Opinion

ဧရာ၀တီမြစ်ကမ်းနဖူးမှ ရှေးဟောင်းသမိုင်း၀င် ရွေဘုံသာမုနိစေတီတော်

ပြည်မြို့ဘက်ကမ်း န၀ဒေးတံတားထိပ်မှ လှမ်းမျှော်ကြည့်လိုက်လျှင် ဆင်တဲဘက်ကမ်း၊ ဧရာ၀တီမြစ်ကမ်းနဖူး၌ ရွေှရောင်တ၀င်း၀င်း တောက်ပလျှက် ရှိသော စေတီတော် တစ်ဆူကို ဖူးမြင်ရပါသည်။ ဉာဏ်တော်အမြင့် ၁၅၆ ပေရှိ ရွေှဘုံသာမုနိ ရှေးဟောင်းသမိုင်း၀င် စေတီတော်မြတ်ကြီး ဖြစ်ပါသည်။ သက္ကရာဇ် (၁၂၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်သည် ရခိုင်ဘုရင် စန္ဒသူရီယမင်း၏ အဓိဌာန်ပြု ပင့်ဆောင်ချက်အရ နောက်ပါ ရဟန္တာ (၅၀၀) ခြံရံကာ ဓည၀တီ ရခိုင်ပြည်သို့ ကြွချီတော်မူပြီး ကျော်တော်မြို့ အရှေ့ဘက်ကမ်းရှိ သေလာဂီရိ တောင်ထိပ်၌ သီတင်းသုံး စံပယ်တော်မူခဲ့သည်။ စန္ဒသူရိယမင်းနှင့်တကွ မှူးကြီးမတ်ရာ သေနာပတိများ၊ ပြည်သူပြည်သားများတို့သည် မြတ်စွာဘုရားနှင့် ရဟန္တာ(၅၀၀)တို့အား ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွေးနံ့သာတိုင်တို့ဖြင့် (၃)လတိုင်တိုင် မပြတ်မလပ် ပူဇော် အလုပ်အကျေွး ပြုကြပြီး မြတ်ဗုဒ္ဓ၏ တရားတော်ကို နာယူကြသည်။

မုနိ (၄)ဆူ သွန်းလုပ်ခြင်း

(၃)လ ပြည့်မြောက်၍ ဓည၀တီ ရခိုင်ပြည်မှ ဘုရားရှင် ပြန်လည် ကြွချီတော်မူမည် ပြုသောအခါ စန္ဒသူရိယမင်း၏ လျှောက်ထားတောင်းပန်ချက်အရ ဘုရားရှင်၏ ကိုယ်စား ကိုးကွယ် ဆည်းကပ်နိုင်ရန်အတွက် ကိုယ်ပွား ရုပ်ရှင်တော်မြတ်တစ်ဆူ သွန်းလုပ်ရန် ဘုရားရှင်က ခွင့်ပြုတော်မူခဲ့သည်။ ထို့ကြောင့် စန္ဒသူရိယမင်းသည် လူ၊ နတ်၊ ဗြဟ္မာတို့ထံမှ စုဆောင်း ရရှိသော ရတနာ (၆၅) တင်းကို ကျိုချက်၍ ဘုရားရှင်၏ ရင်ငွေ့တော်ကို လံှုပြီး ဉာဏ်တော်အမြင့် (၉)ပေ (၆) လက်မ ရှိသော မဟာမုနိ ရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ရာမှ ပိုလျှံသော ရတနာများဖြင့် ဉာဏ်တော်အမြင့် (၆)ပေ (၈) လက်မ ရှိသော ရှင်ကျော်မုနိ၊ ဉာဏ်တော်အမြင့် (၅) ပေ (၄) လက်မ ရှိသော ရွေှဘုံသာမုနိ၊ ဉာဏ်တော်အမြင့် (၃) ပေ (၉) လက်မ ရှိသော မာန်အောင်မြင် မုနိစသည့် ညီတော် ကိုယ်ပွားရုပ်ပွားတော်မြတ် (၃) ဆူအား ထပ်မံ သွန်းလုပ်ခဲ့သည်။

မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်နှင့်ညီတော်ကိုယ်ပွား ရုပ်ပွားတော်မြတ် (၂) ဆူအား ပင့်ဆောင်ခြင်း

ကောဇာသက္ကရာဇ် (၁၁၄၆) ခုနှစ်၊ တန်ဆောင်မုန်းလတွင် အမရပူရ နေပြည်တော်မှ အိမ်ရှေ့ဥပရာဇာ သီဟသူရသည် ဓည၀တီသို့ လာရောက်ပြီး မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်နှင့်အတူ ရွေှဘုံသာမုနိ ရုပ်ပွားတော်၊ မာန်အောင်မြင်မုနိ ရုပ်ပွားတော်တို့ကို ပင့်ဆောင်ခဲ့သည်။ ရှင်ကျော်မုနိမှာ မူလသီတင်းသုံးရာ ဂန္ဓကုဋိတိုက်၌ ကိန်း၀ပ်စံပယ် သီတင်းသုံးနေတော်မူခဲ့သည်။ ပြည်တစ်ဖက်ကမ်း၊ ဆင့်တဲရှိ ရွေှဘုံသာကျေးရွာသို့ အရောက်တွင် ရွေှဘုံသာ မုနိရုပ်ပွားတော်မြတ်အား သက္ကရာဇ် (၉၂၀) ခုနှစ်က ပြည်ဘုရင် သတိုးဓမ္မရာဇာ တည်ထားခဲ့သော ရွေှဘုံသာစေတီတော်ကြီး၏ ဌာပနာတိုက်အတွင်း ထည့်သွင်းပူဇော်ပြီး စေတီတော်ကိုလည်း ပြုပြင်မွမ်းမံကာ `ရွေှဘုံသာမုနိစေတီတော်မြတ်´ဟူ၍ ဘွဲ့အမည် ဆက်ကပ်ခဲ့သည်။ နှစ်ပရိစေ္ဆဒများစွာ ကြာမြင့်ခဲ့ပြီးနောက် ရွေှဘုံသာမုနိစေတီတော်မြတ်ကြီးမှာ ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းပြီး စေတီဟောင်း၊ စေတီပျက် တစ်ဆူအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။

ရွေှဘုံသာ မုနိစေတီတော်မြတ်ကြီးအား ပြုပြင်ရန် ကြိုးပမ်းခြင်း

စေတနာရှင်များနှင့် ဒေသခံတို့က ပျက်စီး ယိုယွင်းနေသော ရွေှဘုံသာမုနိစေတီတော်မြတ်ကြီးအား သက္ကရာဇ် (၁၂၅၆) ခုနှစ်တွင် တစ်ကြိမ်၊ (၁၃၃၆) ခုနှစ်တွင် တစ်ကြိမ်၊ (၁၉၉၁)ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း (၃) ကြိမ်တိုင်တိုင် ပြန်လည်ပြုပြင်မွမ်းမံရန် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရှိခဲ့ချေ။

ရွေှဘုံသာမုနိ စေတီတော်မြတ်ကြီးအား နိုင်ငံတော်မှ ကြီးမှူး၍ ပြုပြင် မွမ်းမံ ထီးတော်တင်ခြင်း

ပျက်စီးယိုယွင်းနေသော ရွေှဘုံသာမုနိစေတီတော်မြတ်ကြီးအား ၁၉၉၇ခုနှစ်၊ ဧပြီလမှစ၍ နိုင်ငံတော်မှ ကြီမှူးကာ စတင် ပြုပြင်မွမ်းမံခဲ့သည်။ စေတီတော်၏ ပြုပြင်ရေးလုပ်ငန်းများ မစတင်မီ သက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက စေတီတော်မြတ်၏ ဌာပနာတိုက် တည်ရှိရာ နေရာအား ခေတ်မီကိရိယာများဖြင့် စမ်းသပ် စစ်ဆေးခဲ့ကြရာ ဌာပနာတိုက်အတွင်း၌ ရတနာပစ္စည်းများဖြင့် သွန်းလုပ် ထားသော ဆင်းတုတော် တစ်ဆူ ကိန်း၀ပ် စံပယ်နေကြောင်းကို စစ်ဆေးတွေ့ရှိ အတည်ပြုခဲ့ကြသည်။ ရွေှဘုံသာမုနိ စေတီတော်မြတ်ကြီး၏ ဘက်စုံ ပြုပြင် မွမ်းမံ ပြင်ဆင်ခြင်း လုပ်ငန်း အ၀၀အား ရထား ပို့ဆောင်ရေး၀န်ကြီး ဦးပန်းအောင် ကိုယ်တိုင် ကြီးကြပ်၍ ဆောင်ရွက်လာခဲ့ရာ အထက် ဌာပနာပိတ်ပွဲကို ၁၉၉၉ ခုနှစ်၊ မတ်လ (၁၃) ရက် (တနင်္ဂနွေနေ့) နံနက် ၈ နာရီ တွင် ပြုလုပ်ခဲ့သည်။ ပန်းလည်တိုင် စိုက်ထူပွဲကို ၁၉၉၉ ခုနှစ်၊ ဧပြီလ (၉) ရက် သောကြာနေ့ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး စေတီတော်မြတ်ကြီး၏ ထီးတော်အား ၁၉၉၉ ခုနှစ်၊ ဧပြီလ (၂၄) ရက် (စနေနေ့)တွင် အောင်မြင်စွာ တင်လှူ ပူဇော်နိုင်ခဲ့သည်။ မုနိလေးဆူ၀င် ရုပ်ပွားတော်မြတ် လေးဆူ ယခုအခါ မုနိလေးဆူ၀င် ရုပ်ပွားတော်မြတ်များ ဖြစ်ကြသော မဟာမုနိရုပ်ရှင်တော်မြတ်သည် မန္တလေးမြို့၌ လည်းကောင်း၊ ရှင်တော်မုနိသည် ကျောက််တော်မြို့၌လည်းကောင်း၊ မာန်အောင်မြင်မုနိသည် ဇလွန်ပြည်တော်ပြန်ဘုရားအဖြစ် ဇလွန်မြို့၌ လည်းကောင်း၊ ရွေှဘုံသာမုနိသည် ဆင်တဲဘက်ကမ်း၊ ဧရာ၀တီ မြစ်ကမ်းနဖူး ရှိ ရွေှဘုံသာစေတီတော်မြတ်ကြီး၏ ဌာပနာတိုက်အတွင်း၌လည်းကောင်း အသီးသီး ကိန်း၀ပ် စံပယ်တော်မူလျက်ရှိသည်။

ရွေှဘုံသာမုနိ စေတီတော် ပရိ၀ုဏ်မှ မုနိလေးဆူ ကိုယ်ပွားများ

မုနိလေးဆူ ကိုယ်ပွားဆင်းတုတော်များဖြစ်သော မဟာမြတ်မုနိကိုယ်ပွားဆင်းတုတော်သည် ရွေှဘုံသာမုနိ စေတီတော်မြတ်ကြီး၏ တနင်္လာထောင့်ရှိ အရှေ့ဘက် တန်ဆောင်း၌ လည်းကောင်း၊ ရှင်ကျော်မုနိ ကိုယ်ပွား ဆင်းတုတော်သည် စေတီတော်၏ ဗုဒ္ဓဟူးထောင့် တောင်ဘက် တန်ဆောင်း၌ လည်းကောင်း၊ ရွေှဘုံသာမုနိ ကိုယ်ပွားဆင်းတုတော်သည် စေတီတော်၏ ကြာသပတေးထောင့် အနောက်ဘက် တန်ဆောင်း၌ လည်းကောင်း၊ မာန်အောင်မြင် ကိုယ်ပွားဆင်းတုတော်သည် စေတီတော်၏ သောကြာထောင့် မြောက်ဘက် တန်ဆောင်း၌ လည်းကောင်း၊ အသီးသီး ကိန်း၀ပ် စံပယ် သီတင်း သုံးလျက် ရှိသည်။ မုနိလေးဆူ ကိုယ်ပွား ဆင်းတုတော်များ၏ ဘုရား ဒါယိကာမများမှာ မန္တလေးမြို့မှ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်မြင့်မြင့်သန်းနှင့် ရန်ကုန်မြို့မှ အငြိမ်းစား ကစလ ၀န်ထမ်း ဒေါ်တင်တင်မွှန်းတို့ ဖြစ်ကြသည်။ အဆိုပါ မုနိကိုယ်ပွား လေးဆူကို မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ရင်ငွေ့တော် လှုံပြီး မန္တလေးမြို့၌ သွန်းလုပ်ခဲ့ရာ မဟာမြတ်မုနိ ကိုယ်ပွား ဆင်းတုတော်အတွက် ကြေးချိန် (၁၅၀၀) ပိဿာ၊ ရှင်ကျော်မုနိ ကိုယ်ပွားဆင်းတုတော်အတွက် ကြေးချိန် (၁၀၀၀) ပိဿာ၊ ရွေှဘုံသာမုနိ ကိုယ်ပွား ဆင်းတုတော်အတွက် ကြေးချိန် (၈၀၀) ပိဿာ၊ မာန်အောင်မြင်မုနိ ကိုယ်ပွား ဆင်းတုတော်အတွက် ကြေးချိန် (၆၆၆) ပိဿာ အသီးသီး ကုန်ကျခဲ့သည်။ အဆိုပါ မုနိကိုယ်ပွား ဆင်းတုတော်များအား ဒေဝါ၀င်း၊ ရာဇာ၀င်းများ ခင်း၍ မန္တလေးမြို့မှ အခမ်းအနားဖြင့် ပင့်ဆောင်ခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလ (၁၄) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရွေှဘုံသာမုနိစေတီတော်မြတ်ကြီး၏ ပရိ၀ုဏ်သို့ ရောက်ရှိခဲ့သည်။

ရွေှဘုံသာမုနိစေတီတော် ပရိ၀ုဏ်မှ သိုက်နန်းရှင် မြစိမ်း

ရွေှဘုံသာမုနိစေတီတော်မြတ်ကြီးသည် ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်း၍ စေတီဟောင်း တစ်ဆူအဖြစ်နှင့် ရှိနေခဲ့စဉ်က စေတီတော် ပရိ၀ုဏ်၏ လက်ယာထောင့်တွင် သိုက်နန်းရှင်တို့အတွက် ရည်စူးပြုလုပ်ထားသော နတ်ကွန်းလေးတစ်ခု ရှိသည်။ စေတီတော်အား ဘက်စုံ မွန်းမံပြင်ဆင်ခြင်းများ ပြုလုပ်သည့်အခါ သိုက်နန်းရှင်တို့၏ အဆိုပါ နတ်ကွန်းလေးကိုလည်း ဖယ်ရှား ရှင်းလင်းခဲ့ရသည်။ ထိုအခါ ရွေှဘုံသာမုနိစေတီတော် ပရိ၀ုဏ်ရှိ ဘုမိ္မယအနွယ်၀င် သိုက်နန်းရှင်တို့က ၎င်းတို့အတွက် ကွန်းခိုစရာ နေရာတစ်ခု သတ်မှတ်ပြုလုပ်ပေးပါရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့ကို အိပ်မက်ပေး တောင်းပန်ကြသည်။ ထို့ကြောင့် ရွေှဘုံသာမုနိစေတီတော် ပရိ၀ုဏ်တွင် စောင့်ရှောက် နေထိုင်လျက်ရှိကြသော မမြင်အပ်သည့် နာမ်လောကမှ သိုက်နန်းရှင်တို့အတွက် ကွန်းခိုရာ သိုက်နန််း အဆောက်အအုံတစ်ခုကို စေတီတော်၏ တနင်္ဂနွေထောင့်တွင် ဆောက်လုပ်ထားရှိခဲ့ကြသည်။ သိုက်နန်း၏ အကြီးအမှူးဖြစ်သူ သိုက်နန်းရှင် မြစိမ်း၏ ရုပ်ထုကိုလည်း မန္တလေးမှ မိုဆရာ ဦးထွန်းကြွယ်က ၎င်း၏ အိပ်မက်ထဲတွင် တွေ့မြင်ခဲ့ရသည့် သိုက်နန်းရှင် မြစိမ်းပုံ အတိုင်း သက်ရှိအမျိုးသမီးတစ်ဦးသဖွယ် ပီပြင်စွာ ထုလုပ်ခဲ့သည်။ ရွေှဘုံသာမုနိ စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့်ရှိ သိုက်နန်း အဆောက်အအုံအတွင်းတွင် အသက်၀င်လွန်းသော သိုက်နန်းရှင်မြစိမ်းရုပ်ထုအား တွေ့မြင်နိုင်ပါသည်။

ရွေှဘုံသာမုနိစေတီတော်သည် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် သွန်းလုပ်ရာမှ ပိုလျှံသည့် ဘုရား ရင်ငွေ့တော် လှုံထားသော ရတနာ ဓာတ်သားများဖြင့် သွန်းလုပ်ခဲ့သည့် ရွေှဘုံသာမုနိ ရုပ်ပွားတော်မြတ် ကိန်း၀ပ်စံပယ်ရာ စေတီဖြစ်သဖြင့် တန်ခိုးကြီး ရှေးဟောင်းသမိုင်း၀င် စေတီတော်တစ်ဆူ ဖြစ်သည်။ ရွေှဘုံသာမုနိ စေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုရသော ကုသိုလ်အကျိုးကြောင့် တော်ဖြောင့်မှန်ကန်သည့် လိုရာဆန္ဒအားလုံး ပြည့်စုံနိုင်သည်။ တရားတဘောင် ရင်ဆိုင်ရခြင်းများ ကြုံတွေ့ပါက မိမိဘက်မှ မှန်ကန်သော အချက်အလက်များကို စေတီတော်မြတ်မှောက်ရှေ့၌ တည်ကြည်စွာ သစ္စာပြုတိုင်တည်ပါက ထူးခြားစွာ အောင်မြင်မှု ရရှိပါသည်။ ဘေးအန္တရာယ် ကင်းရှင်းခြင်း၊ ကောင်းသော ကျော်ဇော်သတင်းများ ရရှိ်ခြင်း၊ အလုပ်အကိုင် ရာထူးဌာနန္တရ တိုးတက်အဆင်ပြေခြင်း စသော အကျိုးထူးများကိုလည်း ရရှိနိုင်သည်။

ရှေးဟောင်းသမိုင်း၀င် တန်ခိုးကြီး စေတီတော်မြတ် တစ်ဆူဖြစ်သော ရွေှဘုံသာမုနိစေတီတော်မြတ်ကြီးသို့ ဂန္ဓာရီ လှည့်နေကြသော စူဠဂန္ဓာရီ၊ မဟာဂန္ဓာရီ ပုဂ္ဂိုလ်များ၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်များ၊ ထူးခြားသော သူတော်စင်၊ သူတော်မြတ်များ မကြာခဏ လာရောက် ဖူးမြော်လေ့ရှိကြသည်။ ရွေှဘုံသာမုနိ စေတီတော်မြတ်ကြီး၏ ပရိ၀ုဏ်သည် ကြီးမား ကျယ်ပြန့်သည်သာမက စိတ်ငြိမ်အေးချမ်းခြင်းလည်း ရှိ၍ အဓိဌာန်ဖြင့် တရားထိုင်၊ ပုတီးစိတ်သူများအဖို့ အလွန်ပင် သင့်တော်ပါ၏။ စေတီတော်၏ အရှေ့တောင်ဘက်တွင် ပြည်-ဆင်တဲ ဆက်သွယ်ထားသည့် ဧရာ၀တီမြစ်ကူး န၀ဒေးတံတားကြီးက ထည်ဝါ ခံ့ညားစွာ ရှိနေသလို စေတီတော်အား ဦးခိုက်စီးဆင်းနေသော ဧရာ၀တီ၏ အလှကို ရှုမောဖွယ် တွေ့ရှိနိုင်ပါသည်။

စာဖတ်သူများအနေဖြင့် ခရီးကြုံ၍ ပြည်မြို့သို့ ရောက်ရှိခဲ့ပါလျှင် ယခင်ကလို ဆင်တဲဘက်ကမ်းသို့ ဇက်ကူးတို့များ၊ ပဲ့ချိတ်မော်တော်များဖြင့် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကူးစရာ မလိုတော့ပဲ ခံ့ညားထည်ဝါသော န၀ဒေးတံတားကြီးပေါ်မှနေ၍ ဧရာ၀တီမြစ်ကို မော်တော်ယာဉ်ဖြင့် အေးအေးဆေးဆေး ဖြတ်ကျော်ကာ ဆင်တဲ၊ ရွေှဘုံသာကျေးရွာ၊ ဧရာ၀တီမြစ်ကမ်းနဖူး၌ တင့်တယ် သပ္ပာယ်စွာ တည်ရှိနေသော ရွေှဘုံသာမုနိ စေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညိုနိုင်ကြပါကြောင်း ရေးသားလမ်းညွှန်လိုက်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *