Interview

Soe Naing 2012 Oil on Canvas Solo Show

ပန်းချီဆရာ စိုးနိုင်ရဲ့ 2012 Oil on Canvas Solo Show ပြပွဲကို စက်တင်ဘာလ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ အမှတ် (၆၅)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်ရှိ Gallery Sixty Fiveမှာ ပြုလုပ်ခဲ့ပါတယ်။ ဆီဆေးကို Knife နဲ့ ရေးဆွဲထားတဲ့ ပန်းချီကားတွေကို သီးသန့် ပြသခဲ့ပါတယ်။ ဆရာစိုးနိုင်က Zoology ဘွဲ့ရ တစ်ယောက်ဖြစ်ပြီး ပန်းချီပညာကို ဆရာဦးလွန်းကြွယ်နှင့် ဆရာဦးသိန်းဟန်တို့ဆီမှာ လေ့လာ သင်ယူခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ ပြပွဲပေါင်းများစွာ ပြသခဲ့သူ တစ်ဦး လည်း ဖြစ်ပါတယ်။ ပြသခဲ့တဲ့ ပွဲနဲ့ ပတ်သက်ပြီး Gallery ပိုင်ရှင်နဲ့ ပြပွဲစီစဉ်သူကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ဆရာနာမည်နဲ့ ဒီပြပွဲမှာ ဆရာ ဘယ််လို တာ၀န်ယူထားလဲဆိုတာ သိပါရစေ။
ကျွန်တော်နာမည်က ကိုမျိုးဆွေသန်းပါ။ ပြပွဲစီစဉ်သူပါ။

ဒီပြပွဲကို ဘယ်လိုစီစဉ်ဖြစ်တာလဲ။
ကိုစိုးနိုင်် သူပန်းချီတွေ စရေးတဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက သူ့ ပန်းချီကားလေးတွေ ၀ယ်တယ်။ သူနဲ့လည်း ရင်းနှီးတယ် သူ့မိသားစုနဲ့လည်း ရင်းနှီးတယ်။ ကိုစိုးနိုင်် ပန်းချီကားတွေကို များသောအားဖြင့် နိုင်ငံခြားသားတွေ ကြိုက်တာ များတယ်။ နိုင်ငံခြားသားတွေက ၀ယ်ကြတယ်။ ဒီပြည်တွင်းကတော့ ကြိုက်တဲ့လူ ရှိပါတယ်။ သို့သော် အများကြီးတော့ မဟုတ်ဘူး။ ဒီမော်ဒန်ပန်းချီ ကြိုက်တဲ့သူကတော့ ကိုစိုးလှိုင်ပန်းချီကိုတော့ ထိပ်ဆုံးက ၀ယ်ကြပါတယ်။ သူ့ပွဲတွေ ခဏခဏ လုပ်ဖြစ်တယ်။ သပ်သပ်ရပ်ရပ်ကလေးနဲ့ ပွဲတစ်ပွဲ ဖြစ်အောင် သူ့ရဲ့ 2012 ဆိုပြီး လုပ်ဖြစ်တယ်။ သူ့ရဲ့ Officially ပွဲလေးပေါ့။ Artistက တစ်နှစ် တစ်ကြိမ် လုပ်တဲ့ ပွဲလေးပေါ့့။ အခု ဒီပွဲကတော့ သူဆေးကျောင်းကာလက တစ်၀က်လောက်နဲ့ သူရေးခဲ့တဲ့ ကားတွေကို စုပြီး ပြပွဲ လုပ်ဖြစ်တာပါ။ သူက အခုတလော ဆီဆေးနဲ့ Knife နဲ့ ရေးဖြစ်တယ်တယ်တဲ့။ ကျွန်တော် သွားကြည့်တော့ မြင်တာနဲ့ သဘောကျတယ်။ ကားပေါင်း (၆၀) လောက်လား မသိဘူး။ အကုန် ယူလာလိုက်တယ်။ သူ့အတွက် သပ်သပ်ရပ်ရပ် ပြပွဲလေး လုပ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါနဲ့ နောက်ထပ် သူ့ရဲ့ ဆီဆေးနဲ့ Knifeနဲ့ ရေးထားတဲ့ ကားတွေ ထပ်ပေါင်းပြီး ဒီပြပွဲကို လုပ်ဖြစ်ခဲ့ပါတယ်။

ပြခန်းမှာ ပန်းချီကားပေါင်း ဘယ်လောက် ပြသထားပါသလဲ။
အခုဒီမှာ ၁၂၀၊ ၁၁၂ ကား ပြထားတယ်။

အခု ဒီမှာ လာကြည့်တဲ့ လူတွေ နိုင်ငံခြားသားတွေနဲ့ ဒီမြန်မာပြည်က ပြည်တွင်းက လူတွေ ဘယ်က ပိုများလဲ မသိဘူး။
အော် ဟုတ် ပြည်တွင်းက ပိုများပါတယ်။ ၀ယ်တာလည်း ပြည်တွင်းက များပါတယ်။ နိုင်ငံခြားသားက တစ်ယောက် နှစ်ယောက်လောက်ပဲ ပါပါတယ်။

ဒီပန်းချီကားတွေမှာ ဘာကောင်မှန်း မသိတဲ့ အကောင်တွေ ရေးဆွဲထားတာ တွေ့ရပါတယ်။ ဘယ်လို ခံစားချက်နဲ့ ဆွဲထားတယ်လို့ ဆရာ မြင်ပါသလဲ။
ဒါကတော့ ကိုစိုးနိုင်က သူရေးဆွဲပုံက အမြဲတမ်း ဒီလိုပဲပေါ့နော်။ ေ၀ဖန်ဆရာတွေကတော့ သူ့ကို ေ၀ဖန်ကြ၊ ရေးကြတာတွေ ရှိတယ်။ သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ခံစားရတဲ့အတိုင်း ရေးတာလို့ ကျွန်တော် ထင်ပါတယ်။ သူ့အကြောင်းနဲ့ ပတ်သက်ပြီး ဆရာဇော်ဇော်အောင် ရေးထားတာလေးတွေ ကြိုက်ပါတယ်။ ဘာလဲဆိ်ုတော့ လူမှုဘ၀ဖြစ်စဉ်တွေထဲမှာ စိတ်ပျက်ဖွယ်ရာတွေ၊ ငြီးငွေ့ဖွယ်ရာတွေ၊ ရုန်းကန်လှုပ်ရှားရတာတွေက နေ့စဉ်အဖြစ်အပျက်တွေထဲမှာ သွက်သွက်ခါအောင် ဖြစ်နေတယ်တဲ့။ ဒီလို ဖြစ်ပျက်နေတာတွေက သာမန်လူအဖို့တော့ အချို့ကိစ္စတွေက ရူးသွားနိုင်လောက်တယ်။ လှုပ်ရှားရုန်းကန်ရပြီဆိုရင် အနုပညာရှင်တွေက အနုပညာ ဖန်တီးတော့ တာပဲတဲ့။ အဲဒီ အနုပညာတွေကို လောကကြီးက အမြတ် ရလိုက်တယ်တဲ့။ ကိုစိုးနိုင်ရဲ့ ပန်းချီတွေက ကျွန်တော်တို့အတွက် အမြတ်ပါပဲတဲ့။ သူပြောတာကို သဘောကျ တယ်။ ကိုစိုးနိုင်ကတော့ သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ရိုးရိုးသားသားနဲ့ ရဲရဲရင့်ရင့် ရေးသွားတယ်။

Subject မပါတဲ့ သူ့ရဲ့ ပန်းချီကားတွေ အပေါ်မှာရော ဆရာ ဘယ်လို မြင်ပါသလဲ။
သူက Subject တိတိကျကျ ရေးလေ့ မရှိဘူးလေ။ မြင်းပေါ်မှာ ဂျွမ်းပစ်နေတဲ့ ပုံလေးကို မြင်လို့ မေးမိတော့ ဇောက်ထိုးကောင်လို့ သူပေးချင်သလို ပေးတယ်။ ဒါပေမယ့် ဒီကားတွေ အကုန်လုံးက လူမှုဘ၀မှာ ဖြစ်ပျက်နေတဲ့ ပတ်၀န်းကျင်တွေကို ရေးထားတာ။

ဆရာစိုးနိုင်အပေါ် ဆရာဘယ်လိုမြင်ပါသလဲ။
ကိုစိုးနိုင်က ခံစားချက်ကို ထုတ်ဖော်တဲ့နေရာမှာတော့ အင်မတန် ထုတ်ဖော်နိုင်တဲ့လူလို့ ထင်မြင်မိပါတယ်။ အမျိုးစုံ သူရေးနေတာပဲ။ စက္ကူပေါ်မှာ ခဲတံနဲ့ ရေးချင်ရေး တယ်။ စက္ကူကို ကတ်ကြေးနဲ့ ကိုက်ပြီး ကပ်ချင်လည်း ကပ်တယ်။ တစ်ခါတလေ စက္ကူပေါ်မှာ စိန်ဒိုင်းမွန်းဆေးနဲ့ ရေးချင်လည်း ရေးနေတာပဲ။ သူ့မှာ Art Workတွေ မြောက်များစွာ ရှိတယ်။ အဲဒီကနေ ဆီဆေးနဲ့ Knife ညီတာလေးတွေကို Collect လုပ်ပြီး ပြတာပါ။

ဒီပွဲက ဆရာစိုးနိုင်ရဲ့ ဘယ်နှစ်ကြိမ်မြောက် ပြပွဲ ဖြစ်ပါသလဲ။
ကိုစိုးနိုင်ရဲ့ ပွဲတွေက တော်တော် များတယ်။ နိုင်ငံခြားမှာ လုပ်တဲ့ ပွဲတွေက ပိုများတယ်။ ပြည်တွင်းမှာ ၁၉၉၄ ကနေ ၂၀၀၄ အထိ ပြပွဲ ၁၂ ပွဲ ရှိတယ်။ နိုင်ငံတကာ ပြပွဲတွေ က တော်တော် များပါတယ်။

ဒီပန်းချီကားတွေမှာ အရောင် သုံးထားတာနဲ့ ပတ်သက်ပြီး ဆရာ ပြောပြပေးပါဦး။
သူက Mono (အရောင် တစ်ရောင်တည်း အသုံးပြုခြင်း) ဆန်ဆန်လေးတွေ ရေးတယ်။ အခြားအရောင်တွေလည်း သုံးထားတာ တွေ့ရပါတယ်။ ကိုစိုးနိုင် ရေးခဲ့တဲ့ အရောင်တွေထဲမှာ ဒီကားအရောင်တွေက အတော် ပျော်ရွှင်ဖွယ် ဖြစ်ပြီးတော့ ကြည်ကြည်လင်လင် ဖြစ်တယ်။ ဖက်ဖူးရောင်လေးတွေ၊ ပန်းဆီရောင်လေးတွေ သုံးထားတာ တွေ့ရတယ်။ ဒီလိ်ု အရောင်တွေ သုံးတာ တစ်ခါမှ မတွေ့ဘူးသေးဘူး။ အရင်ကတော့ မှိုင်းမှိုင်းညို့ ညို့ ရေးတာ များတယ်။

ဒီကားတွေထဲမှာ ဆရာ့ အကြိုက်ဆုံး ပန်းချီကားလေးရှိရင် ပြောပြပေးပါ။
သူ့ကားတွေကို အကုန် ကြိုက်လို့ ဒီပြပွဲကို စီစဉ်ဖြစ်တာပါ။ သူ့အကြောင်းကို သေချာ သိလို့လည်း ဒီကားတွေကို ပိုကြိုက်ပါတယ်။

ဆရာစိုးနိုင်ရဲ့ ပြပွဲတွေကို နောက်ထပ် ပြဖို့ အစီအစဉ် ရှိပါသလား။
ကိုစိုင်းနိုင်နဲ့ ကျွန်တော် သဘောတူထားတာက နောက်နှစ် ဒီအချိန်လောက်ကျရင်လည်း 2013 Soe Naing, 2014 Soe Naing ဆိုပြီး ပွဲတွေ ထပ်ပြဖို့ ရှိပါတယ်။

ဆရာ့အကြောင်း မိတ်ဆက်ပေးပါ။
ကျွန်တော့ နာမည် ကိုမင်းလွင်ပါ။ အားလုံးက ကိုဖိုးကီးလို့ပဲ သိကြပါတယ်။ Gallery Sixty Fiveက ကျွန်တော့ ပြခန်းပေါ့၊ ဖွင့်တာကတော့ နှစ်နှစ်ကျော် ရှိသွားပြီ။ 2010 ကတည်းကပါ။ ဒီနှစ်နှစ်ခွဲ ကာလအတွင်းမှာတော့ ပွဲပေါင်း ၃၇ ပွဲ ပြုလုပ်ဖြစ်ပါတယ်။

Gallery ဖွင့်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။
ဒီ Gallery ဖွင့်ရတဲ့ ရည်ရွယ်ချက်လေးကတော့ Galleryကို နေ့စဉ်နေ့တိုင်း ဖွင့်မယ်။ ပန်းချီတွေ ထားမယ်။ လာကြည့်မယ်။ ရောင်းမယ်၊ ၀ယ်မယ်ပေါ့နော်။ အဲဒီလို စီစဉ်ပေးထားပေမယ့်လည်း ဖြစ်မလာဘူး။ အဓိက ကတော့ လက်ရှိ Exhibitionတွေပဲ လုပ်ဖြစ်တယ်။ Exhibition မရှိတဲ့ အချိန်ကျတော့ Galleryကို ပိတ်ထားတယ်။ ပိတ်ထားတဲ့အချိန်က နည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွဲတွေက ဆက်နေတယ်လေ။ အနုပညာကို Appreciate လုပ်စေချင်တယ်။ စနေ၊ တနင်္ဂနွေဆိုရင် လူတွေက Shopping သွားကြမယ်။ ရုပ်ရှင်ကြည့်တာထက် Galleryကို လာပြီး အနုပညာကို ခံစားစေချင်တယ်။

အခုဆရာစိုးနိုင်ရဲ့ ပန်းချီကားတွေအပေါ်မှာရော ဆရာ့ရဲ့ ခံစားချက်ကို ပြောပြပေးပါ။
ကျွန်တော်က အရမ်းကြိုက်တာပေါ့။ ကျွန်တော် ဒီပြခန်းဖွင့်ရတဲ့ ရည်ရွယ်ချက်က တကယ်တော့ ကျွန်တော်က ပန်းချီကို အရမ်းဝါသနာပါတယ်။ ပန်းချီတွေကိုလည်း ခံစားပြီး ကြည့်တာဆိုတော့ ကျွန်တော့အတွက် အဆင်ပြေတယ်။ ကြိုက်တယ်။ ဒီ Galleryမှာက ပြပွဲတွေ များတယ်။ ကိုယ့်ဘာသာကိုယ် ပန်းချီကား ၀ယ်ပြီး အိမ်မှာ ချိတ်ထားမယ်ဆိုရင် တစ်ခုတည်းပဲ ကြည့်ရမယ်လေ။ ဒီမှာက ရသစုံတဲ့ ပန်းချီတွေကိုပါ တွေ့ခွင့်ရတာပေါ့။ Galleryမှာက ပန်းချီတွေအပြင် ဓာတ်ပုံပြပွဲတွေရော လုပ်ဖြစ်ပါတယ်။

ဘာအကောင်မှန်း မသိနိုင်တဲ့ ပန်းချီကားတွေ အပေါ်မှာရော ဘယ်လို ခံစားမိပါသလဲ။
ကျွန်တော့ အမြင်ပြောရရင် ကိုစိုးနို်င်က အရောင်တွေနဲ့ Mode တစ်ခုကို ဖန်တီးထားတာ။ အကောင်ဆိုလည်း ခေါင်းစဉ် တပ်လို့ မရတဲ့ အကောင်ပေါ့နော်။ သူ့စိတ်ထဲမှာ ခံစားနေရတဲ့ Expression တစ်ခုကို အရိပ်နဲ့ အရောင်နဲ့ကို အဓိက အခြေခံပြီး ပြထားတာပေါ့လေ။ ကိုစိုးနိုင်ကို မေးကြည့်တော့လည်း အကုန် စားကောင်လို့ ဖြေတယ်။ တကယ်အပြင်မှာ ရှိတဲ့အကောင် မဟုတ်ဘဲ သူ့စိတ်ထဲမှာ ဖြစ်လာတဲ့ ခံစားချက်ကို အခြေခံပြီး ရေးသားထားတာပေါ့နော်။

ဒီပန်းချီကားတွေကို ဘယ်လို တန်းဖိုးဖြတ်ပါသလဲ။
ပွဲစီစဉ်သူ ကိုမျိုးဆွေသန်းက သတ်မှတ်ထားတာပါ။ ပန်းချီကားတွေက Small, Medium, Large ဆိုပြီး Size သုံးမျိုး ရှိပါတယ်။ ကားသေးတွေကတော့ တစ်ချက်ကို ခုနှစ်သောင်းပါ။ Medium တွေကတော့ တစ်သိန်း၊ ကားကြီးတွေကတော့ တစ်သိန်းကနေ သုံးသိန်းအထိ ရှိပါတယ်။ ဒီဈေးနှုန်းတွေကတော့ တန်တယ်လို့ ပြောရ မှာပေါ့နော်။ ကိုစိုးနိုင်ရဲ့ ပရိသတ်တွေက နိုင်ငံခြားသားများတယ်။ ပြီးခဲ့တဲ့ ပွဲတစ်ခုမှာ ဆိုရင် နိုင်ငံခြားသား တစ်ယောက် အကုန် သိမ်းကြုံးပြီး ၀ယ်သွားခဲ့ဖူး တယ်။ နိုင်ငံခြားမှာ ဒီလိုကားတွေက လူကြိုက်များတယ်။ မြန်မာတွေအနေနဲ့ အထူးအဆန်း ဖြစ်နေတာပေါ့။ ၀ယ်ပြီးပြီး ဧည့်ခန်းမှာ ချိတ်ထားဖို့အတွက် တော်တော် များများ စဉ်းစားကြတာပေါ့။

ဒီ Galleryမှာ ဘယ်လိုပွဲတွေ အများဆုံး ပြုလုပ်ဖြစ်ပါသလဲ။
ပြခဲ့တဲ့ ပြပွဲပေါင်း ၃၇ ပွဲမှာတော့ ပန်းချီပြပွဲတွေကတော့ ပိုများတယ်။ ဓာတ်ပုံပွဲတွေလည်း လုပ်ဖြစ်ပါတယ်။ ပိုစတာတွေလည်း ပြတယ်။ ရုပ်ရှင်တွေလည်း ပြပါတယ်။

ဘယ်ကာလတွေမှာ ပြပွဲတွေ အများဆုံး ပြသဖြစ်ပါသလဲ။
ဒီပြခန်း စဖွင့်တဲ့ အချိန်တုန်းကတော့ မိုးရာသီဆိုရင် ပွဲနည်းသွားမယ်။ ပွင့်လင်း ရာသီဆို ပွဲများမယ်လို့ ထင်ထားတာ။ ဒါပေမယ့် ပန်းချီကတော့ ထူးဆန်းတယ်။ အဲဒီလို မရှိဘူး။ ပွဲတွေက ဆက်တိုက် လုပ်ဖြစ်တယ်။

ပြပွဲတွေကို ဖိတ်စာ မရှိတဲ့ သူတွေရော လာရောက် လေ့လာလို့ ရနိုင်ပါသလား။
ကျွန်တော်တို့ ပွဲလုပ်ရင် စာပေစီစစ်ရေးက လာစစ်ပါတယ်။ ၀င်စစ်ပြီးရင် စာထုတ်ပေးပါတယ်။ Permit ပေါ့နော်။ Permit ရပြီး ကျွန်တော်တို့ တံခါးတွေ ဖွင့်ထားလိုက်ရင် မည်သူမဆို အခမဲ့ လာကြည့်နိုင်ပါတယ်။

ပွဲလုပ်ဖြစ်ရင် Publicကို ဘယ်လို အသိပေးပါသလဲ။
ဒါကတော့ စီစဉ်သူပေါ်မှာ မူတည်တာပေါ့နော်။ တချို့ ပွဲတွေဆိုရင် Mediaတွေ ခေါ်ပြီး အကြောင်းကြားတယ်။ တစ်ချို့ ပွွဲဆိုရင် ဖိတ်စာတွေ ပို့တယ်။ Email ပို့တယ်။ Flyerတွေ ေ၀တယ်။

အစ်ကိုတို့ Gallery အနေနဲ့ Website လုပ်ထားတာရော ရှိလား။
Website လုပ်ထားပါတယ်။ ဒါပေမယ့် Online ပေါ်တော့ မရောက်သေးပါဘူး။ Facebook Group Page ရှိပါတယ်။ GALLERY 65 ပါ။ ကျင်းပတဲ့ ပွဲတိုင်းက ပန်းချီတွေ ဓာတ်ပုံတွေကို အကုန်လုံး တင်ပေးထားပါတယ်။ ဒါကြောင့် ပြခန်းကို လူကိုယ်တိုင် မရောက်လာနိုင်တောင်မှ Facebookမှာ တက်ကြည့်လို့ ရပါတယ်။

ဟုတ်ကဲ့ အခုလို သိလိုသမျှကို ဖြေကြားပေးတဲ့အတွက် အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *