တရားသူကြီး၏ လုပ်ပိုင်ခွင့်ကို ထိပါးခြင်းဖြစ်လျှင် ရုံးကို မထီလေးစားပြုမှု မြောက်သည်။ သင့်မြတ်သည့် အမှု၌ တရားသူကြီး၏ သိက္ခာနှင့် ရိုးသားမှုကို ထိပါးခြင်း မဟုတ်လျှင် ရုံးက ၀န်ချတောင်းပန်ခြင်းကို လက်ခံမည်ဟု အစိုးရရှေ့နေနှင့် ဆရာစိန် အမှုစီရင်ထုံး (၇) ရန်ကုန် စီရင်ထုံး စာမျက်နှာ ၈၄၄တွင် ထုံးဖွဲ့ထားသည်။ ေ၀ဖန်ချက်များကို ပုံနှိပ် ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ရုံး တစ်ရုံး၌ စစ်ဆေးစီရင်ရန် တင်ထားသည့်အမှုအပေါ် ေ၀ဖန်ချက်များသည် အမှုကို တရားစီရင်ရာ၌ နစ်နာတန်ရာသည်ဖြစ်လျှင် ေ၀ဖန်ချက်များကို ပုံနှိပ် ဖော်ပြခြင်းသည် ရုံးကို မထီလေးစားပြုရာရောက်ကြောင်း အစိုးရနှင့် မောင်တင်စောပါ (၂) အမှုစီရင်ထုံး (၆) ရန်ကုန်စီရင်ထုံး စာမျက်နှာ (၃၉)တွင် ထုံးဖွဲ့ထားသည်။

စာနယ်ဇင်းများတွင် တရားရုံးကို မထီမဲ့မြင်ပြုမူ ရေးသားဖော်ပြခြင်းများတွင် မည်သူ၌ အပြစ်ရှိသည် ဆိုခြင်းနှင့် စပ်လျဉ်း၍ စောဘသိန်းနှင့် ဦးကိုကိုလေး အမှုစီရင်ထုံး၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ (၃၉၈)တွင် ရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်သော အပြုအမှု၊ အပြောအဆို၊ အရေးအသားကို သတင်းစာတွင် ထည့်သွင်းဖော်ပြေသော် သတင်းရေး၍ ပို့သော သတင်းထောက်မှာလည်း အပြစ်ရှိ၏၊ ထည့်သွင်းဖော်ပြသော သတင်းစာ အယ်ဒီတာနှင့် ပုံနှိပ်ထုတ်ေ၀သူမှာလည်း အပြစ်ရှိ၏။ အယ်ဒီတာနှင့် ပုံနှိပ်ထုတ်ေ၀သူက မိမိသည် စပ်ဆိုင်ရာ တရားသူကြီးကို သိပင် မသိခဲ့ပါ။ သူ၏ အပေါ်တွင် မကောင်းသော စိတ်စေတနာ မရှိခဲ့ပါ။ သတင်းထောက်က ရေးသားပေးပို့လိုက်၍ သဘောရိုးနှင့် မှန်လိမ့်မည် ထင်ပြီး အမှတ်တမဲ့ ထည့်လိုက်မိပါသည်ဟု ထုချေသော်လည်း ပြစ်ဒဏ်မှ မလွတ်နိုင်ချေဟု ထုံးဖွဲ့ခဲ့ပါသည်။

မည်သည့် ပြုလုပ်ခြင်းမှာ မထီလေးစားပြုမှု မြောက်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ၁။ ဦးဖေတင်၊ ၂။ ဦးအေးဖေ အမှု စီရင်ထုံး ၁၉၅၄ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး (တရားလွှတ်တော်) စာမျက်နှာ၊ ၁၁၀တွင် တရားစီရင်ရေး လမ်းကြောင်းကို ထိခိုက် နစ်နာစေရန် (သို့မဟုတ်) တရားရုံး၏ ဂုဏ်သိက္ခာ (သို့မဟုတ်) သြဇာအာဏာကို ယုတ်လျော့စေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု တွက်ဆနိုင်သော ပုံနှိပ်ထုတ်ေ၀ခြင်းသည် မထီလေးစားပြုမှု မြောက်သည်။ အယ်ဒီတာ ပုံနှိပ်သူနှင့် ထုတ်ေ၀သူတို့သည် မိမိတို့ သတင်းစာ၌ နေရပ်လိပ်စာ မမှန်၊ မကျေနပ်သည့် အမှုသည်များ ဖြစ်ကြောင်း နောက်ပိုင်း၌ တွေ့ရတတ်သည်။ ရန်ငြိုးထားသူများက တရားသူကြီးများနှင့် တရားရုံးများအပေါ် အခြေအမြစ် မရှိဘဲ တိုက်ရိုက် ရေးသားခြင်းကို ခွင့်မပြုသင့်ကြောင်း နားလည်ရမည်။ ပုံနှိပ်ထုတ်ေ၀သည့် စာများသည် တရားလွှတ်တော်အား ထိခိုက်နစ်နာ လုံး၀ အခြေအမြစ်မရှိသော မထီလေးစားမှုပြုခြင်းဖြစ်ကြောင်း ထင်ရှားသဖြင့် တောင်းပန်ခြင်းကို လုံး၀ လွတ်ငြိမ်းခွင့် တစ်ရပ်အနေဖြင့် လက်မခံနိုင်ဟု ထုံးဖွဲ့ထားပါသည်။

တရားရုံးဆိုသည့် စကားရပ်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဦးထွန်းဖေ အမှုစီရင်ထုံး (၁၉၅၈ ခုနှစ် တရားလွှတ်တော်၊ စာမျက်နှာ ၅၀တွင် တရားရုံး တရားသူကြီးတစ်ဦး၏ အမိန့်အာဏာကို မထီလေးစားပြုရာ ရောက်အောင် (သို့မဟုတ်) ကျဆင်းရာ ရောက်အောင် တစ်စုံတစ်ရာ ပြုလုပ်လျှင် ဖြစ်စေ၊ စာရေးထုတ်ေ၀လျှင် ဖြစ်စေ၊ ယင်းထုတ်ေ၀မှု (သို့မဟုတ်) ပြုလုပ်မှုသည် တရားရုံးကို မထီလေးစားပြုရာ ရောက်သည်။ မထီလေးစားပြုမှု၌ ‘‘တရားရုံး’’ ဆိုသည့် စကားမှာ တရားရုံးဖွဲ့စည်းရာ၌ ပါရှိ၍ ပါလီမန်မှ အက်ဥပဒေများဖြင့် အဓိပ္ပာယ် ဖွင့်ဆို သီးသန့်ထားသော စီရင်ပိုင်ခွင့်နှင့် တစ်စိတ်တစ်ဒေသကို ယုံကြည် အပ်နှံခြင်းခံရသော တရားသူကြီးများကို ဆိုလိုသည်။

တရားသူကြီးတစ်ဦးအား ၄င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် ပုဂ္ဂိုလ်အရ မဟုတ်ဘဲ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို ယုံကြည်အပ်နှံခြင်း ခံရသည့် တရားသူကြီးတစ်ဦးအနေနှင့် တိုက်ခိုက်ခံရလျှင် တရားသူကြီး ကိုယ်တိုင်အား အရှက်တကွဲ ပြုရာရောက်သည်သာမက၊ တရားရုံးကို မထီလေးစားပြုရာ၌ တရားရုံးကိုပါ အရှက်တကွဲပြုရာ ရောက်သည်ဟု ထုံးဖွဲ့ထားပါသည်။

တရားရုံးကို မည်သည့် ပြုမှုချက်များအရ မထီလေးစားပြုရာ ရောက်ခြင်းနှင့် စပ်လျဉ်း၍ အိုင်အမ်ဒီဘက်ဂီယားနှင့် အီဘရာဟင်အာမက်ဇာဟေရီပါ (၂) အမှုစီရင်ထုံး ၁၉၆၁ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး (တရားလွှတ်တော်) စာမျက်နှာ ၂၈၇တွင် မည်သည့် ပုံနှိပ်ထုတ်ေ၀မည့် စာမဆို တရားရုံးကို ဖြစ်စေ၊ ဂျူရီလူကြီးများ၏ စိတ်ကိုဖြစ်စေ၊ အန္တရာယ် ဖြစ်စေတန်ရာသည် (သို့မဟုတ်) သြဇာ လွှမ်းမိုးတန်ရာသည် ဟူ၍လည်းကောင်း၊ သက်သေများကို သြဇာ လွှမ်းမိုးတန်ရာသည် (သို့မဟုတ်) ခြိမ်းခြောက်တန်ရာသည် ဟူ၍လည်းကောင်း၊ အမှုတစ်ခု၌ အမှုသည်တစ်ဦးဦးကို နစ်နာတန်ရာသည် ဟူ၍လည်းကောင်း ပေါ်ပေါက်လျှင် ဘေးအန္တရာယ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တရားရုံးကို မထီလေးစားပြုရာ ရောက်သည်။ တရားရုံးများကို မထီလေးစားပြုမှု အက်ဥပဒေအရ အရေးယူရန် အပြင်လူတစ်ဦးက တရားရုံးသို့ လျှောက်ထားနိုင်သည်ဟု ထုံးဖွဲ့ခဲ့သည်။

မထီလေးစားမှုမျိုး၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ကေစီနတ်သ်ရိုင်း (ရှိရီကေစီနတ််သ်ရိုင်း) နှင့် ဒေါက်တာ အက်စ်အယ်လ်လွန်းတားပါ (၂) အမှုစီရင်ထုံး (၁၉၆၅ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး (တရားရုံးချူပ်) စာမျက်နှာ ၆၀၂တွင် မထီလေးစားမှုမျိုး၏ ရည်ရွယ်ချက်မှာ တရားရုံးမှ အမှုသည်တိုင်းသည် ၄င်းတို့၏ အမှု အရှုံး၊ အနိုင်အပေါ် စစ်ဆေးသည့်အခါ မည်သည့်ဘက်သို့မျှ မလိုက်ဘဲ တရားမျှတစွာ ကြားနာခွင့်ရစေရန် ဖြစ်သည်။ တရားစီရင်ရာ၌ တရားရုံးများ၏ စွမ်းရည်ကို အများပြည်သူက ယုံကြည်လေးစားအောင် ထိန်းသိမ်းရပေမည်။ တိုင်ကြားထားသော ဆောင်းပါးသည် တရားမမှု၌ တရားပြိုင်တစ်ဦးဖြစ်သော လျှောက်ထားသူကို ထိခိုက်စေသည့် ဆောင်းပါးကို ပုံနှိပ် ထုတ်ေ၀ခြင်းဖြင့် တရားစီရင်ရေး လမ်းကြောင်းကို ဘက်လိုက်မှုပေါ်အောင် ၀င်ရောက်စွက်ဖက်ရာ ရောက်အောင်ဖြစ်စေလျှင် ကြံရွယ်ချက် ရှိ-မရှိမှာ မစပ်ဆိုင်ချေ။ ဤအမှု၌ ဆုံးဖြတ်ချက်ကို ပုံနှိပ််ထုတ်ေ၀ခြင်းသည် တကယ်ပင် တရားစီရင်ရေးလမ်းကြောင်းကို ၀င်ရောက် စွက်ဖက်ရာ ရောက်၍ တရားမမှု၌ လျောက်ထားသူ၏ ချေပချက်ကို ခိုင်ခိုင်လုံလုံ အထင်အမြင် မှားအောင် ဖြစ်စေသည်ဟု ထုံးဖွဲ့ထားပါသည်။

ဒေါ်ဒဂုန်ခင်ခင်လေးနှင့် ဦးကိုကိုဦးလေးပါ ၂ အမှုစီရင်ထုံး (၁၉၆၅ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး (တရားရုံးချူပ်) စာမျက်နှာ ၁၀၆၅) တွင် လျှောက်ထားသူက မိုးရုပ်ရှင်ကုမ္ပဏီနှင့် ဦးကျော်ဆွေတို့ကို မူပိုင် အခွင့် ရရှိရေးကိစ္စနှင့် ပတ်သက်၍ တရားစွဲဆိုနေခိုက်တွင် မိုးကြိုးသတင်းစာက ‘‘မူပိုင်အခွင့်အရေး ဒေါ်ဒဂုန်ခင်ခင်လေးတွင် မရှိ’’ဟု ခေါင်းစဉ် တပ်၍ ဖော်ပြလိုက်ခြင်းမှာ ရုံးတော်တွင် စစ်ဆေးသော အမှု၌ ၀င်ရောက် စွက်ဖက်ခြင်းအားဖြင့် ရုံးတော်ကို မထီလေးစားပြုလုပ်ရာ ရောက်သည်ဟု ယူဆသည်။ ထိုကဲ့သို့ ခေါင်းစဉ် တပ်၍ ဖော်ပြထားခြင်းသည် မမှန်သော အချက်ဖြစ်သည်။ ထိုမှတစ်ပါး ၄င်းသည် တရားရုံး၏ ဂုဏ်ကျက်သရေကို ထိခိုက်သော တရားရုံးတော်အပေါ်တွင် အထင်အမြင် မှားယွင်း သေးသိမ်စေနိုင်သော ရေးသားချက် ဖြစ်သည်။ တရားရုံးတော် (သို့မဟုတ်) တရားသူကြီးကို အထင်အမြင် သေးသိမ်စေနိုင်သော (သို့မဟုတ်) ၄င်းတို့၏ ဂုဏ်တန်ဖိုးကို နိမ့်ကျစေနိုင်သော တရားဖြောင့်မှန်ရေးကို နှောင့်ယှက်နိုင်သော (သို့မဟုတ်) တရားသဖြင့် ထုတ်ေ၀သော အမိန့်၊ ဆင်စာ၊ ဝါရမ်း စသည်တို့ကို အတည်ပြုရာ၌ နှောင့်ယှက်နိုင်သော အပြုအမူ၊ အပြောအဆို၊ အရေးအသားသည် ရုံးတော်ကို မထီမဲ့မြင် ပြုလုပ်မှု ဖြစ်သည်ဟု ထုံးဖွဲ့ထားသည်။

တရားရုံးများတွင် စစ်ဆေး ကြားနားလျက်ရှိသော အမှုများနှင့် ပတ်သက်၍ ေ၀ဖန် ဆုံးဖြတ်ရန် တာ၀န်မှာ တရားရုံးအပေါ်၌သာ တည်ရှိသည်။ တရားရုံးက ဆုံးဖြတ်ရန် အချက်များကို စကားဦး သန်း၍ ဖြန့်ေ၀ ကြေညာခြင်းပြုလျှင် ယင်းပြုမူချက်မှာ တရားရုံးအား မထီမဲ့မြင်ပြုရာ ရောက်သည်။ ဖြန့်ေ၀ ကြေညာသော စာရွက်စာတမ်းများတွင် ပါရှိသည့် စကားရပ်များမှာ တရားရုံး၏ ဆုံးဖြတ်ချက်ကို အမှန်တကယ် ထိခိုက်နိုင်ဖွယ်ရာ ရှိ-မရှိ ဟူသော အချက်မှာ အဓိက မဟုတ်ပေ။ ဖြန့်ေ၀ ကြေညာသူအနေဖြင့် တရားရုံးအား မထီမဲ့မြင် ပြုလုပ်သည့် သဘော မရှိဘဲ ရိုးသားစွာ ယုံကြည်မှုဖြင့် ပြုလုပ်သည်ဆိုခြင်းမှာလည်း အဓိက မဟုတ်ချေ။ ဖြန့်ေ၀ ကြေညာသော စာရွက်စာတမ်းများတွင် ပါရှိသော စကားရပ်များသည် တရားရုံးမှ ဆုံးဖြတ်ရန် အချက်များအပေါ် ကြိုတင် ေ၀ဖန် ပြောဆိုသည့် သဘောမျိုး ပါရှိလျှင် တရားရုံးတော်အား မထီမဲ့မြင် ပြုလုပ်ရာ ရောက်ပေလိမ့်မည်။

ယခုအခါ တရားရုံးများ မထီမဲ့မြင်ပြုမူ ဥပဒေကြမ်းကို အသစ် ရေးဆွဲပြဌာန်းနိုင်ရန် ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယင်းဥပဒေကြမ်း ပုဒ်မ ၂ (က)တွင် တရားရုံးကို မထီမဲ့မြင်ပြုမှုကိုလည်းကောင်း၊ ပုဒ်မ ၂(ခ)တွင် တရားမဆိုင်ရာ မထီမဲ့မြင်ပြုမူကိုလည်းကောင်း၊ ပုဒ်မ ၂ (ဂ)တွင် ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှာကိုလည်းကောင်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပါရှိသည်။ ထို့ပြင် ယင်းဥပဒေကြမ်း၊ အခန်း (၃) ကင်းလွတ်ချက်များ၊ ပုဒ်မ ၇၌ ဆောင်ရွက်ဆဲ တရားစီရင်သော မှုခင်းတစ်ရပ်နှင့် စပ်လျဉ်း၍ တရားမျှတပြီး မှန်ကန်တိကျသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာအရေးအသားဖြင့်ဖြစ်စေ၊ အမှတ်သငေ်္ကတဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္႑ာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ထုတ်ဖော်ကြေညာခြင်း (သို့မဟုတ်) အတင်းအဖြစ် ရေးသားဖော်ပြခြင်း (သို့မဟုတ်) ပုံနှိပ်ထုတ်ေ၀ခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုရာ မမြောက်စေရဟု ဖော်ပြထားပြီး ပုဒ်မ(၈)(၉) တို့ကိုလည်း ကင်းလွတ်ချက်များတွင် ဖော်ပြထားသည်။

တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကြမ်း အတည်မဖြစ်မီတွင် လက်ရှိ တည်ဆဲဥပဒေဖြစ်သည့် ၁၉၂၆ ခုနှစ် တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေသည် အာဏာ သက်ရောက်လျက်ရှိပေသည်။

တရားရုံးများ မထီမဲ့မြင်ပြုမှုနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိနိုင်ကြစေရန်၊ ဥပဒေကြမ်းကိုလည်း ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရန် စိတ်ရည်သန်၍ ရေးသား တင်ပြလိုက်ရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *