Opinion

လောင်းကစားစုံမက် ဘ၀ပျက်

တော်တော်ဆိုးတဲ့လူဗျာ။ ဘောလုံးလောင်းတာ အိမ်နဲ့ကားတွေအပြင် မိန်းမနဲ့သားသမီးတွေပါ ထည့်လောင်းရတယ်လို့။ လောကမှာတော့ ရှာမှရှားပဲ။ လောင်းကစားဘယ်လောက်အားသန်သလဲဆိုတာ စည်းစိမ်အပြုတ်ကိုချတာပဲ။ သူကတော့ ယူဂန်ဒါနိုင်ငံသား ဘောလုံးဝါသနာအိုးတစ်ယောက်ဖြစ်တဲ့ ဟင်နရီဒါကာဆာနီဆိုသူပဲ ဖြစ်ပါတယ်။ သူက အာဆင်နယ်အသင်းကို အရူးအမူးအားပေးတဲ့ အာဆင်နယ် ပရိသတ်တစ်ယောက်ပေါ့။ သူ့ရဲ့လောင်းဘက် သူ့မိတ်ဆွေ ယူဂါဆိုသူကတော့ မန်ယူအသင်းရဲ့ အာမခံ ပရိသတ်ဖြစ်တယ်။

အိုးလ်ထရက်ဖို့ဒ်မှာလုပ်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က မန်ယူနဲ့အာဆင်နယ်ပွဲမှာ ဟင်နရီက သူ့လောင်းကြေးမှာ သူ့အိမ်သူ့ကားတွေအပြင် သူ့မယားပါ ထည့်လောင်းတဲ့အကြောင်း ယူဂန်ဒါ နိုင်ငံထုတ် Observer သတင်းစာမှာ ဖော်ပြထားတယ်လို့ဆိုတယ်။ ဟင်နရီဒါကာဆာနီမှာ ဇနီးသုံးယောက်နဲ့ သားသမီး ငါးယောက်ရှိတာကို လောင်းကြေးအဖြစ် ထပ်လိုက်သတဲ့။ အဲဒီလိုလောင်းကြေးထပ်လိုက်ပြီး မန်ယူက အာဆင်နယ်အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားတဲ့အခါ မန်ယူပရိသတ်အချို့က ဒါကာဆာနီ့ အိမ်ကိုသွားကြပြီး သူ့ရဲ့မိန်းမတွေနဲ့ သားသမီးတွေကို နှစ်ရက်အတွင်း အိမ်ပေါ်ကဆင်းပေးရမယ် လို့ မောင်းထုတ်ကြပါလေရော။ သူ့ရဲ့ကားသစ် Toyota ကိုမီရို ကားသစ်ကိုလည်း ယူသွားကြတယ်တဲ့။ ကဲ လောင်းကစားရဲ့ ကောင်းကျိုးမပေးတဲ့ဟာ သူတင်မကဘူး။ သူ့မိသားစုပါ ဘ၀ပျက်တာပဲ။

တချို့ကလည်းပြောကြတယ်။ လောင်းကစားနဲ့အကျိုးပေးတဲ့သူလည်း ပေးတယ်ပေါ့။ သမ္မာအာဇီ၀ မဟုတ်တဲ့အတွက် အဲဒီစည်းစိမ်ချမ်းသာကို လိပ်ပြာသန့်သန့်နဲ့ ခံစားနိုင်ပါ့မလား။ ကိုရီးယားဇာတ်လမ်းတွဲ တွေထဲမှာ ပြောလေ့ရှိသလို ခြေဆန့်ပြီးအိပ်နိုင်ပါ့မလား။ လူတွေက လောဘသားတွေချည်းပဲ။ သောတာပန် မဖြစ်သေးသ၍ လောဘ၊ ဒေါသ၊ မောဟ တွေရှိနေကြဦးမှာပဲ။ လောဘသားတွေရှိနေတော့လည်း လောင်းကစားတွေက ရှိနေဦးမှာပဲ။ ထိုးတဲ့သူကလည်းထိုးမယ်။ ဒိုင်ကိုင်တဲ့သူကလည်း ကိုင်မယ်။ ကုန်တဲ့ သူတွေကလည်းကုန်။ ရတဲ့သူတွေကလည်းရ။ ရတာနဲ့ကုန်တာလည်း မကာမိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒိုင်စား တာများပါတယ်။ တချို့လည်း ရနိုးရနိုးနဲ့ ထိုးနေကြတာ၊ ဘိုးတော်ပေးလို့၊ အိပ်မက်မက်လို့ ဟိုကကြား တာ ဒီကကြားတာနဲ့ အတိအကျဆိုတဲ့သူကလည်းရှိ၊ မှန်းဆပြီးထိုးတဲ့သူကလည်းထိုး၊ ညီနောင်ဆိုလား နက္ခတ်လာမှာတဲ့။ ပါဝါလို့ပြောတယ်။ ထိပ်စည်းကတော့ ဘာလာမှာတဲ့။

ဟိုးအရင်အစဦးတုန်းကတော့ ချဲထီဆိုပြီးလာတယ်။ သုံးလုံးဂဏန်းပေါ့။ ယိုးဒယားမှာ နှစ်ပတ် တစ်ခါဖွင့်တဲ့ ထီဂဏန်းရဲ့ နောက်ဆုံးသုံးလုံးကိုယူပြီး လောင်းကြေးထိုးကြတာ။ တစ်ခါ မြန်မာအောင်ဘာ လေထီရဲ့ နောက်ဆုံးနှစ်လုံးကိုယူပြီး နှစ်လုံးထီဆိုပြီးလုပ်ကြပြန်တယ်။ အရင်တုန်းက အောင်ဘာလေ ထီက တစ်ပတ်လုံးဖွင့်တာ။ အခုလိုတစ်ရက်ထဲ အပြီးမလုပ်ဘူး။ လူတွေက အဲဒီလိုနှစ်လုံးတွေထိုးကြ လွန်းလို့ အောင်ဘာလေကို တစ်ရက်တည်းဖွင့်တော့ နိုင်ငံခြားက စတော့ရှယ်ယာဂဏန်းတွေကို ထိုးကြပြန်တယ်။ သူကမှ ပိုဆိုးတော့တာပေါ့။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်၊ နေ့လည်(၁၂) နာရီတစ်ကြိမ် ညနေ(၄) နာရီတစ်ကြိမ်၊ စက္ကန့်နဲ့အမျှပြောင်းလဲနေတဲ့ ဂဏန်းတွေငြိမ်သွားတဲ့အခါကျမှ အဲဒီငြိမ်သွားတဲ့ ဂဏန်းကိုယူကြတာ။

နှစ်လုံးကလည်း ပြန်ပြီးထိုးရတယ်။ ဥပမာ ၂၄ ထိုးရင် ၄၂ လည်းထိုးရတယ်။ မပြန်မိလို့ ၄၂ ထွက်သွားရင် မရတော့ဘူး။ တစ်မျိုးကို ၂ ကွက်ထိုးရတဲ့သဘောပေါ့။ နောက်ပြီးထိပ်စည်း က ၃ ရတယ်ဆိုပါတော့။ (အဲဒါက ကံသေကံမ ပြောလို့ရတာတော့မဟုတ်ဘူး တွက်ကြ၊ ချက်ကြတဲ့ လူတွေရဲ့စကားပေါ့) နောက်ကို စီးရီးဆွဲရတယ်။ ၃၀ ကနေ ၃၉အထိ (၁၀) ကွက်ပေါ့။ ဒါပေမယ့် ဒါက သိပ်စိတ်မချရသေးဘူး။ ပြန်လိုက်တာက သေချာတယ်။ ၃၃ အပူးတစ်ကွက်ကို ဖယ်လိုက်ရင် ၀၃ ကနေ ၉၃ အထိ (၉) ကွက် စုစုပေါင်း (၁၉) ကွက်ထိုးရမယ်။ တစ်ကွက်ကို (၅၀) ကျပ်ဖိုးပဲထိုးဦးတော့ (၉၅၀) ကျပ်ကုန်မယ်။ ပေါက်ရင် အဆ (၈၀) ဆိုတော့ ၄၀၀၀ိ/- ရမယ်။ ကိုယ်ထိုးထားတဲ့ (၉၅၀)ပြန်နှုတ် ရင် ကျပ် (၃၀၅၀)တော့မြတ်မယ်။ လူတွေက အဲလိုတွက်ပြီးထိုးနေကြတာ။ မပေါက်တော့လဲ ပလုံပေါ့။

ချဲထီကတော့ ဂဏန်းသုံးလုံး သူကလည်းသေချာအောင် ပတ်ထိုးရတယ်။ မတူတဲ့ဂဏန်း သုံးလုံးပါရင် ၆ ကွက်ထိုးရမယ်။ အပူးဂဏန်းပါရင်သုံးကွက်၊ ထရိုင်ဆိုရင်တော့ တစ်ကွက်တည်း။ သူက အဆငါးရာလျော်တယ်။ တစ်ရာဖိုးပေါက်ရင် ငါးသောင်းရမယ်။ သူကတော့ ထိုးပျော်တယ်ပြောရမှာပေါ့။(အားပေးတာမဟုတ်ဘူးနော် သဘောကိုပြောပြတာ)
နောက်တခါ တီဗွီတွေကနေ နိုင်ငံခြားဘောလုံးပွဲတွေ ကြည့်လို့ရလာတဲ့အခါ အများအားဖြင့်တော့ အင်္ဂလန်မှာလုပ်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေပေါ့။ ခုနောက်ပိုင်းတော့ အီတလီ စီးရီးအေ တို့ စပိန် လာလီဂါတို့ပွဲစဉ်တွေ အများကြီးပဲ ကြည့်လာရတယ်။ အဲဒီမှာလည်း ဘောပွဲတွေကိုလောင်းကြပြန်တယ်။ ဘောပွဲကျတော့ ကိုယ်တွေလည်းသိပ်မကျွမ်းဘူး။ တစ်မောင်းနှစ်မောင်း စသည်ဖြင့် လောင်းကြတာ ကြားဖူးတယ်။ ဘယ်လိုအလျော်အစားလုပ်တယ်လို့တော့မသိဘူး။ ကိုယ်က ဘောပွဲဝါသနာမပါတော့ အဲဒီဘက်ကို သိပ်ပြီးနားမလည်ဘူး။ ရှေးကပြောခဲ့တာတွေက နှစ်လုံး၊ သုံးလုံးဆိုတော့ ဘောလုံးလောင်း တာက တစ်လုံးပေါ့။ လူတွေလည်း အဲဒီ တစ်လုံး၊ နှစ်လုံး၊ သုံးလုံးနဲ့ပဲ ဒုက္ခရောက်နေကြတာ။

အခုခေတ်မှာတော့ ဖဲရိုက်တာ သိပ်မကြားမိတော့ဘူး။ ကြိတ်ဝိုင်းလေးတွေတော့ ရှိရင်ရှိမှာပေါ့၊ ဖဲကလည်း စွဲတယ်နော်။ တချို့ဖဲရိုက်နေရရင် ထမင်းမေ့၊ ဟင်းမေ့ မထတမ်းရိုက်ကြတာ။ ဖဲမရိုက်ရ မနေနိုင်လို့ ဖဲဝိုင်းရှိတဲ့နေရာ စနဲနာပြီး လိုက်ရိုက်တာ။ နောက်လောင်းကစားတခုကတော့ ကြွေအစေ့နဲ့ ဂိမ်းကစားကြတာ။ အရင်တုန်းကတော့ အင်္ဂလိပ်ကားတွေထဲမှာပဲ တွေ့ဘူးတာပါ။ နောက်ပိုင်းတော့ ဒီမှာလည်း အဲဒီဂိမ်းစက်တွေပေါ်လာတယ်။ အရင်ကဆူးလေက မဟာဗန္ဓုလပန်းခြံမှာ ဖန်တက်စီဝေါလ် ဆိုတဲ့ ကလေးကစားကွင်းရှိတယ်။ သမီးငယ်ငယ်တုန်းက လိုက်ပို့ဖူးလို့ ရောက်ဖူးတယ်။ အဲဒီမှာလည်း ကြွေအစေ့ဂိမ်းစက်တွေရှိတယ်။ အမျိုးသမီးတစ်ယောက်ဆို စိမ်ပြေနပြေထိုင်ဆော့နေတဲ့ပုံပဲ။ အအေး ပုလင်းတွေဘာတွေမှာပြီးတော့ပေါ့။ ဘယ်လောက်ရလို့ ဘယ်လောက်ကုန်လဲတော့မသိဘူး။ များသောအားဖြင့်တော့ ဒီလိုဂိမ်းစက်တွေက ကုန်တာများပါတယ်။ သူတို့လျော်ချည်းနေရမယ်ဆိုရင်တော့ ဒီစက် တွေဘယ်ထားမလဲ။ နိုင်ငံခြားမှာဆိုရင်တော့ ဒီလိုဂိမ်းစက်တွေက မာဖီးယားဂိုဏ်းတွေက မောင်ပိုင်စီး ထားတာ။ အခုတော့ ဒီမှာလည်း ပြည်နယ်တိုင်း တစ်ချို့မှာ အဲဒီကြွေအစေ့ ဂိမ်းစက်တွေကို ဖမ်းတယ် လို့ကြားတယ်။
လောင်းကစားက ကောင်းကျိုးမပေးတာကို ဆရာတော် မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ ”ထေရဝါဒ မှတ်ကျောက်” ဆိုတဲ့စာအုပ်လေးမှာ ဖတ်လိုက်ရသေးတယ်။ စာစုလေးရဲ့ခေါင်းစဉ်ကို ”ဖောင်ဒေးရှင်း မကောင်း၍ တိုက်ပြိုခြင်း” လို့ပေးထားတယ်။ ပါဠိပသ်သားတွေတော့ မပြောတော့ပါဘူး။ ဘုရားဟော ပဲဖြစ်ပါတယ်။ ချိုသောမျိုးစေ့ကို စိုက်ပျိုးသောသူသည် ချိုသောအသီးကို ဆောင်ရ၏။ ခါးသောမျိုးစေ့ကို စိုက်ပျိုးသောသူသည် ခါးသောအသီးကို ဆောင်ရ၏။ ထို့အတူ ကောင်းသော (ကုသိုလ်အမှု) ကို ပြုသော သူသည် ကောင်းသောအကျိုးကို ခံစားရ၏။ မကောင်းသော (အကုသိုလ်အမှု) ကိုပြုသောသူသည် မကောင်းသောအကျိုးကို ခံစားရ၏လို့ ဟောထားပါတယ်။

ကံရဲ့အကျိုးပေးကို သေချာစွာနားမလည်တဲ့အတွက် ဘ၀ပျက်သွားတဲ့ မိသားစု တစ်စုအကြောင်း ဆရာတော်က ပြောထားတယ်။ ဖခင်ဆုံးပါးသွားတဲ့အခါ သားအကြီးဆုံးနဲ့ မိခင်ကဦးဆောင်ပြီး စီးပွား ရှာကြရတယ်။ ဆိုင်ခန်းတစ်ခန်းငှားပြီးတော့ ဆန်၊ ဆီ နှင့် ငပိတို့ကို အဓိကထားရောင်းတယ်။ သားအမိ နှစ်ယောက်လုံးက စေတနာလည်းထား၊ ကြိုးလည်းကြိုးစားတဲ့အတွက် အရောင်းအ၀ယ်ကောင်း လာတယ်။ ဒါနဲ့အပေါ်စက်၊ အောက်စက်၀ယ် ရုံဆောက်ပြီး ဗွီဒီယိုပြတယ်။ သူတို့မိသားစု စီးပွားရေး အောင်မြင်လာပြီး တစ်နေ့မှာ ဆရာတော်ဆီကို ၀တ္ထုနဲ့မုန့်ပုံးတွေလာလှူတယ်။ ချဲရောင်းနေတာ အဆင်ပြေ တဲ့အတွက် နောက်(၄) (၅) ရက်ဆိုရင် ဈေးလည်းမရောင်းတော့ဘူး၊ ဗွီဒီယိုလည်းမပြတော့ဘူးလို့ ပြောတယ်။ ချဲရောင်းပေးခကလည်း ကော်မရှင်စားနဲ့တွက်လိုက်ရင် တစ်ပတ်ကို သောင်းချီရတယ်။ မိသားစုတွေကလည်း ချဲထိုးကြတာ အမြဲပေါက်ကြတယ်။ ဒါကြောင့် တခြားစီးပွားရေးတွေဖြုတ်ပြီး ချဲပဲ လုပ်တော့မယ်လို့ပြောတယ်။

ဆရာတော်လည်း အသက်(၂၀)ကျော်သာရှိသေးတဲ့ မောင်၀င်းမြင့် (သားအကြီး) တယောက် ဗုဒ္ဓဘာသာ၀င်ဖြစ်နေပေမယ့် ကံ၊ ကံရဲ့အကျိုးကို နားမလည်သေးပါလား။ သူတို့မိသားစုအတွက် ရင်လေးမိလို့ မကောင်းတာကို တားမြစ်ဖို့ ဆရာ့မှာတာ၀န်ရှိတယ်ဆိုပြီး မင်းတို့ငါတို့ဟာ ဘ၀သံသရာ လည်လာကြတာကြာပြီ၊ ဘယ်ဘ၀ကစခဲ့တယ်ဆိုတာလည်း မသိနိုင်လောက်အောင် များလွန်းတယ်။ ဥပမာပြောရရင် – ဗုဒ္ဓလက်ထက်က ဥပသာလက ပုဏ္ဏားကြီးဟာ သေခါနီးတော့ သူ့သားတွေကို မှာတယ်။ သူသေရင် သူ့အလောင်းကို ဘယ်သူ့အလောင်းမှ မမြှုပ်ဘူးသေးတဲ့နေရာမှာ မြှုပ်ပေးပါပေါ့။ သားတွေကလည်း မသိနိုင်တော့ အဖေကိုယ်တိုင်ရှာပေးဖို့ပြောတဲ့အတွက် ဂိဇ္ဈကုတ်တောင်ပေါ်က နေရာလွတ်လေးတစ်ခုကို သဘောကျပြီး ရွေးချယ်လိုက်တယ်။ တောင်အောက်ဆင်းလာတဲ့အခါ မြတ်စွာ ဘုရားကိုတွေ့တော့ ဘုရားက အကြောင်းစုံမေးမြန်းပြီး သိတော်မူတဲ့အခါ ဘုရားကိုယ်တိုင် တောင်ပေါ်လိုက်တက်ပြီး ပုဏ္ဏားကြီးမြှုပ်မဲ့နေရာကို ကြည့်တော်မူတော့ အဲဒီနေရာမှာပဲ ဥပသာလကလို့ပဲ မှည့်ခေါ် ထားတဲ့ အလောင်းကောင်ပေါင်း တစ်သောင်းလေးထောင် တိတိ မြှုပ်နှံသဂြိုဟ်ခဲ့တာမြင်တော်မူတယ်။

ဆိုလိုချင်တာကတော့ မင်းတို့ငါတို့ဟာလည်း ပုဏ္ဏားကြီးလိုပဲ ဘ၀များစွာ ကျင်လည်ခဲ့တာ အမှန်ပဲ ဒီဘ၀များစွာထဲမှာပဲ ကုသိုလ်အလုပ်လည်း အများကြီးလုပ်ခဲ့တယ်။ အကုသိုလ်အလုပ်လည်း အများကြီး လုပ်ခဲ့တယ်။ အဲဒီကံတွေက နိဗ္ဗာန်မရောက်မချင်း ကိုယ့်နောက်က တကောက်ကောက်လိုက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးပေးနေမှာ။ ချမ်းသာအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားကြပေမယ့် လူတိုင်းမချမ်းသာ ဘူး။ ငွေကြေးအရင်းအနှီးချင်း ကြိုးစားအားထုတ်တာချင်းလည်း အတူတူ အကျိုးပေးတာချင်းတော့ မတူဘူး။ အတိတ်ကုသိုလ်ကံက အကျိုးပေးနေတဲ့အတွက် ဘာလုပ်လုပ်အောင်မြင်တယ်။ ချဲရောင်းလည်း အောင်မြင်တယ်ပေါ့။

ဒါပေမယ့် ဆရာတော်အနေနဲ့က စီးပွားတက်တာချင်းအတူတူ သမ္မာအာဇီ၀ကျကျ ဈေးရောင်းပြီး စီးပွားတက်တာကိုပဲ အားပေးချင်တယ်။ သရက်တို့ ပိန္နဲတို့လို နှစ်ကြီးပင် စိုက်တာနဲ့တူတယ်။ တခါ စိုက်ထားရင် နှစ်ရှည်စားရတယ်။ ချဲလို၊ ဖဲလို တစ်ပွဲတိုးစီးပွားရေးအလုပ်က ငှက်ပျောပင်စိုက်သလိုပဲ တခါစားပဲဖြစ်တယ်။ လောင်းကစားနဲ့ပတ်သက်တဲ့ စီးပွားရေးဟာလည်း ခဏသာစားရပြီး နောက်ဆုံး တော့ ကိုယ့်ရှိတာကုန်သွားတာပဲလို့ပြောလိုက်တယ်။

ဆရာတော်က တရားနာပရိသတ်တစ်ယောက်တည်းကိုပဲ ဟောရတဲ့ပွဲဖြစ်ပေမယ့် အောင်မြင် အောင်မဟောနိုင်ခဲ့ဘူးတဲ့။ မောင်၀င်းမြင့်ဟာ ရာသီပင်ကို အားကျပြီး နှစ်ရှည်ပင်နဲ့တူတဲ့ ဈေးရောင်းတဲ့ အလုပ်ကို ဖြုတ်လိုက်တယ်။ မိခင်ကလည်း မတားနိုင်။ မိခင်ကိုယ်တိုင်ကလည်း ချဲခဏခဏပေါက်နေတော့ သားဘက်ခပ်ပါပါဖြစ်နေတာပေါ့။ (၆) လကျော်ကျော် လောက်ကြာတော့ အတိတ်ကကုသိုလ်ကံအလှည့် ပြီးသွားလို့ အကုသိုလ်ကံအလှည့်ရောက်လာတဲ့အခါမှာတော့ ဒိုင်မှာရှယ်ယာ၀င်ထားတဲ့ မောင်၀င်းမြင့် တစ်ယောက် ပိုက်ဆံကုန်အောင်လျော်လိုက်ရတော့တယ်။ ဒါပေမယ့် နောင်တမရသေးဘဲ ခြံကွက် တစ်ကွက်ရောင်းပြီး ဒိုင်ဆက်ကိုင်တာ အောဂဏန်းထွက်သွားလို့ အိမ်ကအပေါ်စက် အောက်စက်ပါ ရောင်းပြီးလျော်ပေမယ့် ချဲကြွေးမကျေနိုင်သေးတော့ နောက်ဆုံးထိုးသားတွေက သတ်မယ်တကဲကဲ လုပ်နေတဲ့အတွက် မိသားစုကို ထားပြီးထွက်ပြေးရတော့တယ်။ မိခင်ကြီးလည်း လမ်းဘေးပျံကျဈေးသည် ဘ၀ကိုပြန်ရောက်ရတော့တယ်။ (ဒါကဆရာတော်ရဲ့တရားစာကို အကျဉ်းမျှသာ ပြန်လည်တင်ပြရခြင်း) ဖြစ်ပါတယ်။

ဒါ့ကြောင့် လောင်းကစားနဲ့ ကောင်းစားနေတာကို ၀မ်းသာမနေသင့်သလို လောင်းကစားစုံမက် ရင် ဘ၀ပျက်တတ်တယ် ဆိုတာလေးကို ဆရာလုပ်တယ်လို့ အဟုတ်မထင်စေချင်ဘဲ ဘ၀င်လန်းစရာ သင်ခန်းစာလေးတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *