Review

Facebook, Amazon, IBMတို့ထက် တန်ဖိုး ပိုရှိတဲ့ Alibaba

Facebook, Amazon, IBMတို့ထက် တန်ဖိုး ပိုရှိတဲ့ Alibaba

Amazon, Facebook, IBM, Intelတို့ထက် တရုတ် ကုမ္ပဏီ Alibabaက တန်ဖိုး ပိုရှိပါတယ်။

နယူးယောက် စတော့အိပ်ချိန်းမှာ စတင်၀င်ရောက်လာတဲ့ ပထမနေ့မှာပဲ အင်တာနက် အခြေပြု စီးပွားရေး ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ကနဦးဈေးထက် သုံးပုံတစ်ပုံ မြင့်တက်သွားပါတယ်။ ဒီလိုမြင့်တက်မှုကြောင့် အလီဘာဘာရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၂၈ ဘီလီယမ် ဖြစ်လာပါတယ်။ အလီဘာဘာထက် တန်ဖိုးမြင့်မားတဲ့ အမေရိကန် နည်းပညာကုမ္ပဏီတွေကတော့ Apple ($609 billion), Google ($400 billion), Microsoft($387 billion) တို့ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ မရှုပ်ထွေးပါဘူး။ ဒါပေမယ့်လည်း အလီဘာဘာရဲ့ ဩဇာလွှမ်းမိုးမှုဟာ ဘယ်ကနေ ဖြစ်တည်လာသလဲဆိုတဲ့ အမေရိကန်ရဲ့ နည်းပညာလောကအပေါ်ရှုထောင့်တွေနဲ့ ပတ်သက်တဲ့ စကားသံတွေ ထွက်ပေါ်လာပါတယ်။ ရိုးရှင်းတဲ့ အချက်တစ်ခုက အမေရိကန်ရဲ့ အကြီးဆုံး နည်းပညာကုမ္ပဏီတွေလို မဟုတ်ဘဲ အလီဘာဘာဟာ တရုတ်စီးပွားရေးကို ပုံဖော်နေတာပါ။ အမေရိကန် ကုမ္ပဏီတွေ တရုတ်မှာ အောင်မြင်မှု မရမီမှာ အလီဘာဘာကတော့ ကမ္ဘာ့ဘယ်နေရာမှာမဆို အောင်မြင်အောင် လုပ်နိုင်ပုံပါပဲ။

Appleကို နမူနာကြည့်ပါ။ Appleက အလီဘာဘာရဲ့ Tmallမှာ သူ့ရဲ့ ထုတ်ကုန်တွေကို ရောင်းချနေတာ အပါအ၀င် အကောင်းဆုံး အားထုတ်မှုတွေ လုပ်နေပေမယ့် တရုတ် စားသုံးသူဈေးကွက်ကို ထိုးဖောက်ဖို့ ရုန်းကန်နေရပါတယ်။ မကြာမီကပဲ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရလို့ iPhone 6ကို တရုတ်မှာ ရောင်းလို့ မရခဲ့ပါဘူး။ Googleကလည်း တရုတ်ပြည်တွင်းဖြစ် ရှာဖွေမှုအင်ဂျင်ကို တရုတ်မှာ မယှဉ်နိုင်ပါဘူး။ Microsoftကလည်း ထိုနည်းလည်းကောင်းပါပဲ။

တရုတ်အစိုးရက အလီဘာဘာရဲ့ ဈေးကွက်ကို ပြိုင်ဖက် အမေရိကန်တွေလက်ထဲ မရောက်အောင် ကာကွယ်ပေးနေတာကလည်း အားသာချက်တစ်ခုပါ။ ဒီထက်အရေးပါတာကတော့ သူ့ရဲ့ တရုတ် စားသုံးသူဈေးကွက်ကို အုပ်စိုးထားနိုင်တာပါ။ အလီဘာဘာဟာ အွန်လိုင်းဈေး၀ယ်သူ ဖောက်သည် ၃၀၂ သန်းရှိပြီး အမေရိကန် လူဦးရေအားလုံးနီးပါးရှိပါတယ်။ တရုတ်ပြည်ရဲ့ လူဦးရေဟာ ၁.၃ ဘီလီယမ် ဖြစ်တာကြောင့် နောက်ထပ်လည်း အလီဘာဘာရဲ့ ဖောက်သည်တွေဟာ ဒီထက်များပြားလာအုံးမှာပါ။

ဒီလို အောင်မြင်မှုတွေကြောင့် တရုတ်ဈေးကွက်ကို ဖောက်ချင်တဲ့ အမေရိကန်ကုမ္ပဏီတွေဟာ အလီဘာဘာကို ပြေးကပ်ရတာပါပဲ။ အမေရိကန် ရင်းနှီးမြှပ်နှံသူတွေအတွက် အလီဘာဘာရဲ့ ရှယ်ယာတွေဟာ တရုတ်ဈေးကွက်ကို ထိုးဖောက်ဖို့ ကြားခံကိရိယာတွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အလီဘာဘာရဲ့ ရှယ်ယာတွေဟာ တရုတ်စီးပွားရေးပဲ ဖြစ်ပါတယ်။ ရင်းနှီးမြှပ်နှံသူတွေက အဲဒီစီးပွားရေး တိုးတက်တာကို မြင်လေလေ အလီဘာဘာရဲ့ ရှယ်ယာတွေကလည်း တက်လေလေပါပဲ။

အလီဘာဘာက ခေတ်သစ်နည်းပညာတွေကို တီထွင်ထားတာ မဟုတ်ပါဘူး။ iPhone, Search Engine, OS, Online Shoppingတွေ တစ်ခုမှကို တီထွင်ထားတာ မဟုတ်ပါဘူး။ ဒါပေမယ့် နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းမှာ တီထွင်ဆန်းသစ်မှုက အဓိက မဟုတ်ပါဘူး။ လူတွေဆီကို နည်းပညာကို အရောက်ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *