Apps

၀က်ဘ်ဆိုဒ် လိပ်စာ မ၀ယ်ယူခင် သိထားသင့်သည်များ

Website တစ်ခု တည်ဆောက်ဖို့အတွက် ကွန်ပျူတာ တစ်လုံးနှင့် ၀က်ဘ်ဆိုဒ်ကို ဖန်တီး ရေးသားနိုင်တဲ့ Softwareတွေ ရှိရုံနှင့် လုံလောက်ပါတယ်။ သို့ပေမယ့် အင်တာနက်ပေါ် တင်ပြီး ကမ်ဘာ့ကျေးရွာ တစ်ခုလုံးကို အသိပေးနိုင်ဖို့အတွက်တော့ နည်းပညာနှင့် ပတ်သက်သည့် ကိစ္စအနည်းငယ်တော့ နားလည်ဖို့ လိုအပ်ပါတယ်။ ၀က်ဆိုဒ်ကို နားလည် တတ်ကျွမ်းသူများ ပြောဆိုလေ့ရှိကြတဲ့ Domain Name အကြောင်းနှင့် ပြည်တွင်းရှိ ၀က်ဘ်ဆိုဒ် အရောင်းအ၀ယ် လုပ်သူများ၏ လိမ်လည်မှုမှ ကင်းေ၀းစေရန် ဒီတစ်ပတ် အိုင်စီတီ ဂျာနယ်၏ စာဖတ်ပရိတ်သတ်များ သိရှိစေရန် မျှေ၀လိုက်ပါတယ်။ www.yourbusiness.com ဆိုပြီး အင်တာနက် အသုံးပြုသူတိုင်းမှ အခြား လူတစ်ယောက် (သို့)ကုမ္ပဏီ တစ်ခု၏ စီးပွားရေး အချက်အလက်များကို သိရှိ လေ့လာချင်ရင် အင်တာနက် ဘရောက်ဆာ (Internet Browser)လို့ ခေါ်တဲ့ Firefox, Chrome, Opera, Safariလို့ အမည်ရသည့် ဘရောက်ဆာ တစ်မျိုးမျိုးရဲ့ Address Barမှာ ရိုက်ထည့်ပြီး သွားရောက် လေ့လာကြရပါတယ်။

နည်းပညာအရ ပြောရရင် ထို ‘www.yourbusiness.com’ ဆိုတဲ့ ၀က်ဆိုဒ် လိပ်စာရဲ့ နောက်ကွယ်မှာ အိမ်နံပါတ်တွေလို ‘207.46.228.91’ ဆိုပြီး ဂဏန်းတွေနဲ့ ကွန်ပျူတာမှ မှားယွင်းမှု မရှိ နားလည်အောင် ချိတ်ဆက်ထားတာပါ။ သို့ပေမယ့် ကွန်ပျူတာ ပညာရှင်များက အများပြည်သူ အားလုံး နားလည်အောင် ၀က်ဆိုဒ် လိပ်စာကို ဂဏန်းတွေဖြင့် မသိစေပဲ လူနာမည်လို အင်္ဂလိပ် Alphabet အဖြစ်သာ အင်တာနက်ကြီး စတင် ထွန်းကားချိန်မှ စ၍ အသုံးပြုစေခဲ့ပါတယ်။ ဤနေရာမှာ နားလည်ရမှာက ‘www.yourbusiness.com’ ဆိုရာတွင် ‘www’ကို လူနာမည်လို ‘‘မောင်/ ဦး’’လို့ သတ်မှတ်လို့ ရပြီး ‘yourbusiness’ကို ‘ကိုယ်ပိုင် နာမည်’လို့ သတ်မှတ်ကာ ‘com’ ဆိုတာကတော့ ‘လူပုံစံအမျိုးအစား’လို့ မှတ်သားလို့ ရပါတယ်။

ကမ္ဘာ့ကျေးရွာထဲ ဘီလီယံပေါင်းများစွာ အင်တာနက်ပေါ်မှတဆင့် သွားရောက် လည်ပတ်နိုင်လာကြပြီ ဖြစ်တဲ့ ယနေ့ခေတ်ကြီးမှာတော့ ‘.com’ ဆိုတဲ့ ‘လူပုံစံ အမျိုးအစား’လို့ ခေါ်ရမဲ့ အသွင်သဏ္႑န်များဟာ အရင်ကထက် စီးပွားရေးဖြစ်စေ လူ့အဖွဲ့အစည်းမှာ ဖြစ်စေ လုပ်ငန်းအသစ်၊ ပုံစံအသစ်များ ပေါက်ဖွားလာကြပါတယ်။ ထို့ကြောင့် ယနေ့ခေတ်မှာ ‘.com’ လို နေရာမျိုးမှာ ‘.asia, .eu’ ဆိုပြီး ကမ္ဘာ့တိုက်ကြီးများအလိုက် အမျိုးအစားတွေ ခွဲခြားလာသလို ‘.id’လို့ ဆိုပြီး လူပုဂ္ဂိုလ်အတွက် ‘identity’ မျိုးလဲ အမျိုးအစား စုံလင်စွာ ရှိလာကြပါတယ်။ ဒါကြောင့်မို့လဲ ‘.com’ ခေတ်ကြီးလို့ မခေါ်နိုင်တော့ပဲ အင်တာနက် ခေတ်ကြီးလို့ ပြောင်းလဲ သုံးစွဲလာသည်လို့လဲ မှတ်ယူနိုင်ကြပေလိမ့်မယ်။

ဒိုမိန်းနိမ်းလို့ ခေါ်တဲ့ ၀က်ဆိုဒ် လိပ်စာ တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Domain Registryလိုမျိုး အင်တာနက်ပေါ်မှ ဒိုမိန်းအရောင်းဆိုင်များမှာ ၀ယ်ယူနိုင်ပါတယ်။ နိုင်ငံတကာမှာတော့ ‘Credit Card’ စနစ်ကို အသုံးပြုလို့ ရသည့်အတွက်ကြောင့် အင်တာနက်ပေါ်မှတစ်ဆင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှ ဒိုမိန်း အရောင်းဆိုင်များထဲမှ ဈေးနှုန်း အသက်သာဆုံး အရောင်းဆိုင် တစ်ခုခုကို ရွေးချက်ပြီး မိနစ်ပိုင်းအတွင်း ၀ယ်ယူ ပိုင်ဆိုင်နိုင်ပါတယ်။ ပြည်တွင်းမှာတော့ ရတာနာပုံ တယ်လီပိုဒ့်လိုမျိုး၊ MTGလိုမျိုး အစိုးရ အသိအမှတ်ပြု ဒိုမိန်း အရောင်းဆိုင်များသော်လည်းကောင်း၊ ၀က်ဆိုဒ် ကုမ္ပဏီများမှ တစ်ဆင့်သော်လည်းကောင်း သွားရောက် ၀ယ်ယူရရှိနိုင်ပါတယ်။ စာဖတ်ပရိတ်သက်ကြီး အလိမ်မခံရအောင် ဈေးနှုန်းများကိုပါ တင်ပြလိုက်ပါတယ်။ International Domainလို့ အခေါ်များတဲ့ ‘.com, .net, .asia’လိုမျိုး ၀က်ဘ်လိပ်စာမျိုး ၀ယ်ယူချင်တယ်ဆိုရင်တော့ ရောင်းဈေးမှာ တစ်နှစ်လျှင် USD 15 ၀န်းကျင်ခန့်သာ ဖြစ်ပြီး၊ Local Domainလို့ အခေါ်များတဲ့ ‘.com.mm, .net.mm, .id.mm’လိုမျိုးဆိုရင်တော့ တစ်နှစ်လျှင် မြန်မာကျပ်ငွေ ၆၀,၀၀၀မှ ၁၂၀,၀၀၀ ၀န်းကျင်ခန့် ရှိပါတယ်။

အင်တာနက် ကမ္ဘာကြီးမှာ ကိုယ်ပိုင် ၀က်ဆိုဒ်လိပ်စာ တစ်ခု ပိုင်ဆိုင်ခြင်းသည်ကတော့ စီးပွားရေး လုပ်ငန်းရှင်ကြီးများအတွက် လွန်စွာ အရေးကြီးလာသော ပိုင်ဆိုင်မှု တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ စီးပွားရေး လုပ်ငန်းများအတွက် မိမိ စီးပွားရေး အကြောင်း သိရှိ နားလည်ချင်သူများမှ မိမိ ရုံးသို့ ဖုန်းခေါ်ဆို၍ (သို့) လူကိုယ်တိုင် လာရောက် မေးမြန်းစရာ မလိုတော့လို့ပါပဲ။ ဆိုလိုရင်းကတော့ သင်၏ စီးပွားရေးကို စိတ်၀င်စား လေ့လာချင်သူများအနေဖြင့် အင်တာနက် ချိတ်ဆက်လို့ ရသည့် နေရာတိုင်းမှ မိမိရဲ့ စီးပွားရေး လိပ်စာကို အင်တာနက် ဘရောင်ဆာပေါ်မှတဆင့် မိမိ၏ စီးပွားရေး လုပ်ငန်းအကြောင်းကို စာရွက်စာတန်းအဖြစ်သော်လည်းကောင်း၊ ဓာတ်ပုံ ဗီဒီယို အဖြစ်သော်လည်းကောင်း လေ့လာ သိရှိနိုင်ခွင့် ရှိလို့ပါပဲ။

နောက်ဆုံးအနေဖြင့် တင်ပြချင်သည်ကတော့ ၀က်ဘ်ဆိုဒ် လိပ်စာလို့ခေါ်သည့် ဒိုမိန်းနိမ်းကို ပြည်တွင်း၌ မည်သည့် ကုမ္ပဏီမှ ၀ယ်၀ယ် မိမိ၏ အမည်ပေါက် လုပ်သင့်ကြောင်း — မိမိ ၀ယ်ယူသည့် လိပ်စာသည် မိမိ အပိုင်ဖြစ်ကြောင်း — သွားရောက် ၀ယ်ယူမည့် ကုမ္ပဏီအမည်နှင့် မ၀ယ်ယူသင့်ကြောင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒိုမိန်းနိမ်း အရောင်းအ၀ယ် လုပ်သည့် ပြည်တွင်းရှိ ကုမ္ပဏီတစ်ချို့ မှာ သူတို့ ပိုင်ဆိုင်သည့် လိပ်စာအဖြစ် သိမ်းဆည်းထားပြီ ၀ယ်ယူသူမှ Credit Card အသုံးပြုလို့ရသဖြင့် ပြန်လည် လွှဲပြောင်း၀ယ်ယူဖို့ ကြိုးစားရာတွင် မအောင်မြင်ခဲ့သော သာဓကများ ရှိပြီး၊ ဒိုမိန်း၏ တစ်နှစ်စာ တန်ဖိုးကို သိန်းဂဏန်းဖြင့် တောင်းခံနေသူများ ရှိနေလို့ပါပဲ။ နားမလည်သူများကို အမြတ်ထုတ်နေသော ပြည်တွင်းရှိ စီးပွားရေးသမားများ၏ ရန်မှ ကင်းေ၀းပြီး အင်တာနက် ကျေးရွာမှာ မိမိ ကိုယ်ပိုင် လိပ်စာဖြင့် ၀င့်၀င့်ဝါးဝါး ပျော်မွှေ့နိုင်ပါစေလို့…

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *