Featured, Mobile, News, Review

Sapphire ဖုန်းမျက်နှာပြင်များဟာ မာကျောပေမယ့် အတားအဆီးများစွာ ရှိနေပါသေးတယ်

Sapphire ဖုန်းမျက်နှာပြင်များဟာ မာကျောပေမယ့် အတားအဆီးများစွာ ရှိနေပါသေးတယ်

Sapphire ဆိုတဲ့စကားလုံးဟာ စက်တင်ဘာလအတွက် ရေပန်းစားနေပါတယ်။ ဘာလို့လဲဆိုတော့ Appleက Sapphire မျက်နှာပြင်တပ်ဆင်ထားတဲ့ iPhone 6ကို အဲဒီလမှာ ရောင်းမယ်လို့ သတင်းထွက်နေလို့ပါ။ Sapphire ကျောက်များကို လက်စွပ်များ၊ ခန္တာကိုယ်မှာ ၀တ်ဆင်ရတဲ့ လက်၀တ်ရတနာများမှာလည်း အသုံးပြုကြပါတယ်။ ဒါ့အပြင် ကင်မရာလန်းစ်များနဲ့ နာရီများမှာလည်း တွေ့နိုင်ပါတယ်။ ဘာလို့လည်း ဆိုရင်သူဟာ ကမ္ဘာပေါ်က အမာကျောဆုံးအရာတွေထဲမှ တစ်ခုဖြစ်လို့ပါပဲ။ သူ့ကို စစ်တပ်အဆင့် လေယာဉ်ပျံများနဲ့ ဒုံးကျည်များမှာတောင်မှ သုံးကြပါတယ်။ Appleက Sapphireကို iPhone 6မှာ သုံးမယ်ဆိုတဲ့အတွက် စိတ်လှုပ်ရှားစရာတွေလည်း တွဲလျှက်ပါရှိလာပါတယ်။ ဒါပေမယ့် ဖုန်းထုတ်လုပ်သူအများစုကတော့ Appleရဲ့ ပြောင်းလဲလိုက်တဲ့ မျက်နှာပြင် နည်းပညာကို အာရုံသိပ်မရကြပါဘူး။

YouTube Bloggerတစ်ယောက်ဖြစ်တဲ့ Marques Brownleeက iPhoneမျိုးဆက်သစ်မှာ သုံးမယ့် Sapphireမျက်နှာပြင်ဆိုတာဘာလဲဆိုတာကို ပြသခဲ့ပါတယ်။ Sapphireကို သုံးမယ်ဆိုတာ Appleက ပြောကြားထားခြင်းမရှိပေမယ့် ယုံချင်စရာကောင်းပါတယ်။ Appleက အရီဇိုးနားမှာ စက်ရုံတည်ဆောက်ဖို့ ဈေးကွက်မှာ ဦးဆောင်နေတဲ့ Sapphire ထုတ်လုပ်သူ GT Advanced Technologiesနဲ့ ပူးပေါင်းခဲ့တယ်လို့ မနှစ်က ကြေညာခဲ့ပါတယ်။ 9to5macရဲ့ သတင်းအရ သူတို့ရဲ့ ပူးပေါင်းမှုမှာ တစ်နှစ်ကို iPhoneအရွယ် မျက်နှာပြင် သန်း တစ်ရာကနေ နှစ်ရာထုတ်လုပ်ဖို့ လုံလောက်တဲ့ စက်ပစ္စည်းတွေပါ၀င်ပါတယ်။

Sapphire မျက်နှာပြင်ကို အသုံးပြုတဲ့ အဓိက အကြောင်းအရာတစ်ခုရှိနေပါတယ်။ သူဟာ အလွန်မာကျောပါတယ်။ လက်ရှိစမတ်ဖုန်းတွေမှာ သုံးနေကြတဲ့ Gorilla Glassထက် လေးဆပိုမိုမာပါတယ်။ အခြားမာကျောတဲ့ အရာတွေကိုလည်း အံတုနိုင်ပါတယ်။ Sapphire မျက်နှာပြင်မှာ ခြစ်ရာထင်စေဖို့ဆိုရင် အရာ၀တ္ထုတွေရဲ့ မာကျောမှုကို မှတ်ကျောက်တင်တဲ့ Mohs Scale အဆင့်သတ်မှတ်ချက်မှာ အဆင့် ကိုးထက်ကျော်တဲ့ အရာနဲ့မှသာ Sapphireကို ခြစ်ရာထင်စေမှာပါ။ အဆင့်သတ်မှတ်ချက်မှာ ၁၀ က အများဆုံးဖြစ်ပြီး အဲဒီစံနှုန်းကို ပိုင်ဆိုင်တာက စိန်ပါ။ Gorilla Glassက ခုနစ်ဖြစ်ပြီး ကော်ပတ်က အဆင့် ကိုးပါ။

စမတ်ဖုန်းမှာ ဖန်အစားSapphireကို သုံးတာက မထူးဆန်းလှပါဘူး။ သူ့ကို iPhone ကင်မရာကို ဖုံးအုပ်တဲ့နေရာမှာလည်း သုံးထားသလို Touch IDအတွက် iPhone 5S ရဲ့ Home Buttonမှာလည်း သုံးထားပါတယ်။ Vertu, Savelli, TAG Heuerတို့လို တန်ဖိုးကြီး ဘရန်းတွေမှာလည်း Sapphire မျက်နှာပြင်ကို သုံးထားပါတယ်။ Sapphireမျက်နှာပြင်ကို ထုတ်လုပ်ဖို့ အချိန်အများကြီးပေးရပါတယ်။ ကုန်ကျစရိတ်များပြားပြီး Sapphire ကျောက်က ပေါများစွာ မထွက်ပါဘူး။ ကင်မရာကို ဖုံးအုပ်ထားတဲ့ Sapphire ဟာ ဖန်ထက် ၂.၆ ဆ ဈေးများပါတယ်။ ပိုကြီးတဲ့ ဖုန်းမျက်နှာပြင်မှာဆိုရင်တော့ ကုန်ကျစရိတ်ပိုများမှာပါ။ ပြီးခဲ့တဲ့နှစ်က GT Advancedမှ ပညာရှင်များက Gorilla Glass မျက်နှာပြင်ထုတ်လုပ်ဖို့ သုံးဒေါ်လာလောက်သာ ကုန်ကျမယ်လို့ တွက်ချက်ပြီး Sapphireကတော့ ဒေါ်လာ သုံးဆယ်လောက်ကုန်ကျမယ်လို့ တွက်ချက်ပါတယ်။

အဓိက စမတ်ဖုန်းထုတ်လုပ်သူတွေကို ဆက်သွယ်ကြည့်တဲ့အခါမှာတော့ ကုမ္ပဏီအများစုဟာ Sapphire မျက်နှာပြင်ကို သုံးဖို့ကို သုတေသနပြုလုပ်ပြီးကြပါပြီ။ သူတို့ရဲ့ အဖြေကတော့ အားရစရာမကောင်းပါဘူး။ “ကုန်ကျစရိတ်နဲ့ ကုန်ကြမ်းဟာ လက်တွေ့မှာ Sapphireကို သုံးဖို့ အဆင်မပြေသေးပါဘူး။ Sapphireရဲ့ မာကျောမှုနဲ့ ခြစ်ရာကို ခံနိုင်ရည်ရှိမှုက စွဲဆောင်မှုရှိပါတယ်။ ဒါပေမယ့်လည်း Gorilla Glassနေရာမှာတော့ ချက်ချင်း အစားမထိုးနိုင်သေးပါဘူး။”လို့ LGရဲ့ ကမ္ဘာတစ်၀န်းဆက်သွယ်မှု မန်နေဂျာ Ken Hongက ပြောပါတယ်။

အခြားနောက်ထပ် ပြဿနာများစွာလည်း ရှိနေပါသေးတယ်။ Sapphireဟာ Gorilla Glassထက် လေးလံသလို ကြည်လင်ပြတ်သားစွာ မမြင်ရပါဘူး။ ထုတ်လုပ်သူတွေက အထူးပြုလုပ်ထားတဲ့ အလွှာတစ်ထပ်ကို ထည့်သွင်းမှသာ ကြည်လင်ပြတ်သားစွာ မြင်နိုင်မှာပါ။ ဒါတောင်မှ ဖန်သားပြင်လောက် ကြည်လင်မှာ မဟုတ်ပါဘူး။ ကုမ္ပဏီအားလုံးက အဖြူရောင် Sapphireဟာ ကြာရှည်ခံပြီး ချိုးဖျက်လို့မရဘူးလို့ ပြောပါတယ်။ တကယ်တမ်းမှာတော့ မျက်နှာပြင်ကြီးလေလေ ချိုးဖျက်လို့လွယ်လေလေပါပဲ။

အခြား စမတ်ဖုန်းထုတ်လုပ်သူက Appleကို ပြိုင်ဖို့ Sapphireကို သုံးမယ်ဆိုရင်တောင်မှ ကုန်ကြမ်းရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်ရမှာပါ။ Appleကတော့ ငွေကြေးချမ်းသာတဲ့အတွက် ပြဿနာမရှိပေမယ့် Samsungကလွဲပြီး အခြား ထုတ်လုပ်သူတွေက ရုန်းကန်ရမှာပါ။

ဒါဟာ အနာဂတ်မှာ Sapphire မျက်နှာပြင်တွေ မပေါ်ထွက်လာဘူးလို့ မဆိုလိုပါဘူး။ ပုံစံတစ်နည်းတစ်ဖုံနဲ့ ပေါ်ထွက်လာမှာပါ။ Hardware ထုတ်လုပ်သူများဟာ Sapphireကို စမတ်နာရီတွေမှာ အသုံးပြုလာကြမယ်ဆိုရင် အလွန်အံ့သြစရာမကောင်းလှပါဘူး။ ဥပမာ အနေနဲ့ Moto 360မှာ Sapphire မျက်နှာပြင်ကို အသုံးပြုမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ ကုန်ကြမ်းတွေများပြားလာမယ်၊ ကုန်ကျစရိတ်သက်သာလာမယ်ဆိုရင် ဖုန်းထုတ်လုပ်သူတွေအတွက် Sapphireကို သုံးဖို့ လမ်းတွေပွင့်လာမှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *