Health, Opinion

တိုးတက်မှု၏ နောက်ကွယ်မှ မီးလျှံများ

jumpseek.com

ပွင့်လင်းရာသီတို့၏ အစ၊ မိုးကုန်ချိန် ယခုလို အချိန်အခါမျိုးသည်ကား နံနက် မိုးသောက် အလင်းရောက်ချိန်မှ စ၍ ညနေဆည်းဆာ နေ၀င်ချိန် ရောက်သည့်တိုင် သာယာလှသည်။ တစ်နေ့တာ လုပ်ငန်းဆောင်တာများ ပြီးဆုံး၍ ဆေးရုံမှ အပြန်လမ်း ခရီးလေးသည် နယ်မြို့ကလေးမှာ တာ၀န်ကျနေသော ကျွန်တော့လို ဆရာ၀န် တစ်ဦးအဖို့ အပန်းဖြေစရာ တစ်ခု ဖြစ်သည်။ နေ၀င်ချိန် ဆည်းဆာအလှလေးကို ငေးမော ကြည့်ရှုရင်း ထိတွေ့ ခံစားမိသော လေပြေလေညင်းတို့၏ တိုက်ခတ်ပုံ နူးညံ့မှု အထိအတွေ့ကို နှစ်သက်လှသဖြင့် အိမ်ပြန်လျှင် ကမ်းနားဘက် တစ်လျှောက်သို့ တကူးတက ခရီးခြေဆန့်ရလျှင်ဖြင့် တစ်နေ့တာ၏ အမောကို ပြေစေပါသည်။ ငယ်စဉ်က ဓာတ်ပုံပညာကို ဝါသနာပါခဲ့၍ အခြေခံ သင်တန်းမျှ တက်ဖူးထားခဲ့သူလည်း ဖြစ်သောကြောင့် ရံဖန်ရံခါ ဓာတ်ပုံ ရိုက်ရင်း မှောင်စ ပျိုးသည်အထိ အချိန်ဖြုန်းရသည်မှာလည်း မလဲနိုင်သော အရသာ တစ်ခု ဖြစ်သည်။

‘‘ဟဲ့ နင့်ကို ငါ ဘယ်နှစ်ခါ ဆုံးမ ရမလဲ၊ ကျောင်း မတတ်ဘဲ ဒီဂိမ်းဘဲ ထိုင်ဆော့နေတယ်၊ နင်တော့ အိမ် ရောက်ရင် သေပြီသာ မှတ်’’ မိခင် ဖြစ်သူ၏ ကိုးနှစ် ဆယ်နှစ်အရွယ် ကလေး တစ်ဦး၏ နားရွက်ကို ဆွဲကာ ထွက်သွားသည်ကို မြင်လိုက်ရသည်။ သူတို့ ထွက်လာသော နေရာကို လှမ်းကြည့်လိုက်တော့ မြို့ခံ တစ်ဦးဖြစ်သူ ကိုယုံမိုး ဖွင့်ထားသော ‘‘Internet နှင့် Game’’ ဆိုင်ကို တွေ့ရသည်။ ဆိုင်ရှေ့တွင်လည်း စက်ဘီး အစီး နှစ်ဆယ်ခန့် ဆိုင်ကယ် ဆယ်စီးခန့် ရပ်ထားသည်ကို တွေ့ရသဖြင့် အလွန် အောင်မြင်သော စီးပွားရေး တစ်ခု ဖြစ်မည်ဟု မှန်းဆမိသည်။ ထို့ကြောင့်လည်း ‘‘ငါ ကြုံတုန်း၀င် စပ်စုဦးမယ်’’ဟူသော အတွေးဖြင့် ထိုဆိုင်ဘက်သို့ ခြေဦးလှည့်မိသည်။

တိတ်ဆိတ်ညင်သာသော ညနေစောင်းလေး၏ မှောင်ရီပျိုးစ အချိန်လေးတွင် ဆိုင်လေး၏ နီယွန် ဆိုင်းဘုတ် မီးလေးကား ည၏ အလှကို အကဲသာစေသဖြင့် ဆိုင်ထဲသို့ မ၀င်သေးဘဲ Cameraကို (သုံးချောင်းခေါက် Tripod မပါဘဲ နီးရာ အုတ်ခုံပေါ် တင်၍) Slow Speed ဖြင့် စိတ်တိုင်းကျ ရိုက်ကူးပြီး ဆိုင်ရှင် ကိုယုံမိုးအား လက်ဆောင်ပေးဦးမည်ဟု ပီတိစိတ်ကလေး ပေါ်မိသည်။

အေးချမ်း ငြိမ်သက်လှသော ပြင်ပမှ ဆိုင်အတွင်း ၀င်ရန် တံခါးမကြီးကို ဆွဲဖွင့်လိုက်သောအခါတွင်ကား…
‘‘သေချင်လို့လားကွ၊ ဒီလောက်တော့ ငါက ဘယ်မှုမလဲ’’
‘‘ခွေးတောင် မကပ်နဲ့လေ ၀ပ်နေ၀ပ်၊ မဟုတ်ရင် မင်းရော ငါပါ သေလိမ့်မယ်’’
‘‘ဟာ ဒီကောင်ကလဲ…’’
ကြည်နူး ခံစားလာခဲ့မိသော စိတ်အာရုံသည် တဒင်္ဂအတွင်း ကမောက်ကမ ဖြစ်သွားသည်။ လူငယ် လူလတ် အချိုးအစားမျိုးစုံ အုတ်အုတ်ကြတ်ကြတ် ဖြစ်နေသော ဌာနေကြီး တစ်ခုပါလား။

ရန်ကုန်မှ ပြောင်းလာသည့် အချိန်ကတည်းက ဖြတ်သာ သွားမိပြီး ၀င်မကြည့်မိခဲ့သော အပြင်ပန်းတွင် အေးချမ်းသာယာလှသည့် ရှုမျှော်ခင်းလေး၏ အတွင်းသဏ္႑ာန်သည်ကား အံ့သြလောက်စရာပင်တည်း။

‘‘သြော် ဆရာကြီးပါလား။ Internet သုံးဖို့လား၊ ဒီဖက်ကို ကြွပါ’’ ဆိုင်ရှင် ကိုယုံမိုးက အပြေးလေး လာခေါ်သည်။ သူခေါ်ရာ ဘက်သို့ လိုက်သွားသည့်အခါတွင်ကား တိတ်ဆိတ် ငြိမ်သက်လှသည့် အခန်းငယ်လေးထဲ၌ ကွန်ပျူတာ ကိုယ်စီ နားကြပ် ကိုယ်စီဖြင့် LCD Monitorထဲ ခေါင်းစိုက်လုမတတ် တိုး၀င်နေကြသော လူရွယ်လူငယ် မိန်းကလေး၊ ယောကျ်ားလေးများကို တွေ့ရပြန်သည်။

‘‘ဟိုဖက်က Net Game ဆရာ၊ ဒီဖက်ကတော့ အေးအေးဆေးဆေး Chat ချင်သူတွေအတွက်ပေါ့ ဆရာ’’
‘‘အောင်မြင်တာ တွေ့ရလို့ ၀မ်းသာတယ်ဗျာ၊ ကျွန်တော်လဲ ဘာရယ်လို့ မဟုတ်ဘူး လမ်းလျှောက်ရင်း ၀င်လေ့လာဦးမယ် ဆိုပြီး ၀င်လာတာ။ ဒါနဲ့ မိသားစုတွေကော နေကောင်းကြရဲ့လား။’’

‘‘ကောင်းတယ် ဆရာ သားနှစ်ယောက်က ဒီအိမ်မှာဆို စာမလုပ်ဘဲ Game ချည်းပဲ ထိုင်ဆော့နေတာ ထိန်း မရလို့ ကျောင်း ဆင်းတာနဲ့ ကုန်စုံလမ်းက သူ့အဖွားတွေ အိမ် ပို့ထားရတယ်၊ ည (၁၀) နာရီလောက်မှ သူတို့ သားအမိတွေ ပြန်လာတယ်။’’
‘‘ကျွန်တော်ကတော့ ည ၁၁:၀၀ နာရီလောက်မှပဲ ဆိုင် သိမ်းဖြစ်တော့ သွားမခေါ်နိုင်ဘူး’’

ကိုယုံမိုးနှင့် ခေတ္တခဏ စကားစမြည်ပြောကာ အတွေ့အကြုံ ဗဟုသုတ အသစ်များ အပြန်အလှန် ရှာဖွေ ဆည်းပူးပြီး နှုတ်ဆက်ကာ ပြန်ထွက်ခဲ့သည်။ အပြန်လမ်းတွင်ကား ‘‘သား?’’ ပေါင်းများစွာသော မေးခွန်းများနှင့် တပွေ့တပိုက်ကြီး ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် တို့ငယ်ငယ်တုန်းကသာ ဒါမျိုးတွေ ရှိခဲ့ရင် ငါတို့လဲ ဘယ်လို ဖြစ်လာမလဲ’’ဟု တွေးမိသည်။ ငယ်စဉ်အချိန်က အရွယ်တူ ကစားဖော် ကစားဖက်များနှင့် ပြေးလွှားခုန်ပေါက် ခဲ့ကြသည်များကို အမှတ်ရမိသည်။ ဖခင်ဖြစ်သူက အစိုးရ အရာရှိ တစ်ဦး ဖြစ်၍ အစိုးရရုံးအဖွဲ့ တည်ရှိရာ ခြံ၀န်းကျယ်အတွင်းရှိ အစိုးရ အိမ်၌ နေခွင့်ရခဲ့သောကြောင့် တကူးတက ကစားကွင်းရှာရန် မလို၊ ရုံး၀န်းထဲ၌သာ ကစားခဲ့ရသော ပျော်စရာ နေ့ရက်များကို ပြန်လည် မြင်ယောင်မိသည်။ ထို့အတူ ‘‘ဒီခေတ်ကလေးတွေ၊ ဒီGame တွေပဲ ကစားပြီး အပြင်မှာလည်း ထွက် မကစားရတာ ကျန်းမာရေး ထိခိုက်မှာပဲနော် ဆရာ’’ဟူသော ကိုယုံမိုး၏ မေးခွန်းလေးကို ပြန်ဖြေပေးခဲ့ပုံလေးကိုလည်း တစိမ့်စိမ့် တွေးလာမိိခဲ့သည်။

ထို ကွန်ပျူတာ Game ဆိုသည်များကား နှစ်ပေါင်း (၃၀)မျှကာလအတွင်း ပေါ်ပေါက် တိုးတက်လာခြင်း ဖြစ်သည်။ အမေရိကန် စိတ်ပညာ သုတေသီတို့၏ အဆိုအရ ကလေးတစ်ဦးသည် အသက် (၁၀)နှစ် အရွယ်တွင် ကွန်ပျူတာ Screen ရှေ့တွင် နာရီ (၂၀၀၀)မျှ ထိုင်ပြီး ဖြစ်နေသည်။ မိန်းကလေးငယ် တစ်ဦးသည် တစ်ပတ်လျှင် ပျမ်းမျှ (၅) နာရီခန့် ကွန်ပျူတာ ရှေ့ထိုင်သော်လည်း ယောကျ်ားလေးတစ်ဦးသည် ပျမ်းမျှ (၁၃) နာရီခန့် ထိုင်သည်ကို တွေ့ရှိရသဖြင့် သားယောကျ်ားလေးတို့အတွက် ပို စိုးရိမ်ရသည်။ အချို့ကလည်း Game ကစားသလို တစ်ချို့ကလဲ စာဖတ်ခြင်း၊ မိိတ်ဖွဲ့ စကားပြောခြင်းများကို ပြုလုပ်တတ်ကြသည်။ ရန်ကုန်သို့ မိမိ အလည်ရောက်စဉ်က (၈) နှစ် အရွယ် တူမငယ်က အဖေ ဖြစ်သူကို စာဖတ်ရန် iPad ၀ယ်ခိုင်းရန် ပူဆာခဲ့သည်ကို တအံ့တသြ တွေ့ခဲ့ရသည်။ မိမိတို့ ဤအရွယ်ရောက်ချိန်တွင်မှ မနည်း လေ့လာ သင်ယူခဲ့ရသော ကွန်ပျူတာ အသုံးချနည်းမျိုးစုံကို သူတို့အရွယ် ကလေးငယ်များက မသင်ရဘဲ တတ်နေကြသည်။ သြော် တိုးတက်လာသော ခေတ်ကြီး မဟုတ်ပါလော။

‘‘ဆရာ သူတို့လေးတွေက ဒီအရွယ်ကတည်းက ဒါတွေ သုံးတတ်နေတော့ သူတို့ ဦးနှောက်က ကျွန်တော်တို့ထက် သာမှာ ပေါ့နော်’’ ကိုယုံမိုး၏ မေးခွန်းလေးကား တန်ဖိုး ရှိလှသည်။ မည်သည့်အရာတွင်မဆို အကောင်းအဆိုး ဒွန်တွဲနေတတ်သည်။ ယခုခေတ် Computer Game၊ Net Game စသည်တို့၌ သိသာ ထင်ရှားသော ဆိုးကျိုးများ ရှိသကဲ့သို့ အကောင်းဘက်မှ ရှူမြင်နိုင်သည်များလည်း ရှိသည်။ သို့သော် တန်ဆေး လွန်ဘေး ဖြစ်သွားသည်က များလှသည် မဟုတ်လား။ Computer Game ကစားခြင်းသည် အကြောင်း တစ်စုံတစ်ခုကြောင့် စိတ်ဆင်းရဲနေသူတို့အဖို့ စိတ်ပြေလက်ပျောက် ဖြစ်စေသည်။ ဉာဏ်ရည် ဉာဏ်သွေးကို ထက်မြက်စေပြီး မိမိကိုယ်ကို ယုံကြည်မှုကို တိုးပွားစေသည်။ မှတ်ဉာဏ်အားကို ပိုမို ဖွံ့ဖြိုးစေတတ်သည်ဟု ယုံကြည်သူများရှိသလို မှတ်ဉာဏ်ကို ဆုတ်ယုတ်စေသည်ဟု ဆိုသူများလည်း ရှိပါသည်။

ပူးပေါင်း ပြိုင်ဆိုင်ရသော Gameများကား အသင်းစိတ်၊ အဖွဲ့အစည်း စိတ်ဓာတ်နှင့် လူမှု ဆက်ဆံရေးနှင့် အားကစား စိတ်ကို မြှင့်တင်ပေးသည်။ ဖြတ်ထိုးဉာဏ်နှင့် အခက်အခဲကြားမှ ပြဿနာကို ဖြေရှင်းတတ်ရန် လေ့ကျင့်ပေးသကဲ့သို့လည်း ဖြစ်နိုင်သည်။ စူးရှသော အမြင်အာရုံနှင့် ဖျတ်လတ်မှု တက်ကြွမှုကိုသာ ပေးသည်သာမက ‘‘Hand-Eye Coordination Skill’’ ကိုလည်း တက်စေသည်။

၄င်းနှင့် ပတ်သက်၍ စာရေးသူတို့ ဆေးပညာ သင်ကြားစဉ်က ခွဲစိတ် လက်တွေ့ ပါရဂူ ဆရာကြီး တစ်ဦးက လူနာတစ်ဦး၏ ဗိုက်ကို ဓားဖြင့် ခွဲစိတ် ကုသခြင်း မဟုတ်ဘဲ အပေါက်ငယ်လေးအတွင်းမှ ကင်မရာ အပါအ၀င် အထူး ခွဲစိတ်ကိရိယာများဖြင့် ဗိုက်တွင်း ကလီစာများကို တီဗီထဲတွင် ကြည့်ရှူပြီး လက်မှ ကိရိယာများဖြင့် ဖြတ်တောက် ခွဲစိတ်နိုင်သော ပညာ (Endascopia Surgery)ကို ပြသခဲ့စဉ်က ဒီ ဆရာကြီးလို တီဗီ ကြည့်ရင်း လက်က နှိပ်ရဖို့ဆို Game အရင် ကျင့်ရမယ်ဟု သူငယ်ချင်းတစ်စု ရယ်စရာ ပြောဖြစ်ခဲ့သည်ကို အမှတ်ရနေမိသည်။ ထို ကွန်ပျူတာ Game ကစားခြင်းဖြင့်လည်း Computer Literacyကို တက်စေသည်ဟု ဆိုကြသည်သာမက Training Games, Learning Game များသည် စာပေ ဗဟုသုတကိုပါ တက်စေပါသည်။ သို့သော် ဤမျှလောက်သော ကောင်းကျိုးကို အနိုင်ယူသွားသူကား များပြားလှသော ဆိုးကျိုးများတည်း။

Computer Game, Net Game, PS Game ရှိသမျှ Game အားလုံးကို အမျိုးအစား ခွဲကြည့်လိုက်လျှင် အောက်ပါအတိုင်း တွေ့ရသည်။

» Fantacy Violance – 32%,
» Human Violance 17%,
» Sports – 29%,
» Entertainment 20 %,
» Education – 2%,
» Others 6-7%,

Gameများ၏ စီစဉ်တင်ဆက် ပြသမှုများသည် ပြင်ပ ကမ်ဘာငယ်လေး တစ်ခုအလား အံ့မခန်း ခေတ်မီ တိုးတက်လာခြင်းနှင့်အညီ ‘‘Alternative World’’ဟု ဆိုရမည်ဖြစ်သလို ‘‘Virtual Reality’’ဟု တင်စားရမည် ဖြစ်သည်။ ၉၀%သော Game ကစားသူများသည်ကား Violance Gameများကိုသာ စွဲမက် နှစ်ခြိုက် ကစားကြသဖြင့် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာကြမည့် လူငယ်တို့နှင့် နိုင်ငံတော်အတွက် ရင်လေးဖွယ်ရာ ဖြစ်သည်။ လေးငါးနှစ်အရွယ် ကလေးငယ်အရွယ်ကအစ ကြက်ကလေး ငှက်ကလေးများကို သတ်ဖြတ် ရိုက်ပုတ် အနိုင်ယူရသော Game များနှင့် ရင်းနှီးလာရာမှ လူအချင်းချင်း တိုက်ခိုက် သတ်ဖြတ်ကြသော Gameများကို အားရပါးရ ကစားလာကြသည်။ အများဆုံး သတ်ဖြတ် ဖျက်ဆီးနိုင်သော သူသည် တစ်ခန်းပြီး တစ်ခန်း အောင်မြင်မှု Rewardကို ရရှိလာရာမှ လူငယ်တို့၏ စိတ်အတွင်းသဏ္႑ာန်သည်လည်း ကြမ်းတမ်းလာကြသည်။

အဖမ်းဆီး မခံရသည့်အပြင် ဆုပင် ရရှိလာကြသဖြင့် အမှန်အမှားကို ေ၀ခွဲနိုင်ခြင်း မရှိတော့ပဲ Aggressive Behavior, Emotion & Thoughtsများ ပွားများကား ကူညီ စာနာတတ်မှုများ နည်းပါးလာတတ်ကြသည်။ လက်တွေ ဆတိုးတက်မှုအတွက် ဆင်ခြင်နိုင်စွမ်း မရှိတော့ဘဲ Game ထဲ၌ သာ နစ်မျော ပျော်ပါး နေသူများလည်း ရှိတတ်သည်။ ကျောင်းစာ၌ စိတ်၀င်စားမှု လျော့နည်း ပျက်စီးခြင်းများ ရှိတတ်သလို မိဘဆရာများအား ကလန်ကဆန် လုပ်လိုသူများလည်း ရှိလာကြသည်။ Gameထဲမှာတော့ Hero, အပြင်မှာတော့ လူမိုက် ဖြစ်သွားပြီး မိမိကိုယ် မိမိ အထင်ကြီးကာ ရမ်းကား နှောက်ယှက် ရန်ဖြစ်ရင်း ပျက်ဆီးရသူလည်း ရှိသည်။

ကျန်းမာရေး ရှူထောင့်မှ ကြည့်လျှင်လည်း ကွန်ပျူတာကို အချိန်ကြာ တစ်စိုက်မက်မက် ကြည့်ရှူနေခြင်းကြောင့် လည်းကောင်း အထိုင်ကြာလာခြင်းကြောင့် လည်းကောင်း ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊ ဇက်ကြော တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိကိုက်ခြင်း၊ မူးေ၀ခြင်းများ ရှိတတ််သလို Mouse နဲ့ Keybordကို အဆက်မပြတ် နှိပ်နေရခြင်းကြောင့် လက်ချောင်းများ ရောင်ရမ်းခြင်း Repetitive Strain Injury (RSI) ဖြစ်တတ်သည်။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းကြောင့် အဆီစုကာ Overweight ဖြစ်လာတတ်သလို ညဘက် အိပ်ရာ၀င်ခါနီးသည်အထိ အိပ်ရေးပျက်သည်အထိ ဆော့ကစားမှုများကြောင့် Sleep Disorder ရတတ်သည်။ ဦးနှောက် ဖွံ့ဖြိုးမှုနှင့် ပတ်သက်လျှင်လည်း Plas ONE Journalတွင် ဖော်ပြထားသည်မှာ ထိုကလေးတို့၏ ဦးနှောက်အတွင်းရှိ Cell အစုအေ၀း တည်ရှိရာ Grey Matterများ ကျုံ့သွားနိုင်သည်ဟု ဖော်ပြထားသလို ဂျပန် ဆေးသုတေသီများကလည်း Game ကစားခြင်းကြောင့် အမြင် အကြား အာရုံနှင့် လှုပ်ရှားနိုင်စွမ်းတို့သည်သာ ပိုမို တိုးတက်လာပြီး ဦးနှောက်၏ အခြား စွမ်းဆောင်နိုင်မှုများ ဆက်လက် တိုးတက်ခြင်း မရှိတော့ဟု တွေ့ရှိထားသည်။

ထို့ကြောင့် ထိုသို့ ဆိုးကျိုးများ မခံစားရလေအောင် မိဘများက ငယ်ရွယ်စဉ်ကတည်းက ကြပ်မတ်သင့်သည်။ မုန့်ဖိုးပေးသည်ကို မုန့်၀ယ် မစားဘဲ Game ဆိုင် ရောက်နေသလား စုံစမ်းသင့်သည်။ မလောင်ခင်ကတည်းက တားရမည့် မီးများပင်တည်။ တိုးတက်မှု၏ နောက်ကွယ်က အပူမီး၊ အဖျက်မီး ဖြစ်သည်။ ငယ်ရွယ်စဉ်က ညစ်ပတ် ပေကျံအောင် ကစားခဲ့သော ခုန်ပေါက် ပြေးလွှားကစားနည်းများ၊ ရွှံ့ များ၊ နုန်းများ၊ သဲများ၊ ကျောက်ခဲ၊ အုတ်ခဲများဖြင့် ကစားခဲ့သော နည်းများသည်ကား အန္တရာယ် ကင်း၍ ကျန်းမာ သန်စွမ်းသော ပညာရှင်၊ ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးခဲ့သည်ကို ယနေ့ခေတ် မိဘများနှင့် ကလေးသူငယ်များ သိရှိ နားလည်ကြစေရန် ရေးသားလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *