ရှင်းရှင်းပြောရရင်တော့ ၀င်းဒိုး ၈ မှာ အသုံးတည့်မှုများစွာ ပါရှိပါတယ်။ ဒါပေမယ့် ကာလရှည်ကြာ ၀င်းဒိုး အသုံးပြုသူတွေကြားထဲမှာတော့ အဖွဲ့နှစ်ဖွဲ့ကွဲသွားစေလောက်အောင် လှုပ်ခတ်မှုပြင်းထန်ခဲ့ပါတယ်။ ဒါကို Microsoftက ဂရုစိုက်တဲ့ပုံ မပေါ်ပါဘူး။ ၀င်းဒိုး ၈ ရဲ့ သိသာထင်ရှားတဲ့ ကောင်းမွန်ချက်တွေကို ကြည့်ရအောင်။ သူဟာ အရင်၀င်းဒိုးတွေထက် ပိုမိုချောမွတ်ပါတယ်။ Bootတက်တဲ့ အချိန်ကလည်း သိသာစွာ လျှင်မြန်လာပြီး ၀င်းဒိုး ၇ ထက်တောင် ပိုတည်ငြိမ်ပါတယ်။ ဒါပေမယ့် ပီစီအသုံးပြုသူအများစုက ပြောင်းလဲလိုက်တဲ့ User Interfaceကို မနှစ်သက်ကြပါဘူး။
၀င်းဒိုး ၈ ဟာ ၀င်းဒိုး ပရိသတ်တွေအတွက်တော့ ကောင်းချက်နဲ့ ဆိုးချက်များ ဒွန်တွဲနေပါတယ်။ အမေဇုန်ရဲ့ ဖောက်သည်များက ၀င်းဒိုး ၈ နဲ့ ပတ်သက်ပြီး မှတ်ချက်များ ရေးထားကြရာမှာ အဖွဲ့နှစ်ဖွဲ့ ကွဲနေပါတယ်။ အရင် ၀င်းဒိုး ဗားရှင်းအဟောင်းတွေထဲမှာတော့ ၀င်းဒိုး ၇ ကို ကြိုက်ကြပြီး Vistaကို မနှစ်သက်ကြပါဘူး။ ၀င်းဒိုး အသုံးပြုသူတွေရဲ့ စစ်တမ်းကို ကြည့်ရရင် ၀င်းဒိုး ၇ အသုံးပြုသူဟာ ၀င်းဒိုး ၈ နဲ့ ၈.၁ သုံးသူထက် လျှင်မြန်စွာ တိုးတက်လာနေပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ရုပ်ပုံမှာတော့ ၀င်းဒိုး ၈ ဟာ ၀င်းဒိုး ၇ ထက် သိသာစွာ နောက်ကောက်ကျနေတာကို တွေ့ရမှာပါ။
ဒီမှာ ပြဿနာနှစ်ခုရှိပါတယ်။ လူအများစုက Start Menuကို အလိုရှိပြီး Metro UIကို မကြိုက်ကြပါဘူး။ Microsoftက ဒီပြဿနာကို ပြေလျော့စေဖို့ ၀င်းဒိုး ၈.၁ မှာ Bootတက်ရင် Desktop ကို ရောက်အောင် ရွေးချယ်ခွင့်ပေးခဲ့ပြီး Desktopရဲ့ ဘယ်ဘက်အောက်ခြေထောင့်မှာ Start Buoonကို ပြန်လည်ထည့်သွင်းပေးလိုက်ပါတယ်။
Start Buttonအသစ်ရဲ့ ပြဿနာက လက်ဖ်ကလစ်နှိပ်ရင် Metro Screenကို ရောက်ရှိသွားတာပါ။ စားသုံးသူတွေက ဖုန်းမှာရော၊ ပီစီမှာပါ Metro UIကို မနှစ်သက်တာပါ။ Tileတွေကိုလည်း မကြိုက်ကြပါဘူး။ ဖိုင်တွေဖွင့်ဖို့လည်း အဲဒါကို မသုံးကြပါဘူး။
အခုတော့ အဲဒီပြဿနာကို ပြေလျော့စေမယ့် ပြုပြင်မှုတွေ ရလာပါပြီ။ Start Buttonအသစ်ပေါ်မှာ Right Clickနှိပ်ရင် အရင် Start Menuရဲ့ စွမ်းဆောင်ချက် အချို့ကို ရရှိစေမှာပါ။ အရင် Start Menuအတိုင်း ပြန်လိုချင်ရင်တော့ Classic Shell, StartMenu8တို့လို Third Party Applicationsတွေကို သုံးနိုင်ပါတယ်။ Settingsတွေကို ပြုပြင်ပြီး Live Tilesတွေကို လုံး၀ မမြင်ရတော့အောင် ပြုလုပ်နိုင်ပါသေးတယ်။
ကြည့်ရတာတော့ ၀င်းဒိုး ပရိသတ်တွေဟာ ၀င်းဒိုး ၇ ရဲ့ UIနဲ့ ၀င်းဒိုး ၈ ရဲ့ လျှင်မြန်မှု၊ တည်ငြိမ်မှုနဲ့ တိုးတက်မှုတွေကို ပေါင်းစပ် လိုချင်ကြပုံပါပဲ။ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်စရာမလိုဘဲ ဒါတွေကို အသုံးပြုချင်နေကြပါတယ်။ လာမယ့်နှစ်များအတွင်းမှာ Microsoftဟာ သူ့ရဲ့ အမာခံ ပရိသတ်တွေကို စွဲဆောင်ထားချင်ရင်တော့ အရင် Start Menuကို ပြန်လည် ထည့်သွင်းပေးရမှာပါ။