News

စည်ပင်သာယာ အလုပ်ခေါ်ယူမှု နေ့ကျောင်းဘွဲ့ရဟု သတ်မှတ်သည့်အပေါ် အဝေးသင် အသိုင်းအ၀ိုင်းဝေဖန်

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ အလုပ်ခေါ်ယူသော ကြေညာစာပါ အရည်အချင်း သတ်မှတ်ချက်များထဲမှ အစိုးရ တက္ကသိုလ်တစ်ခုခုမှ (နေ့ကျောင်း)ဖြင့် ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်ဆိုသည့်အချက်နှင့် ပတ်သက်၍ ရန်ကုန်အဝေးသင်တက္ကသိုလ် အသိုင်းအ၀ိုင်းက ဝေဖန် ပြောကြားသည်ဟု သိရသည်။ စက်တင်ဘာ ၂၉က်နေ့ ကြေးမုံသတင်းစာပါ စည်ပင်သာယာရေးအဖွဲ့မှ အလုပ်ခေါ်စာတွင် ပါ၀င်သော တက္ကသိုလ်တစ်ခုခုမှ (နေ့ကျောင်း)ဖြင့် ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်ဆိုသည့်အချက်မှာ အစိုးရအဖွဲ့အစည်း တစ်ခုအနေဖြင့် မရေးသင့်ကြောင်း၊ ယင်းကဲ့သို့ ရေးသားဖော်ပြခြင်းမျိုး မရှိတော့သည့်အတွက် လုံး၀မဖြစ်သင့်ကြောင်း၊ ယင်းအသိုင်းအ၀ိုင်းက ေ၀ဖန်ပြောကြားသည်။

“ဘယ်ကအလုပ်ခေါ်တာဖြစ်ဖြစ် ဒီဟာမျိုးမသုံးတော့ဘူး။ ဒါမျိုးသုံးပြီး မခေါ်တာ ဘယ်လောက်ကြာနေပြီလဲ။ နိုင်ငံပိုင် သတင်းစာတစ်ခုကနေ ဒီလိုမျိုးရေးသားခေါ်တာ လုံး၀မဖြစ်သင့်ဘူး။ အစိုးရအဖွဲ့အစည်းတစ်ခုအနေနဲ့ မလုပ်သင့်ဘူး။ အဝေးသင်တွေကို မခေါ်ချင်ရင်လည်း မထည့်နဲ့ပေါ့။ ဒီအတိုင်း ခေါ်ပြီးတော့မှ ပြန်ရွေးထုတ်တာမျိုး လုပ်လို့ရတာပဲ။ ဒါက နည်းနည်းလွန်တယ်”ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

အဝေးသင်တက္ကသိုလ် ဖွင့်လှစ်ရခြင်းများမှာ မိမိအရပ်ဒေသမှ မခွဲခွာရပဲ ပညာသင်နိုင်ရန်၊ နယ်စပ်ဒေသမကျန် သင်ယူနိုင်ရန်နှင့် အဝေးသင်တက္ကသိုလ်မှ ပေးသည့်ဘွဲ့သည် အခြားတက္ကသိုလ်များမှ ပေးသည့်ဘွဲ့များနှင့် ညီတူညီမျှ ဖြစ်စေရမည်ဆိုသည့် အချက်များနှင့် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ အဝေးသင်၏ အရည်အသွေးကို တိုးတက်စေရန် အစဉ်ဆောင်ရွက်နေသော်လည်း ယင်းကဲ့သို့ လုပ်ရပ်များကြောင့် မလိုလားအပ်သော ပြဿနာများဖြစ်ပွားနိုင်ကြောင်း သိရသည်။

“အရင်တုန်းက အဝေးသင်တွေ လျှောက်ထားရန်မလိုပါဆိုပြီး အလုပ်ခေါ်ကြတုန်းက ပြဿနာအကြီးအကျယ် တက်လိုက်သေးတယ်။ နိုင်ငံခြားမှာ ကျောင်းသွား တက်ချင်လို့ ဒီဌာနကနေ ထောက်ခံပေးရတာ မနည်းဘူး။ ထောက်ခံပေးလိုက်တဲ့သူတွေကိုလည်း ဟိုကနေတစ်ဦးမှ ငြင်းလိုက်တာမရှိဘူး။ သူတို့ကို အသိအမှတ်ပြုပြီး ဆက်တက်ခိုင်းပြီး ထူးချွန်သွားတဲ့ သူတွေ အများကြီးပါ။ နိုင်ငံတကာတက္ကသိုလ်တွေကတောင် အသိအမှတ်ပြုပြီး လက်ခံတာ။ ကိုယ့်နိုင်ငံက အစိုးရအဖွဲ့တစ်ခုက အသိအမှတ်မပြုဘူးဆိုတဲ့ သဘောရေးထားတော့ ဆရာတို့ မကောင်းဖြစ်တာပေါ့။ ဘွဲ့ရချင်းအတူတူ ခွဲခြားတာ မသင့်တော်ဘူးလို့ ထင်တယ်”ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်း စည်ပင်သာယာရေးရုံးအဖွဲ့သို့ စုံစမ်းမေးမြန်းရာ အလုပ်ခေါ်စာတွင် ပါရှိသည့်အတိုင်းသာဖြစ်ကြောင်း၊ မသိရှိကြောင်း ဖြေကြားခဲ့သည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *