ကာလရှည်ကြာ သတင်းထွက်နေခဲ့တဲ့ Microsoftရဲ့ ၀န်ထမ်းလျှော့ချတဲ့ အစီအစဉ်ဟာ တကယ်ပေါ်ထွက်လာပါပြီ။ Microsoftက လာမယ့်နှစ်မှာ ၀န်ထမ်း ၁၈၀၀၀ လျှော့ချမှာ ဖြစ်ပြီး နိုကီရာ စမတ်ဖုန်းလုပ်ငန်းကို Microsoftနဲ့ ပေါင်းစည်းမှာပါ။
မျှော်လင့်ထားတာထက်ကို Microsoftက ၀န်ထမ်းတွေလျှော့ချလိုက်တာပါ။ Microsoftရဲ့ ထုတ်ပြန်ချက်မှာ လာမယ့်နှစ်မှာ ၀န်ထမ်း ၁၈၀၀၀ အထိလျှော့ချမှာပါ။ Microsoftက ဧပြီ ၂၅ မှာ ၀ယ်ယူခဲ့တဲ့ Nokia Devices and Services စီးပွားရေးလုပ်ငန်းနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဖို့အတွက် စက်ရုံ၀န်ထမ်းနဲ့ ပရော်ဖက်ရှင်နယ် ၀န်ထမ်း ၁၂၅၀၀ ကို လျှော့ချမှာ ဖြစ်ပါတယ်။
ဒါဟာ အတွင်းလူများရဲ့ ခန့်မှန်းချက်ထက် ၁၀ ရာခိုင်နှုန်းပိုတဲ့ လျှော့ချမှုပါ။ ၂၀၀၉ ခုနှစ်က လျှော့ချခဲ့တဲ့ ၀န်ထမ်း ၅၈၀၀ ထက်လည်း ပိုများပါတယ်။ Microsoftရဲ့ CEO Satya Nadellaက ၀န်ထမ်းများကို အီးမေးပေးပို့ပြီး အသိပေးခဲ့တာပါ။ နောက်ထပ်အီးမေးတစ်ခုမှာ ဒုတိယအမှုဆောင်အရာရှိ Stephen Elopက Microsoftရဲ့ မိုဘိုင်းဖုန်း မဟာဗျူဟာ ပြောင်းလဲမှုကို ရေးသားထားပါတယ်။ Elopက ဖုန်းစီးပွားရေးဟာ ပိုမိုကြီးမားတဲ့ မဟာဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်လို့ ပြောပါတယ်။
သူက “ကျွန်တော်တို့ဟာ ၀င်းဒိုးဖုန်း ဈေးကွက်ကို အဓိကအာရုံထားမှာပါ။ အလျှင်မြန်ဆုံးဖွံ့ဖြိုးနေတဲ့ ဈေးကွက်ဖြစ်တဲ့ ဈေးသက်သာတဲ့ စမတ်ဖုန်းဈေးကွက်ကို Lumia Windows Phoneတွေနဲ့ မကြာမီမှာ ထိုးဖောက်မှာဖြစ်ပါတယ်။ စီစဉ်ပြီးတဲ့အတိုင်းပဲ Nokia X Designနဲ့ ထုတ်ကုန်တွေကို ၀င်းဒိုးဖုန်းအဖြစ် အသွင်ပြောင်းမှာ ဖြစ်ပါတယ်။ လက်ရှိရောင်းချနေတဲ့ Nokia X စမတ်ဖုန်းတွေကို ဆက်လက်ရောင်းချနေစဉ်မှာပဲ အပြောင်းအလဲတွေကို ချက်ချင်းပြုလုပ်မှာပါ။” လို့ ရေးသားထားပါတယ်။
ကုမ္ပဏီဟာ Microsoftနဲ့ Nokiaဌာနကို ပေါင်းစည်းမှာ ဖြစ်ပြီး Smart Deviceနဲ့ Mobile Phoneဌာနနှစ်ခုကို တစ်ခုအဖြစ်ပြုလုပ်မှာပါ။ ပေါင်းစည်းထားတဲ့ ဌာနကို Jo Harlowက ဦးဆောင်မှာ ဖြစ်ပြီး Lumia Productsများကို ထုတ်လုပ်မှာပါ။