News, Opinion

ကိုယ်ကစပြီး ပြုပြင်ရမယ်

ကိုယ်ကစပြီး ပြုပြင်ရမယ်

စည်းကမ်း၊ စည်းကမ်းနဲ့ စည်းကမ်းအကြောင်း ရေးနေပြောနေကြတာလည်း မောနေပါပြီ။ ပြောလည်း မောင်ပြောပဲရှိတာ။ အမောသာ အဖတ်တင်တယ်လို့ ဆိုရပါမယ်။ လူတွေမှာအမြစ်စွဲနေပြီဖြစ်တဲ့ စည်းကမ်းမဲ့မှုဟာ တော်ရုံနဲ့ ပြုပြင်လို့မရနိုင်တော့ပါ။ အကျင့်တော်တော် လုပ်ယူရမှာ ဖြစ်ပါတယ်။ အရေးကြီးတာက လူတွေရဲ့ အသိစိတ်ဓာတ်က အခြေခံပါပဲ။ လူတစ်ယောက်ချင်းစီကစပြီး ပြုပြင်ရမှာပါ။ လွယ်တော့ မလွယ်ပါဘူး။ အရိုးစွဲနေပြီလေ။ ဒါပေမယ့် လည်းပေါ့—–

စည်းကမ်းနဲ့ပတ်သက်ပြီး ဂျာနယ်တုန်းက ကိုဘအေးဆောင်းပါး ရေးဖူးသေးတယ်။ အိုင်စီတီဂျာနယ် အတွဲ(၁)၊ အမှတ်(၃၉)မှာပါ။ ဆောင်းပါးခေါင်းစဉ်က “ဒွေအက္ခရာနှစ်လုံးထဲသာ” ဖြစ်ပါတယ်။ အရင်တုန်းကအဆိုတော်ကြီး ဒေါ်မေလှမြိုင် သီဆိုခဲ့ပြီး ယဉ်ကျေးမှုက မြင့်မြင့်ကြည်နဲ့ ရုပ်သံပြန်ရိုက်ပြီး၊ MRTV ကလွှင့်ခဲ့တဲ့ “စည်းကမ်း”ဆိုတဲ့ သီချင်းလေးထဲက စာသားကိုခေါင်းစဉ်တပ်ထားတာပါ။ ဒီသီချင်းရဲ့ တေးပြုစာဆိုကတော့ မောင်မောင်သီ ဖြစ်ပါတယ်။ ဟိုတုန်းကတော့ မြန်မာ့ရုပ်မြင်သံကြားကနေ ခဏခဏထုတ်လွှင့်ပါတယ်။ ခုနောက်ပိုင်းတော့ လွှင့်မလွှင့်မသိတော့ပါ။ အမှန်အတိုင်းဝန်ခံရရင် ဒီနေ့လို TV လိုင်းတွေများလာတဲ့ခေတ်မှာ MRTV ကို သိပ်မကြည့်ဖြစ်ပါ။ MRTV-4 ကိုတော့ တခါတလေ ကြည့်ဖြစ်တယ်။ 5-plus , 5-series, 5-movies စတာတွေပဲ အကြည့်များပါတယ်။ ဒါ့ကြောင့် ခုနက “စည်းကမ်း” သီချင်းကို ခုနောက်ပိုင်းလွှင့် မလွှင့် မသေချာလို့တော့ မသိတော့ပါလို့ ပြောတာပါ။

ဒီသီချင်းရဲ့ အစပိုင်းလေးတင်ပဲ တော်တော်အဓိပ္ပါယ်တာသွားပါတယ်။“စည်းကမ်း…ဆိုတဲ့၊ ဒီစကားကြားရသူများမှာ၊ အတွေးဂယက်မှာ၊ အလေးအနက်ပါ၊ ထားသင့်ကြတာ…စာလုံးရေ… ဒွေအက္ခရာ၊ နှစ်လုံးထဲကအမြင်မှာ… တွေးကြည့်ပါမှသာ တန်ဖိုးအနဂ္ဃရှိနေပြန်တာ…” စည်းကမ်းဆိုတာ “စည်း” ရယ် “ကမ်း” ရယ်၊ စာလုံးနှစ်လုံးပဲရှိပါတယ်။ ဒါပေမယ့် အဲဒီစာလုံးလေးနှစ်လုံးကို သေချာတွေးကြည့်၊ စဉ်းစားကြည့်လိုက်ရင် အဖိုးအနဂ္ဃရှိနေတာကို တွေ့ရမှာဖြစ်တဲ့အကြောင်း ပြောင်မြောက်စွာ ဖွဲ့ဆိုထားတာပါ။

ဘယ်နေရာမှာမဆို နေရာတိုင်းမှာ သူ့စည်းကမ်းနဲ့သူ ရှိပါတယ်။ စောင့်ထိန်းရမယ့် ဥပဒေတွေ၊ ပြဌာန်းချက်တွေ သတ်မှတ်ထားပါတယ်။ ရုံးဆိုလည်း ရုံးစည်းကမ်း၊ အိမ်ဆိုလည်းအိမ် စည်းကမ်း၊ လမ်းဆိုလည်း လမ်းစည်းကမ်း၊ ရွာဆိုလည်း ရွာစည်းကမ်း၊ မြို့ဆိုလည်း မြို့စည်းကမ်း၊ သူ့နေရာနဲ့သူ ရှိတယ်ဆိုပြီး အဲဒီတုန်းကရေးခဲ့ပါတယ်။ တိုက်ခန်းတွေပေါ်ကနေ အမှိုက်ပစ်ချတာတွေ၊ ဘတ်စ်ကားတွေပေါ်ကနေ၊ ကိုယ်ပိုင်ကားတွေပေါ်ကနေ၊ တက္ကစီကားတွေပေါ်ကနေ ကွမ်းတံတွေးထွေးချတာတွေ၊ စက်ဘီးစီးရင်း၊ ဆိုင်ကယ်စီးရင်း၊ ဆိုက်ကားစီးရင်း၊ လမ်းလျှောက်ရင်း ကွမ်းတံတွေးတွေ တပျစ်ပျစ်ထွေးကြတာတွေ၊ အမှိုက်ကိုလည်း အမှိုက်ပုံမှာ စနစ်တကျ မပစ်ပဲ တွေ့ကရာနေရာ ပစ်ကြတာတွေ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက်နာမှုတွေ၊ ရေးရရင်လည်း ဆုံးတော့မည် မထင်ပါ။

တကယ်တမ်းတော့ စည်းကမ်းကို ကြီးမှလုပ်ယူရတာထက် ငယ်ရွယ်စဉ်ကလေးဘဝကပင် အရာရာကို စည်းကမ်းလေးနဲ့ လုပ်ပေးရင် နောင်အသက်ကြီးလာတဲ့အခါ စည်းကမ်းကို အလိုလိုလိုက်နာသွားတတ်မှာပါ။ ဒါ့ကြောင့် “စည်းကမ်းအစ စာသင်ကျောင်းက” လို့ ဆိုတာပါ။ ဖြစ်နိုင်ရင်တော့ လူမှန်းသိတတ်စ အရွယ်ကတည်းက မိဘတွေအနေနဲ့ စည်းကမ်းလေး လုပ်ပေးသွားနိုင်ရင် ပိုကောင်းပါတယ်။ စည်းကမ်းကို တမင်တင်းတင်းကြပ်ကြပ် လုပ်ယူရတာထက် အလိုလို လိုက်နာကျင့်သုံးတတ်တာက ပိုပြီးကောင်းပါတယ်။ နို့မဟုတ်ရင် စည်းကမ်းလုပ်ထားလို့သာ လိုက်နာရတယ်။ မလုပ်ချင် လုပ်ချင် စိတ်မပါဘဲနဲ့ လုပ်ရတာ ကိုယ့်အတွက်လည်း စိတ်ကျဉ်းကြပ်ပါတယ်။ ယုတ်စွအဆုံး သူများပစ်သွားတဲ့ အမှိုက်ကို မကောက်ချင်ရင် ထားဦး။ ကိုယ်ကိုယ်တိုင်က တွေ့ကရာနေရာမှာ အမှိုက်မပစ်မိဖို့ သတိထားရပါမယ်။ တစ်ခါက သမီးကို ကျူရှင်လိုက်ပို့ရင်းနဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်သွားတာ တွေ့မိလို့ ဒီအကြောင်းတွေတော့ ရေးဦးမယ်လို့ စိတ်ကူးမိပါတယ်။ ဒါပေမယ့် ဂျာနယ်မှာလည်း ကိုယ်ရေးခဲ့ဖူးပါတယ်ဆိုပြီး နေလိုက်တာ။ နောက်တော့လည်း ဒီလိုပဲ စည်းကမ်းမဲ့တာတွေ တွေ့နေရတော့(အမှိုက်ပစ် တာတွေ၊ ကွမ်းတံတွေးထွေးတာတွေတင် မဟုတ်ပါဘူး။ ဘတ်စ်ကားစီးတဲ့အခါ ဘတ်စ်ကားတွေက လမ်းကြောင်းကြပ်နေရင် လက်ဝဲဘက်ယာဉ်ကြောကနေ အတင်းကျော်တက် အတင်းမောင်းတာတွေ၊ မှတ်တိုင်မှာမဟုတ်ပဲ လမ်းလယ်ကောင်မှာ ရပ်ပေးတာတွေ၊ တက္ကစီတွေ စည်းကမ်းမဲ့ ရပ်ကြတာတွေ၊ ဈေးဆိုင်တွေက လမ်းပေါ်ရောက်နေတာတွေ၊ လူသွားလမ်း ပလက်ဖေါင်းမှာ ပိတ်ဆို့ ရောင်းချနေကြတာတွေ၊ အရေးယူတော့လည်း ယူယူပါပဲ။ အရေးယူတဲ့ သူကိုတောင် သူတို့က အပြစ်ပြောချင်ပါသေးတယ်) ထပ်ရေးတော့လည်း ဘာဖြစ်လဲ ထပ်ပြီးသိရဆင်ခြင်ရတာပေါ့။ နှစ်ထပ်ရှိမှ မှတ်မိမယ် မဟုတ်လား။

အမှိုက်ကိစ္စ ပြန်ကောက်ရရင် ကိုဘအေးသမီးကို ကျူရှင်လိုက်ပို့တဲ့အခါ အနော်မာ ရွှေမေတ္တာလမ်းကနေ မင်းနန္ဒာလမ်းမကြီးကိုထွက်တဲ့ ဟိန္ဒူဘုရားရှိခိုးကျောင်းဘေးကနေ လမ်းကြားလေးရှိပါတယ်။ အဲဒီမှာ ကိုယ်တွေသားအဖရှေ့က အထုပ်ကြီးတစ်ထုပ်ထမ်းသွားတဲ့ လူတစ်ယောက်ဆီကနေ ကြွတ်ကြွတ်အိတ်လေးတစ်လုံး ဘုတ်ကနဲဆိုထွက်ကျလာတော့ ကိုဘအေးက ပစ္စည်းကျကျန်ခဲ့တယ်အောက်မေ့လို့ ဒီမှာဒီမှာဆိုပြီး လှမ်းခေါ်လိုက်သေးတယ်။ ကိုယ်တွေ ဘေးမှာပါလာတဲ့ လူတစ်ယောက်က ပစ္စည်းကျကျန်ခဲ့တာမဟုတ်ဘူး။ အမှိုက်ပစ်ခဲ့တာ၊ ကွမ်းတံတွေးထွေးထားတဲ့ အိတ်ဖြစ်မယ်ဆိုတော့မှ ကိုယ်လည်း သြော် ဟုတ်လားဆိုပြီး ရေရွတ်မိတယ်။ ဒီလူက ဆက်ပြောပါတယ်။ လူတွေရဲ့ စိတ်ဓာတ်ကအဲဒါပဲဗျ။ မကောင်းဘူးဆိုပြီး ပြောသွားပါတယ်။ ဟိန္ဒူဘုရားကျောင်း ခြံစည်းရိုးဘေးမှာ ပစ်သွားတာ။ လမ်းကြားဆိုတော့လည်း အမှိုက်ပစ်လို့ ကောင်းတာပေါ့။ ဒီနေရာမှာ ပြောချင်တာက အမှိုက်သိမ်းတယ် မသိမ်းဘူးဆိုတာက တစ်ကဏ္ဍပါ။ အမှိုက်ကို အမှိုက်ပုံမှာ ပစ်ရမှာက ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။

ဂျာနယ်မှာ ရေးတုန်းကလည်း ပါပါတယ်။ ကိုဘအေးတို့ ယုဇနဥယျာဉ်မြို့တော်မှာ နေတုန်းက အမှိုက်လှည်းနေ့တိုင်း လာသိမ်းတဲ့အကြောင်း၊ တစ်လကို ၃၀ဝကျပ် ကောက်တဲ့အကြောင်း၊ နောက်ဖေးလမ်းကြားကို တစ်လတစ်ခါ လာရှင်းပေးပြီး ၂၀ဝကျပ်ကောက်တဲ့အကြောင်းပေါ့။ အဲဒီတုန်းက ကိုဘအေးက သာကေတမှာ အဲဒီလိုလမ်းတွေထဲကို အမှိုက်လာမသိမ်းတဲ့အကြောင်း ထည့်ရေးမလို့ဟာ မဒမ်ဘအေးက မရေးပါနဲ့တားလို့ ထည့်မရေးဖြစ်ခဲ့တာပါ။ အခုတော့ ကိုဘအေးတို့ဘက်မှာ စည်ပင်ကမဟုတ်ပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရဲ့ အစီအစဉ်နဲ့ လမ်းထဲကို နေ့တိုင်းအမှိုက်လှည်း လာသိမ်းပါတယ်။ တစ်လကို ၅၀ဝကျပ်ကောက်ပါတယ်။ လေးငါးလလောက်တော့ ရှိသွားပြီ။ ဘာပဲဖြစ်ဖြစ် ကိုဘအေးတို့ အမှိုက်ပစ်ရတာ အဆင်ပြေသွားပါတယ်။ နို့မဟုတ်ရင် ဆိုက်ကားခေါ်ပြီး ၅၀ဝ ကျပ်နှင့် အမှိုက်ပစ်ရပါတယ်။ နောက်ဖေးလမ်းကြားကိုပဲ လွယ်လွယ်နဲ့ ပစ်လိုက်တဲ့အခါလည်း ပစ်ပါတယ်။ အိမ်ဘေးကြားထဲကို ပြတင်းပေါက်ကနေ ပစ်ချလိုက်တဲ့အခါလည်း ရှိပါတယ်။ အဲဒီတာ့ နောက်ဖေးလမ်းကြားမှာ အမှိုက်တွေ တောင်လိုပုံနေပါတယ်။ အိမ်ဘေးမှာ အိမ်အောက်မှာ အမှိုက်တွေချည်းပါပဲ။ ကိုဘအေးတို့ဘက်မှာ ပျဉ်ထောင်အိမ်တွေကို ကန်ထရိုက်တိုက်ဆောက်ဖို့ ဖျက်လိုက်ပြီဆိုရင် ကျန်တဲ့မြေကွက်ပေါ်မှာ အမှိုက်တွေက တင်းကြမ်းပြည့်နေတာပါပဲ။ ခုဆိုရင် အိမ်မှာအမှိုက်ကို လွယ်လွယ်ပစ်မချဖို့၊ အမှိုက်အိတ်ထဲကိုပဲထည့်ဖို့ စည်းကမ်းလုပ်ထားရပါတယ်။ အမှိုက်တွေရှိရင် ကြွက်တွေကလာပါတယ်။ မြေကြွက်ကြီးတွေ ဆိုတာအကြီးကြီးပဲ။ တစ်ခါတစ်ခါ အစာချပြီး ရှင်းရပါတယ်။ အကုသိုလ်လည်း ဖြစ်ပါတယ်။ မလုပ်ချင်ပေမယ့် မတတ်နိုင်ဘူး။ ဒါ့ကြောင့် အမှိုက်ကစ ပြဿဒ်မီးလောင်လို့ဆိုတာပေါ့။ လမ်းဘေးမှာအမှိုက်တွေရှိနေရင် ဆေးလိပ်တိုကိုစည်းကမ်းမဲ့ ပစ်တဲ့သူတွေကြောင့် မီးလောင်ပြီး မီးဘေးကြုံတတ်ပါတယ်။ အသေးအဖွဲလေးတွေကစပြီး ကြီးကျယ်သွားတတ်တဲ့ သဘောပါ။ စည်းကမ်းအကြောင်းပြောရင် အမှိုက်ပစ်တဲ့ကိစ္စက စရမှာပဲ။

စည်းကမ်းနဲ့ပတ်သက်ပြီး မနောဖြူလေးကလည်း “စည်းကမ်းနဲ့ အဆင့်အတန်း” ဆိုပြီး ဆောင်းပါးရေးဖူးပါတယ်။ အိုင်စီတီဂျာနယ်အတွဲ(၂)၊ အမှတ်(၉)မှာပါ။ ဟိုတစ်နေ့ကဂျာနယ် အဟောင်းတွေ ပြန်လှန်ရင်းနဲ့ တွေ့တာပါ။ သူရေးထားတာကလည်း ကွမ်းစားပြီး ကွမ်းတံတွေးကို စည်းကမ်းမဲ့ထွေးတဲ့အကြောင်း၊ ဆေးလိပ်တိုကို စည်းကမ်းမဲ့ ပစ်တဲ့အကြောင်း၊ အမှိုက်တွေကို စည်းကမ်းမဲ့ ပစ်တဲ့အကြောင်းတွေပါ။ စင်္ကာပူမှာဆိုရင် ဆေးလိပ်တိုကို လမ်းပေါ်မှာပစ်ချရင် ဒဏ်ရိုက်ခံရတဲ့အကြောင်း၊ မလေးရှားနိုင်ငံမှာ ကားပေါ်ကနေ အမှိုက်ပစ်ချတာကို ရှက်စရာလို့ မှတ်ယူကြောင်း၊ ဘာဖြစ်လို့ မိမိတို့နိုင်ငံ ကျန်ရစ်ခဲ့သလဲဆိုရင် စည်းကမ်းပိုင်းနဲ့လည်း တစ်စိတ်တစ်ဒေသ ပတ်သက်နေကြောင်း၊ တစ်ခါကဆိုရင် ဘတ်စ်ကားပေါ်မှာ သုံးယောက်တန်းထိုင်ခုံမှာ တစ်ဘက်အစွန်က ထိုင်တဲ့လူက ခြေထောက်ချိတ်ထိုင်ပြီး ဒူးနန့်လိုက်ပါလာကြောင်း၊ သူ့ပုံစံက ကိုယ်ပိုင်ကားစီးလာတဲ့ ပုံစံမျိုးဖြစ်ကြောင်း၊ ဘယ်သူမှ ဂရုမစိုက်တဲ့ပုံမျိုး ဖြစ်နေကြောင်း၊ အလယ်ကထိုင်တဲ့သူက အနေကြပ်ပြီးတော့ မိန်းကလေးဆိုရင် ဘယ်လိုနေမလဲဆိုတဲ့အကြောင်း၊ ဒါ့ကြောင့် ဒီလိုအဖြစ်မျိုးကျတော့ စည်းကမ်းပိုင်းဆိုတာထက် လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာနဲ့ သက်ဆိုင်နေကြောင်း၊ အဆင့်အတန်းဆိုတာ ငွေကြေးပြည့်စုံတာ မပြည့်စုံတာနဲ့ မသက်ဆိုင်ကြောင်း၊ လူတစ်ယောက်ရဲ့ အသိပညာပြည့်စုံတာ၊ စာရိတ္တပိုင်းဆိုင်ရာ ပြည့်စုံမှုတို့အပြင် ကိုယ်ချင်းစာတရား ထားရှိမှုဆိုတာတွေနဲ့ အကျုံးဝင်ကြောင်း(ကိုယ်ကျင့်သိက္ခာရှိမှု မရှိမှုနဲ့လည်း သက်ဆိုင်ကြောင်း ကိုဘအေးကထပ်ပြီး ဖြည့်စွက်ချင်ပါတယ်။) နောက်ပြီးရှိသေးတယ်။ ဈေးဝယ်တဲ့နေရာ လက်မှတ်ဝယ်တဲ့နေရာမှာ ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်တန်းစီကြတာ၊ ကြားဖြတ်တိုးတာတွေ ဘာတွေ မလုပ်တဲ့အကြောင်း၊ ဒီမှာလမ်းဘေးမှာတစ်ချို့ အမျိုးသားတွေ အပေါ့သွားတဲ့ကိစ္စတွေ စုံလိုပါပဲ။ ဒီလိုသေးသေးမွှားမွှားတွေကအစ စည်းကမ်းမရှိဘူးဆိုရင်တော့ ဒီလူတွေရဲ့ အဆင့်အတန်းဆိုတာတွေက ဘယ်လိုထည့်တွက်ပြောကြမလဲဆိုတာ စဉ်းစားစရာဖြစ်လို့ နေကြောင်းနဲ့ မိမိတို့မြန်မာနိုင်ငံသားတွေ စည်းကမ်းဆိုတာနဲ့ ပတ်သက်ပြီး ပြုပြင်ရမှာတွေ အများကြီးပါလို့ ဆိုထားပါတယ်။ ဟုတ်ပါတယ်။ ပြုပြင်ရမှာကတော့ ကိုယ်ကိုယ်တိုင်ကစပြီး ပြုပြင်ရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဘအေးလည်း လမ်းသွားရင်းနဲ့ သုံးပြီးသားတစ်သျှူးစကို လမ်းဘေးကို အမှတ်မထင် ပစ်လိုက်မိတာမျိုးတွေ။ စားပြီးသား မုန့်အိတ်ခွံတို့ သကြားလုံးခွံတို့တွေကို လမ်းဘေးကို လက်လွတ်စပယ် ပစ်လိုက်တာမျိုးတွေ လုပ်တတ်ပါတယ်။ အဲဒါကြောင့် ကြွတ်ကြွတ်အိတ် ဆောင်ထားပြီး အမှိုက်ထည့်တာကို အကျင့်လုပ်ရပါတယ်။

မနောဖြူလေးက ဒီမိုကရေစီကျင့်သုံးနေတဲ့ နိုင်ငံသားတွေအနေနဲ့ စည်းကမ်းဆိုတာကို လေးစားလိုက်နာမှ နောင် အနာဂတ်မြန်မာနိုင်ငံ ဖွံ့ဖြိုးတက်လာမှာဖြစ်ကြောင်း၊ သူလည်းစည်းကမ်းမဲ့ လုပ်တယ်၊ ငါလည်းလိုက်လုပ်မယ်ဆိုတဲ့ စိတ်ကူးမျိုးမမွေးပဲ စည်းကမ်းမဲ့သူရဲ့  ရှေ့မှာ စည်းကမ်းတကျ လိုက်နာကျင့်သုံးပြရင် နောက်ပိုင်းမှာ စည်းကမ်းမဲ့သူတွေ တဖြည်းဖြည်း ပပျောက်သွားမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် လူတိုင်းကိုယ်စီ စည်းကမ်းရှိဖို့လိုပြီဆိုတဲ့ အတွေးလေးတွေ ရှိနေသင့်ပြီး အိမ်မှာလည်း အိမ်စည်းကမ်း၊ လမ်းမှာလည်း လမ်းစည်းကမ်း၊ အလုပ်မှာလည်း အလုပ်စည်းကမ်း လိုက်နာကျင့်သုံးကြမယ်ဆိုရင် မြန်မာနိုင်ငံတော်ကြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှာ အမှန်ပဲဖြစ်ပါကြောင်းနဲ့ နိဂုံးချုပ်ထားပါတယ်။

ကိုဘအေးလည်း အရင်တစ်ခါရေးတုန်းက နိဂုံးချုပ်လေးကိုပဲ ပြန်ကောက်ရရင် ကမ္ဘာပေါ်မှာ စင်္ကာပူဟာ အသန့်ရှင်းဆုံး၊ စည်းကမ်းအရှိဆုံး မြို့တော်တစ်မြို့အဖြစ် ကြားဖူးကြောင်း၊ လမ်းသွားရင်း၊ ကားစီးရင်း တံတွေးထွေးသူ၊ အမှိုက်ပစ်သူမရှိတာကြောင့် သူတို့မြို့က သန့်ရှင်းလှပနေတာ ဖြစ်ကြောင်း၊ ကိုဘအေးတို့နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုဘအေးအပါအဝင်ပေါ့။ အဲဒီအဆင့်လောက် အနိမ့်ဆုံးလိုက်နာမယ်ဆိုရင်တောင် ကိုဘအေးတို့ရဲ့ (အဲဒီမှာတော့ မြို့ပြနိုင်ငံကြီးလို့ သုံးထားပါတယ်၊ အနည်းဆုံးကိုယ့်ရပ်ကွက် ကိုယ့်မြို့ရွာလို့ပဲထားပါ) ရပ်ကွက်မြို့ရွာကတစ်ဆင့် ကိုယ့်မြို့ကြီး ကိုယ့်ရန်ကုန်မြို့ကြီးပေါ့ဗျာ သာယာလှပသွားမှာ မြေကြီးလက်ခက်မလွဲဖြစ်ကြောင်းနဲ့ မြန်မာတွေ စည်းကမ်းပျက်တာကို မချင့်မရဲနဲ့ စိတ်ပျက်ပျက်နဲ့ စပ်ဆိုသွားခဲ့တဲ့ ကုန်းဘောင် ခေတ်စာဆိုကြီး အချုပ်တန်းဆရာဖေရဲ့ ကဗျာလေးတစ်ပိုဒ်နဲ့ပဲ အဆုံးသတ်လိုက်ပါရစေ။

“မြန်မာတွေ စည်းကမ်းဖေါက်လို့၊ ထီးနန်းပျောက်ဖြစ်ပြီ၊

မှီးငြမ်းထောက်အသစ်မှီသည်၊ ညစ်ပလီလူမျိုး၊

မိပစ်လို့ ဖ ရှောင်သွေသည်၊ ဂွကောင်တွေဖြစ်ပေါ့ အမျိုး”

ဆိုတာလိုမဖြစ်ရအောင် စည်းကမ်းရဲ့ တန်ဖိုးကို နားလည်သူများ ၊ စည်းကမ်းတကျ နေထိုင်တတ်သူများဖြစ်အောင် ကိုယ်ကစပြီး ပြုပြင်သွားကြရအောင်လားခင်ဗျာ..။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *