အထပ်ပါခေါင်းစီးက တရား၀င်ပါ။ Microsoftက စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဆန်ဖရန်စစ္စကိုမှာ ပွဲတစ်ခုပြုလုပ်ပြီး ၀င်းဒိုးနောက်မျိုးဆက်ကို ပြသမယ်လို့ အရိပ်အမြွက်ပြောကြားပြီး ဖိတ်စာများဝေငှာလိုက်ပါပြီ။ ၀င်းဒိုး ၈ ကို အစားထိုးဖို့ ကာလရှည်ကြာမျှော်လင့်နေကြတဲ့ လျှို့ဝှက်အမည် Thresholdအမည်ရ ၀င်းဒိုး အသစ်ကို မြင်တွေ့ရပါတော့မယ်။
Microsoftက ပွဲမှာ ဒါမှမဟုတ် ပွဲနောက်ပိုင်းမှာ Windows 9ရဲ့ Beta Versionကို ဖြန့်ချီမယ်လို့ မျှော်လင့်ရပါတယ်။ Thresholdရဲ့ Technical Previewဟာ Developerများနဲ့ အဖွဲ့အစည်းကြီးများအတွက် OS အသစ်ရဲ့ အဓိက ပြောင်းလဲမှုကို မြည်းစမ်းနိုင်မှာပါ။ Technical Previewကို မှတ်ပုံတင်ထားတဲ့ Developerများကိုသာ ပေးမလား စားသုံးသူတွေကို ပေးမလားဆိုတာ မသိရသေးပါဘူး။
အဆိုပါပွဲဟာ ကြီးမားတဲ့ စီးပွားရေး အဖွဲ့အစည်းတွေကိုသာ အဓိက ရည်ရွယ်ထားတာပါ။ Microsoftကဖိတ်စာမှာ “Join us to hear about what’s next Windows and the enterprise.” လို့ ရေးသားထားပါတယ်။ အဲဒီပွဲမှာ Microsoftက အကြံကြီးကြီးမားမား ရှိနေပုံပါပဲ။ ၀င်းဒိုးကွန်ပြူတာတွေဟာ စီးပွားရေးလုပ်ငန်းသုံးအတွက် အဓိက ကိရိယာ တစ်ဖန်ပြန်ဖြစ်လာပြီဆိုတာ ပြသချင်နေပါတယ်။ ဘာလို့လဲဆိုတော့ အခုခေတ်မှာ ဂိမ်းတွေ ကစားဖို့၊ အီးမေးနဲ့ လူမှုကွန်ရက်တွေကို အသုံးပြုဖို့ ကွန်ပြူတာတွေမလိုအပ်တော့ဘဲ တက်ဘလက်နဲ့ မိုဘိုင်းဖုန်းတွေကနေ ပြုလုပ်နိုင်လာလို့ ဖြစ်ပါတယ်။
Desktop
Microsoftက Threshlodမှာ သမားရိုးကျ Windows Desktop Modeကို အဓိက ပြောင်းလဲမှုတွေ ပြုလုပ်ထားနိုင်ပါတယ်။ ၀င်းဒိုး ၈ မှာ Desktopကို အသားမပေးဘဲ ထိတွေ့မျက်နှာပြင် ကိရိယာတွေအတွက် Metro Mode, Tilesတွေကို အဓိက ပြုလုပ်ထားပါတယ်။ ၀င်းဒိုး ၈ ရဲ့ ပြောင်းလဲမှုကို ၀င်းဒိုး အသုံးပြုသူများစွာက မကြိုက်ကြပါဘူး။ မူလ Desktopကိုပဲ ၀င်းဒိုး ၈ မှာ ပြန်လည်ထည့်သွင်းစေချင်တာပါ။
Threshold Desktopဟာ ပီစီ အသုံးပြုသူများအတွက် အဓိက အခန်းကဏ္ဍကနေ ပြန်လည်ပါ၀င်လာနိုင်ပါတယ်။ ၀င်းဒိုး ၈ နောက်ဆုံး ဗားရှင်းမှာလို Deviceအပေါ်မူတည်ပြီး Modeတွေကို ပြောင်းလဲနိုင်မှာပါ။ ဥပမာ တက်ဘလက်မှာ ဆိုရင် Metro Modeကို Bootတက်နိုင်ပြီး Laptop or Desktopမှာ ဆိုရင် Desktop Modeကို ရွေးချယ်နိုင်မှာပါ။
မကြာမီက ထွက်ရှိခဲ့တဲ့ Thresholdရဲ့ Screenshotတွေမှာ ၀င်းဒိုး ၈ မှာ ဖယ်ရှားလိုက်တဲ့ Start Menuပြန်လည် ပါရှိလာတာတွေ့ရပါတယ်။ အနည်းငယ်ပြောင်းလဲသွားပြီး အရောင်စုံ ဒီဇိုင်းနဲ့ Metroပုံစံ Tilesတွေ ပါရှိလာပါတယ်။ ၀င်းဒိုး ၉ မှာ Desktopများစွာကို ဖန်တီးပြီး ပြောင်းလဲအသုံးပြုနိုင်တာကိုလည်း တွေ့ရပါတယ်။ Desktopတစ်ခုစီမှာ အလုပ်အတွက်၊ ကျောင်းအတွက် စသဖြင့် Program, Filesတွေ ခွဲခြား စုစည်းထားနိုင်တာ ဖြစ်ပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်နဲ့ Mac OS Xတွေမှာလို Notification Center ပါရှိလာပါတယ်။
Metro Appsတွေကိုလည်း Desktopမှာ အသုံးပြုနိုင်တာတွေ့ရပါတယ်။ ၀င်းဒိုး ၈မှာတော့ Metro Appsများဟာ မျက်နှာပြင်တစ်ခုလုံးမှာ နေရာယူထားတာပါ။ နောက်ပြီး Microsoftရဲ့ ကိုယ်ရေးလက်ထောက် Cortanaလည်း ပါလာမယ့် အခွင့်အရေး ရှိနေပါတယ်။