Opinion

ဘဏ်စနစ် ကောင်းလျှင် ၀န်ထမ်းမြဲမည်။ ဒုက္ခ ရောက်မည်။ ကြီးပွားမည်။

bank

ဟိုးရှေးရှေးတုန်းက မြန်မာပြည်မှာ ကြီးကျယ်ခမ်းနားတဲ့ ဗြိတိသျှလူမျိုးများ တည်ဆောက်ပေးခဲ့တဲ့ အဆောက်အဦကြီးများကို ဘဏ်အဖြစ် ဖွင့်လှစ် အသုံးပြုခဲ့ကြသည်။ ထိုအဆောက်အဦများ အတွင်း၌လည်း ငွေထုတ်အပ်နှံသူများမှာ ဆေးလိပ်ကလေး တဖွာဖွာဖြင့် ကုလားထိုင်လေးမှာ ထိုင်ကာ ဇိမ်ရှိရှိ ငွေ အသွင်း အထုတ် ပြုခဲ့ကြသည်။ ယနေ့ခေတ်မှာတော့ ထို အဆောက်အဦများကို ဆက်လက် အသုံးပြုနေသော ဘဏ်တချို့၌ ငွေထုတ်အပ်နှံသူများမဆိုထားနှင့် ဘဏ်၀န်ထမ်းများသည်လည်း သက်တောင့်သက်သာဆိုတဲ့ အဓိပ္ဗယ်ကို အဖြေဖွင့်ဖို့ မကြိုးစားတော့ပဲ နေ့လည်စာကို ငွေထုတ်ရှင်း ကောင်တာ၌ စားမြိန်ကြသည်။

သို့သော် အသစ်သစ်တွေ ဖွင့်လှစ်လာသော ဘဏ်များမှာတော့ ထိုထို ဒုက္ခမှ ကင်းေ၀းစေဖို့အတွက် ခေတ်မီ ဘက်စ်ကားကြီးများဖြင့် ၀န်ထမ်း အပိုအကြို့ စီစဉ်ပေးပြီး ပိုမို လွန်ကဲစွာ ခေတ်နှင့် ထွေညီစေရန်အတွက် ယခင် ခေတ်ကလို တောင့်တင်းခိုင်မာသည့် အဆောက်အဦများအစား အလူမီနီယံ ကွန်ပိုဆစ်များကို အသုံးပြုကာ ဟော်တယ်လိုလို၊ နန်းတော်လိုလို တည်ဆောက်လာကြသည်။

ခေတ်သစ်သို့ ရောက်လာခဲ့ပေပြီ။ ဘဏ်မှာ တာ၀န် ထမ်းဆောင်ရလျှင် ဂုဏ်ရှိသည်ဆိုသော မိရိုးဖလာ အစဉ်အလာသည်လည်း ထွန်းကားနေဆဲ ဖြစ်သည်။ နန်းတော်ကြီးလို လုပ်ငန်းခွင်မှာ ငွေအပ်နှံသူ ကင်းမဲ့သောကြောင့် အလုပ်မရှုပ်၊ ချေွးသံရဲရဲဖြင့် အလုပ်ဆင်း၊ အလုပ်တက် မလုပ်ရသောကြောင့် ရှေးရိုးစဉ်လာသည် မှန်နေမြဲ ဖြစ်သည်။ ဘဏ်၀န်ထမ်းများသည် ခေတ်သစ်မှာ ပြန်လည် အသက်၀င်လာသော ဘဏ်စနစ်လို့ ဆိုရမည့် ဘဏ်မှ စီစဉ်ပေးထားသည့် စနစ်ကို ခံစားနေရခြင်း ဖြစ်သည်။ ထိုခံစားမှုမျိုးသည် ဘဏ်စနစ် မဟုတ်ချေ။ ဘဏ်မှာ အလုပ်ရရင် ပျော်တတ်သော ၀န်ထမ်းများ၏ ဘဏ်စနစ်အစား အများပြည်သူအားလုံးအတွက် ငွေကြေး၀န်ဆောင်မှု ပေးနိုင်သော ဘဏ်စနစ်သည် ဘဏ်မှာ အလုပ် လုပ်ကိုင်လျက်ရှိသော ၀န်ထမ်းများနှင့် အတူ မြန်မာပြည်တစ်၀ှမ်းမှာ နေ့တဓူ၀ လုပ်ကိုင် စားသောက်နေသော ပြည်သူလူထုထံသို့ သက်ရောက်မှုများကို စာရေးသူ တင်ပြချင်သည်။

အားလုံး နားလည်ပြီးသားစာရွက်တွေ၊စာအုပ်တွေနှင့် ငွေသွင်း၊ ငွေထုတ် ပြုလုပ် ရသော ခေတ်ကြီးသည် ကုန်စပြု လာသည်။ ကတ်တွေဖြင့် အလုပ် လုပ်လာကြသည်။ မာစတာကတ်၊ ဗီဇာကတ်တွေလည်း လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြသည်။ နိုင်ငံခြားဘဏ်များမှ ရရှိနိုင်သော မာစတာကတ်ပြားများဖြင့် ဘဏ်တချို့မှာ ကျပ်ငွေ သိန်းနှင့်ချီ၍ အေတီအမ်စက် (ငွေထုတ်စက်)များမှ ထုတ်ယူ သုံးစွဲနိုင်ကြသည်။ မြန်မာ ပြည်သူလူထု အတွက်လည်း များမကြာခင်မှာ အသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ကတ်ပြားဟု ဆိုရာ၌ ဒက်ဘစ်ကတ် (Debit Card)၊ ခရတ်ဒစ်ကတ် (Credit Card)ဟူ၍ ရှိသည်။ ဒက်ဘစ်ကတ်သည် သင် ဘဏ်၌ စုဆောင်းထားသော ငွေပမာဏကိုသာ ထုတ်ယူ သုံးစွဲခွင့် ရှိသည်။ ခရတ်ဒစ်ကတ်သည် သင် ဘဏ်အကောင့်ထဲ၌ စုဆောင်းထားသော ပိုက်ဆံ မရှိလည်း ဘဏ်မှ ပိုက်ဆံကို အချိန် အတိုင်းအတာ တစ်ခုအတွင်း ထုတ်ယူ သုံးစွဲခွင့် ရှိသည်။ ထို့ကြောင့် ဒက်ဘစ်ကတ်ကို လူတိုင်း လျောက်ထား ရယူနိုင်ပြီး၊ ခရတ်ဒစ်ကတ်ကိုတော့ သင်၏ လစဉ်ပုံမှန် ၀င်ငွေပေါ် မူတည်ပြီး ထောက်ခံသူ တစ်ဦးရှိမှ ထုတ်ပေးလေ့ ရှိသည်။ ခရတ်ဒစ်ကတ်ကို အသုံးပြုသူသည် သူတစ်ပါး ပိုက်ဆံကို ခေတ္တ ထုတ်ယူ သုံးစွဲနေသည့် အတွက်ကြောင့် ဘဏ်ကို အတိုး ပေးဆောင်ရသည်။ သို့သော် ၎င်း၏ လိုရင် လိုသလို အသုံးပြုနိုင်မှုကြောင့် အတိုးပေးဆောင်ရသော်လည်း နိုင်ငံတကာ၌ ခရတ်ဒစ်ကတ်ရှိမှ လူရာ၀င်သလို ဖြစ်သည်။ ခရတ်ဒစ်ကတ်ကြောင့် အတိုးရော၊ သုံးစွဲထားသည့် ငွေပမာဏကိုပါ အသုံးလွန်ပြီး ပြန်လည် မပေးချေနိုင်သဖြင့် ဒုက္ခရောက်၊ ဘ၀ ပျက်ရသူများလည်း ရှိသည်။

ခေတ်သစ်ရဲ့ ဘဏ်စနစ်မှာ ကတ်တွေကို နိုင်ငံတကာနှင့်အညီ အသက်၀င်အောင် ဘဏ်များမှ ၀ိုင်း၀န်း ကြိုးစားနေကြသည်။ ရလဒ်သည် အများပြည်သူများအတွက် ငွေကိုင်ဆောင် သုံးစွဲမှုကို ပိုမို လွယ်ကူစေလိမ့်မည်။ အလုပ်ခွင်တစ်ခုမှာ လစာ ထုတ်သည့်နေ့တွင် ၀န်ထမ်းအဖို့ တစ်လစာလုံးရဲ့ ငွေပမာဏကို မရရှိတော့ပဲ ငွေထုတ်စက်မှာသာ ထုတ်ယူခွင့် ရှိတော့မည်။ သူ့အတွက် ဒက်ဘစ်ကတ် ရှိဖို့တော့ လိုသည်။

ကောင်းကိျုးသည် ၀န်ထမ်းမှ ငွေသား မမြင်ရသဖြင့် ပေးစရာရှိတာ ပေးပြီး စုဆောင်းချင်စိတ် ရှိက ငွေထုတ်စက်မှ ထုတ်ယူခြင်း မရှိလျှင် ဘဏ်မှ အတိုးရမည်။ ခရတ်ဒစ်ကတ် ရှိသော ၀န်ထမ်းများ အတွက်တော့ တစ်လစာ ခရတ်ဒစ်ကတ်ထဲမှ အကြေွးယူ သုံးထားသည်များကို ဒက်ဘစ်ကတ်ထဲမှ ဘဏ်သို့ အတိုးဖြင့် ပြန်လည် ပေးဆောင်ရမည် ဖြစ်သဖြင့် သုံးရင် သုံးသလို စုဆောင်းမှု မရှိနိုင်တော့ချေ။
ဆိုးကျိုးသည်ကား ၀န်ထမ်းအဖို့ ကတ်ကို ကိုင်ဆောင်ထားသည့်အတွက်ကြောင့် မိမိစုဆောင်းထားသော ငွေကြေးပမာဏ မည်မျှရှိသည်ကို မသိရှိပဲ ကတ်လက်ခံသည့် နေရာတိုင်းတွင် အသုံးကြမ်းပါက ပိုက်ဆံ လက်ထဲရှိသည်ထက် ပိုမို ဆိုးဝါးစေလိမ့်မည်။

သာမန်ရိုးကျ ဘဏ်စနစ်များထက် ယနေ့ အသက်၀င်လာတော့မည့် ဘဏ်ကတ်စနစ်များတွင် ဘဏ်နှင့်အတူ အခြား ပါတီများမှ အသုံးပြုသူ၏ ချမ်းသာကြွယ်၀မှု သမိုင်းကြောင်း အစုံအလင်ကို ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်တော့မည်။ ကတ်စနစ်များ အသုံးပြုရာတွင် မရှိမဖြစ် လိုအပ်သော အင်တာနက် ချိတ်ဆက်မှုသည် အရေးပါလာသည်။ ငွေထုတ်စက်များမှာ လျှပ်စီးမီး ရရှိပြီး၊ ကေဘယ်လ်ကြိုးများ ပြတ်တောက်မှု မရှိမှသာ အသုံးပြုသူ လိုချင်သည့် ပမာဏကို လိုအပ်သည့် နေရာတိုင်းတွင် အသုံးပြုခွင့် ရပေလိမ့်မည်။ အင်တာနက်မှတဆင့် သင်၏ အချက်အလက်များကို စက်တစ်ခုနှင့် တစ်ခု စက်ဘာသာ စကားဖြင့် ပြောမည်။ ထို့အပြင် သင့်ကွန်ပျူတာမှလည်း အင်တာနက် ချိတ်ဆက်ထားလျှင် ဘဏ်ထဲ၌ သင် ငွေပမာဏ မည်မျှ စုဆောင်းထားသည်ကို လွယ်လင့်တကူ တက်ရောက် ကြည့်ရှုနိုင်လိမ့်မည်။ ထို့ကြောင့် အခြားပါတီဟု ဆိုရမည်ဖြစ်သော သင့် မိဘ၊ ရည်းစား၊ အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက် အစရှိသူများနှင့် ငွေအလွှဲပြောင်း လုပ်နိုင်မှုများလည်း ပိုမို မြန်ဆန်လာမည်။ မိနစ်ပိုင်း အတွင်း ငွေလွှဲပြောင်းမှု အထမြောက်လိမ့်မည်။

၀န်ထမ်းတစ်ယောက်အနေဖြင့်လည်း လစာကို ဘဏ်စာရင်းထဲတွင် အမြဲမဆို လက်ခံရရှိနိုင်သည့်အပြင် စာရင်းဇယားအဖြစ်လည်း ကြည့်ရှုလေ့လာခွင့် ရှိမည်။ ထို့ကြောင့် ၀န်ထမ်းတစ်ယောက် ၀င်ငွေ ကောင်းသည်၊ မကောင်းသည်၊ အလုပ်မြဲသည်၊ မမြဲသည်ကို ဘဏ်မှ ထိုစာရင်းဇယားများ လေ့လာကြည့်ရုံဖြင့် သိနိုင်သည်။ ၀င်ငွေကောင်းပါက လုပ်ငန်းရှင်၏ နှစ်ရှည်လများ အလုပ် လုပ်ခဲ့သည့်အတွက် ထောက်ခံချက်ဖြင့် ခရတ်ဒစ်ကတ် လျောက်နိုင်မည်။ ယာဉ်၊ တိုက်ခန်းများ အကြေွးစံနစ်ဖြင့် ၀ယ်နိုင်မည်။ ထို့ကြောင့် ၀န်ထမ်းမှာ နိုင်ငံတကာမှလို ဘ၀အတွက် ဖူလုံမှု အဆင့်အတန်း တစ်ခုတွင် ရပ်တည်နိုင်မည် ဖြစ်သောကြောင့် အလုပ်ပြောင်းရွှေ့ခြင်း နည်းမည်။ အလုပ်မြဲမည်။ တစ်ဘက်မှလည်း ပိုက်ဆံကို ကတ်စံနစ်ဖြင့် သုံးဖြုန်းနိုင်သည့် အတွက်ကြောင့် ရေလို ဖြုန်းမည်။ မထိန်းသိမ်းတက်ပါက မွဲမည်။ ဒုက္ခရောက်မည်။ ပိုက်ဆံတန်ဖိုး နားလည်ပြီး ထိန်းသိမ်းတက်ကာ၊ အကြေွးစံနစ်၏ ကောင်းကျိုးကို ပညာရှိစွာ အသုံးချနိုင်ပါက ၀န်ထမ်းတစ်ယောက်အတွက် အခွင့်အရေးများ၊ ဘ၀တက်လမ်းများ ရှိမည်။ စုတတ်ပါက အသုံးချတတ်ပါက ကိုယ်ပိုင် စီးပွားရေး တည်ဆောက်နိုင်ဦးမည်။

ဖော်ပြပါအားလုံးကို ပြန်လည် ခြုံငုံသုံးသပ်ကြည့်ပါက ခေတ်သစ်ရဲ့ ဘဏ်ကတ်စံနစ်သည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းဖို့ ကြိုးစားနေသည့် ယနေ့မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်သည်။ ကတ်စံနစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ပိုမို တွင်ကျယ်လာမည်။ ၀န်ထမ်းမှအစ ပြည်သူတစ်ရပ်လုံး၏ နေထိုင်စားသောက်မှုကို မြှင့်တင်ပေးနိုင်မည်။ ထို့ကြောင့် ကတ်စံနစ်ကို အသုံးချတတ်ပါက စိုပြည်သော ဘ၀များကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ ယခု တင်ပြခဲ့သည်များသည် ကတ်စံနစ်၏ တစေ့တစောင်းသာဖြစ်ပြီး နောင်လာမည့် အပတ်များတွင် အခြား ရှုထောင့်များမှ တင်ပြပေးသွားဦးမည်။

Leave a Reply

Your email address will not be published. Required fields are marked *