ကမ္ဘာ့ဖလားပွဲ၀င် အင်္ဂလန်အသင်းသားများကို iPadများ ပေးအပ်ထားတယ်လို့ သိရပါတယ်။ iPadများမှာ ပြိုင်ဖက်ကစားသမားများရဲ့ သတင်းအချက်အလက်များကို သိနိုင်ဖို့ အထူးပြုလုပ်ပေးထားတဲ့ Appsများ ထည့်သွင်းပေးထားပါတယ်။
ဥပမာအားဖြင့် အင်္ဂလန်ကစားသမား Daniel Sturridgeဟာ အုပ်စု Dမှာ ရင်ဆိုင်ရမယ့် အီတလီ အသင်းရဲ့ ကစားကွက်များကို လေ့လာနိုင်မှာဖြစ်ပါတယ်။ Danielဟာ အီတလီနောက်တန်း ကစားသမားများဖြစ်တဲ့ Giorgio Chielliniနဲ့ Leonardo Bonucciတို့ရဲ့ ရုပ်ပုံများကို နှိပ်လိုက်တာနဲ့ ပြိုင်ဖက်များရဲ့ အခြေအနေနဲ့ ကစားပုံ ဗီဒီယိုများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
အလားတူပဲ နောက်တန်းသမားများဖြစ်တဲ့ Gary Cahillနဲ့ Phil Jagielkaတို့ကလည်း အီတလီ တိုက်စစ်မှူးများရဲ့ အသေးစိတ် သတင်းအချက်အလက်များကို သိနိုင်မှာ ဖြစ်ပါတယ်။ ဂိုးသမားကတော့ ပင်နယ်တီကန်သူများ၊ တိုက်စစ်တွဲလုံးများနဲ့ တိုက်စစ်မှူးများရဲ့ ကန်သွင်းတဲ့ နည်းစနစ်များ အပါအ၀င် ပိုမိုပြည့်စုံတဲ့ သတင်းအချက်အလက်များ ရရှိမှာဖြစ်ပါတယ်။
အဲဒီအစီအစဉ်ကို ဒီဇိုင်းရေးဆွဲခဲ့တာကတော့ FAမှ စွမ်းဆောင်ရည် ခွဲခြမ်းစိတ်ဖြာသူ Andy Scouldingနဲ့ သူရဲ့ လက်ထောက်များဖြစ်ပါတယ်။ Scouldingဟာ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ၀င်ခွင့်ရဖို့ ယှဉ်ပြိုင်ရတဲ့ပွဲများမှာကတည်းက iPadများနဲ့ Appများကို စမ်းသပ်အသုံးပြုခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပွဲအတွက် Updateပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ဟာ ဇွန်လ ၁၄ ရက်နေ့မှာ အီတလီ အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး iPadအကူအညီနဲ့ အောင်ပွဲခံနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။