မြို့တော်ရန်ကုန်တွင် ရောင်စုံကားများ ပြေးလွှားနေကြသည်။ ဟောင်းနွမ်းသော ကားများအစား သစ်လွင်သော၊ လှပသော၊ ခေတ်မီသော ကားများဖြင့် မြို့တော်ရန်ကုန်သည် လှချင်တိုင်း လှနေလေသည်။ လမ်းများပေါ်တွင် ကားများဖြင့် ပြည့်နေလေသည်။ ယာဉ်မောင်းများသည် မိမိတို့ ကားများကို ယခင်ကထက် ပိုမို ဂရုပြု၍ မောင်းနှင်ကြရလေသည်။ သစ်လွင်သော ကားများသည် သိန်းပေါင်းများစွာ တန်သည်။ လူ့အသက်ကား တန်ဖိုး ဖြတ်၍ မရပေ။ ယာဉ်မောင်းသည်လည်း လူသားတစ်ဦး ဖြစ်သည်။
ယာဉ် မတော်တဆမှု မည်သူမျှ ဖြစ်ချင်ကြမည် မဟုတ်ပေ။ ယာဉ် မတော်တဆမှုဖြစ်လျှင် လူရော၊ ကားရော ထိခိုက်ကြရသည်။ လောဘ၊ ဒေါသ၊ မောဟ အတွက်ကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ကြရသည်။ ယာဉ်မောင်းသူ၏ မကျွမ်းကျင်မှု၊ ကိုယ်က ကျွမ်းကျင်သော်လည်း တစ်ဖက် ယာဉ်မောင်း၏ မကျွမ်းကျင်မှု၊ အရက်သေစာ သောက်စားမှု၊ စိတ်မကြည်လင်မှု၊ လမ်း မကောင်းမွန်မှု၊ ယာဉ်ကြံ့ခိုင်မှု မရှိမှု စသော အကြောင်းတရားပေါင်း များစွာဖြင့် ယာဉ်မတော်တဆမှုများ ဖြစ်ကြရသည်။ မည်သို့ပင်ဖြစ်စေ၊ ယာဉ်မောင်းသူသည် မိမိ ယာဉ်ရှေ့ရှိ သက်ရှိ၊ သက်မဲ့ အရာမှန်သမျှကို မထိခိုက်မိအောင် မောင်းနှင်ရန် တာ၀န်ရှိသည်။
ယာဉ်မောင်းများအနက် ကိုယ်ပိုင်ယာဉ်ကို မောင်းသူများထက် ခရီးသည်တင် ယာဉ်များကို မောင်းသည့် ယာဉ်မောင်းများသည် ပို၍ တာ၀န်ကြီးလေသည်။
ခရီးသည်များ၏ အသက်စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် တာ၀န်ရှိသော ရေယာဉ်၊ မော်တော်ယာဉ်၊ လေယာဉ် အစရှိသည်တို့ကို တာ၀န်ယူ၍ မောင်းနှင်ရသူများသည် မိမိ ကိုယ်ပိုင်ယာဉ်များကို ထိန်းသိမ်း မောင်းနှင်ကြသူများထက် အဆပေါင်း များစွာ ပို၍ ဂရုစိုက်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ဖြစ်လို ဖြစ်ငြား၊ လွတ်လို လွတ်ငြား ဟူသော စိတ်ထားမျိုး ရှိရန် မသင့်ပေ။ အစစ အရာရာ လွန်ကဲသော သတိကို မပျက်ထားရှိရမည်သာ ဖြစ်သည်။ ယာဉ်ချင်း ဆုံမိသည့်အခါများတွင် တစ်ဖက်ယာဉ်က တိမ်းရှောင်လိမ့်မည်ဟူသော အယူအဆမျိုးကို ပယ်ရမည်သာ ဖြစ်သည်။
ခရီးသည်တင်ဆောင်သော ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ် မောင်းသူများသည် အစစ အရာရာ ခရီးသည်များ၏ ဘေးအန္တရာယ် ကင်းလွတ်စေမှုကို ဦးစားပေးရန် သင့်ပေမည်ဟု ကိုကျေွပါ(၂)နှင့် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အမှုစီရင်ထုံး (၁၉၇၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ စာမျက်နှာ ၁၀)တွင် ညွှန်ပြထားပေသည်။
မည်သူမဆို လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်၄င်း၊ သူတစ်ပါးအားနာကျင်စေတန်လောက်အောင် (သို့တည်းမဟုတ်) နစ်နာစေတန်လောက်အောင်သော်၄င်း၊ အရမ်းဖြစ်စေ ပေါ့လျော့စွာဖြစ်စေ၊ အများပြည်သူဆိုင်ရာ လမ်းပေါ်၌ ယာဉ်ကို မောင်းလျှင် သို့တည်းမဟုတ် စီးလျှင် ထိုသူကို (၂)နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ တစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရာဇ၀တ်ကြီး ဥပဒေ ပုဒ်မ ၂၇၉တွင် ပြဌာန်းထားသည်။
နေ့စဉ်ထုတ်် သတင်းစာများတွင် ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြသော ရာဇ၀တ်ကြီး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၂၇၉ ၌ ပါရှိသော တထောင် ဆိုသည့် စကားရပ်ကို ကျပ်တစ်သိန်း ဆိုသည့် စကားရပ်နှင့် အစားထိုးရန် ပြင်ဆင်ခြင်းကို ကြိုဆိုရပေမည်။
မူလက ဤပုဒ်မကို ကျူးလွန်သူအား အများဆုံး ထောင်ဒဏ် (၆) လသာ ပြစ်ဒဏ် စီရင်ရန် ပြဌာန်းထားသော်လည်း မော်တော်ယာဉ် တိုက်မှုများမှာ တစ်နေ့တစ်ခြား များပြားလာသဖြင့် ၁၉၄၈ ခုနှစ်တွင် ပြစ်ဒဏ်ကို (၂)နှစ်ထိ တိုးမြှင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
အရမ်းပြုသည်ဆိုခြင်းနှင့် ပေါ့လျော့စွာ ပြုခြင်းတို့သည် အဓိပ္ပာယ် ကွာခြားသည်။ အရမ်းပြုသည်ဆိုသည်မှာ မပြုသင့်သည်ကို ပြုသော ပြုလုပ်မှု ဖြစ်သည်။ ပေါ့လျော့မှုဆိုသည်မှာ ပြုသင့်သည်ကို မပြုသည့် ပြုလုပ်မှု ဖြစ်သည်။ အရမ်းပြုမှုကြောင့် မည်သို့ အကျိုးသက်ရောက်မည်ကို ယာဉ်မောင်းသူက သိသော်လည်း ထို အကျိုးသက်ရောက်မှု ဖြစ်ပေါ်လိမ့်မည် မဟုတ်ဟု လွဲမှားသော အထင်ကြီး ယုံကြည်မှုနှင့် ပြုခြင်း ဖြစ်သည်။
ပေါ့လျော့မှုတွင် ယာဉ်မောင်းသည် မိမိ ပြုလုပ်မှုကြောင့် မည်သို့ အကျိုးသက်ရောက်မည်ကို မသိဘဲပြုခြင်း ဖြစ်သည်။ သာမန်လူတစ်ဦး ရှိသင့်သည့် သတိ ၀ိရိယ မရှိဘဲ ပြုခြင်းဖြစ်သည်။
နေ့အချိန် ယာဉ်မောင်းသူထက်၊ အလင်းရောင် နည်းသည့် ညအချိန် ယာဉ်မောင်းသူက ပို၍ သတိ ၀ိရိယ ရှိရမည် ဖြစ်သည်။ လူရှုပ်သည့် မြို့လယ်တွင် မောင်းနှင်သူသည် လူရှင်းသည့် မြို့ ပြင်လမ်းပေါ်တွင် မောင်းနှင်သူထက် သတိ ၀ိရိယ ရှိရမည်။
လူမရှိသည့် လမ်းပင် ဖြစ်စေကာမူ လမ်းလျောက်သူ(သို့မဟုတ်) အခြားယာဉ်များသည် ရုတ်တရက် လမ်းပေါ်သို့ ရောက်လာနိုင်သဖြင့် မထိန်းနိုင်၊ မသိမ်းနိုင်လောက်အောင် အလွန် လျင်မြန်စွာ မောင်းလျင် ပေါ့လျော့စွာ (သို့မဟုတ်) အရမ်းမောင်းသည်ဟု ကောက်ယူရမည် ဖြစ်သည်။ လမ်းပေါ်၌ အပြိုင် မောင်းနှင်ခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်သဖြင့် အရမ်း မောင်းရာ ရောက်သည်။ ယာဉ်စည်းကမ်းအတိုင်း မမောင်းသဖြင့် အခြားသူ တစ်ဦးအား အန္တရာယ်ဖြစ်စေလျှင် အရမ်း (သို့မဟုတ်) ပေါ့လျော့မှု ကျူးလွန်ရာ ရောက်သည်။
မည်သူ တစ်ဦး တစ်ယောက်ကိုမျှ ထိခိုက် နာကျင်စေခြင်း မရှိသော်လည်း အများပြည်သူဆိုင်ရာ လမ်းပေါ်၌ အရမ်း မောင်းနှင်ခြင်းသည် သူတစ်ပါးအား အန္တရာယ်ဖြစ်စေအောင် အရမ်း သို့မဟုတ် ပေါ့လျော့မှု ဖြစ်ပါက ရာဇ၀တ်ကြီး ဥပဒေ ပုဒ်မ ၂၇၉ အရ အပြစ် ရှိသည်။
အရမ်း (သို့မဟုတ်) ပေါ့လျော့စွာ မောင်းနှင်ခြင်းသည် ယာဉ်အပြင်ဘက်မှ လူ တစ်ဦး တစ်ယောက်ကို အန္တရာယ်ဖြစ်စေမှ ပြစ်မှုမြောက်သည် မဟုတ်။ ယာဉ်ပေါ်တွင် အတူ စီးနင်း လိုက်ပါလာသူများအား အန္တရာယ်ဖြစ်စေလျှင်၊ နာကျင်စေလျှင်လည်း ပြစ်မှု မြောက်လေသည်။
လမ်း အချက်ပြ မီးများကို လိုက်နာခြင်း မရှိဘဲ၊ အရှိန်ပြင်းစွာ မောင်းနှင်သူသည် အရမ်း မောင်းနှင်သူသာ ဖြစ်သည်။
လူ့အသက်ကို ဖြစ်စေ၊ အခြားသူတို့၏ လုံခြုံရေးကို ဖြစ်စေ၊ ဘေးဖြစ်အောင် မည်သူမဆို အရမ်းသော်လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း၊ ပြုလုပ်မှု တစ်ခုခုကို ပြုခြင်းဖြင့် တစ်ဦးတစ်ယောက်သော သူအား နာကျင်စေလျှင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၃၃၇ အရ ထိုယာဉ်မောင်းအား (၂) နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ တစ်ထောင်ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
ယာဉ်မောင်းသူ၏ အရမ်း(သို့မဟုတ်) ပေါ့လျော့စွာ မောင်းနှင်မှုကြောင့် တစ်စုံတစ်ဦးအား နာကျင်စေလျှင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၃၃၇ အရ အပြစ်ရှိလေသည်။
ထိုသို့ တစ်စုံတစ်ဦးအား နာကျင်စေမှုသည် အပြင်းအထန် နာကျင်စေမှုဖြစ်လျှင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၃၃၈ အရ အပြစ် ရှိသည်။
ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၃၃၈ တွင် လူ့အသက်ကို ဖြစ်စေ အခြားသူတို့၏ လုံခြုံရေးကို ဖြစ်စေ ဘေးဖြစ်အောင် မည်သူမဆို အရမ်းသော်လည်းကောင်း၊ ပေါ့လျော့စွာသော်လည်းကောင်း ပြုလုပ်မှု တစ်ခုခုကို ပြုခြင်းဖြင့် တစ်ဦးတစ်ယောက်သောသူအား အပြင်းအထန် နာကျင်စေလျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
ထိုထက် ပို၍ ယာဉ်မောင်းသူသည် အရမ်း(သို့မဟုတ်) ပေါ့လျော့စွာ မောင်းနှင်မှုကြောင့် လူကို သေစေလျှင် ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၃၀၄-က အရ အပြစ် ရှိပေသည်။
ရာဇ၀တ်ကြီး ဥပဒေပုဒ်မ ၃၀၄-က တွင် မည်သူမဆို ပြစ်မှုပြစ်ဒဏ်ထိုက်သော လူသေမှု အဖြစ် ဖြင့်သော်လည်းကောင်း လူသတ်မှု အဖြစ် ဖြင့်သော်လည်းကောင်း ပြစ်ဒဏ် ချမှတ်ခြင်း မခံထိုက်သော အရမ်း ပြုလုပ်မှုကို သို့တည်းမဟုတ် ပေါ့လျော့သော ပြုလုပ်မှုကို ပြု၍ လူကို သေစေလျင် ထိုသူူအား (၇) နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ သို့ရာတွင် အဆိုပါ ပြုလုပ်မှုကို သေစေတန်ရာသည်ဟု သိလျက်နှင့် ပြုလျှင် ထောင်ဒဏ်ကို တိုး၍ ဆယ်နှစ်ထိ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
ဆင်ခြင်တုံတရား ရှိသည့် သာမန် အသိဉာဏ်ရှိသူ တစ်ဦး၏ အပြုအမူကို မပြုဘဲ ပျက်ကွက်ခြင်း သို့မဟုတ် ထိုသူမျိုးက ပြုလုပ်လိမ့်မည် မဟုတ်သည်ကို ပြုမှုခြင်းသည် အရမ်း (သို့မဟုတ်) ပေါ့လျော့စွာ ပြုမှုခြင်း ဖြစ်သည်။
လမ်းအကွေ့တွင် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အချက်ပြမီး မပြဘဲ ကွေ့ခြင်း၊ ကားကို သတိကြီးစွာ မထားဘဲ မောင်းခြင်း၊ ဂီယာ ၀င်နေခြင်း ရှိမရှိ စစ်ဆေးခြင်း မပြုဘဲ စက်နှိုးလိုက်၍ ကားထွက်ပြီး လူကို တိုက်မိခြင်း၊ ကားရှေ့တွင် ကလေးတစ်ဦး ထိုင်ကစားနေသည်ကို မသိဘဲ ကားပေါ် ရုတ်တရက် တက်ပြီး စက်နှိုး၍ မောင်းထွက်ရာမှ ကလေးကို တိုက်မိ သေဆုံးခြင်း၊ ကားအောက်တွင် ၀င်၍ စက်ပြင်နေသည်ကို သတိ မမှုဘဲ ကား မောင်းထွက်၍ လူကို သေစေခြင်း စသည်တို့သည် ဆင်ခြင်တုံတရား ရှိသည့် သာမန်အသိဉာဏ်နှင့် ပြည့်စုံသူ တစ်ဦး၏ အပြုအမှုဟု ဆိုနိုင်မည် မဟုတ်ပေ။
ခြံ၀င်းအတွင်းသို့ မိုင်၂၀နှုန်းဖြင့် မော်တော်ကား မောင်းနှင် ၀င်ရောက်သဖြင့် ဘရိတ်ဖမ်းသော်လည်း မနိုင်မနင်းဖြစ်ကာ လူတစ်ဦး သေဆုံးရခြင်းမှာ ယာဉ်မောင်းသူ၏ ပေါ့လျော့မှုကြောင့်သာ ဖြစ်သည်ဟု မောင်ချစ်လှိုင်နှင့် ပြည်ထောင်စု မြန်မာနို်င်ငံ အမှုစီရင်ထုံး (၁၉၇၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၂)တွင် ညွှန်ပြထားသည်။
ယာဉ်မောင်းသည် ဂျစ်ကား ဘောနက်ပေါ်၌ လူတင်ပြီး ဂျစ်ကားအတွင်း၌ လူနှင့် ကုန်များကို အဆမတန် တင်ဆောင်ပါလာသောကြောင့် သာမန်လူ တစ်ယောက် ထားသင့်သော သတိ၊ ရှိသင့်သော ၀ိရိယ မရှိသည့်အတွက် ကားချင်း ရှောင်ရာတွင် ကားကို မထိန်းနိုင် ဖြစ်ပြီး တိမ်းမှောက်ခဲ့ရာမှ ခရီးသည် တစ်ဦး ကားပိပြီး သေဆုံးခဲ့ရာတွင် ယာဉ်မောင်းသည် ပေါ့လျော့စွာ ပြုလုပ်ရာ ရောက်၍ ရာဇ၀တ်ကြီး ပုဒ်မ ၃၀၄-က အရ အပြစ် ရှိသည်ဟု မောင်ကျော်ဦးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး (၁၉၇၉ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးများ စာမျက်နှာ ၁၃) တွင် ညွှန်ပြထားသည်။
ကားများကို အရမ်းမောင်းနှင်ခြင်းကြောင့် လူများ မသေသင့်ဘဲ သေရခြင်း၊ ဒဏ်ရာ မရသင့်ပဲ ရရှိကြခြင်းကြောင့် ယာဉ်တိုက်ခံရသူများ ဒုက္ခဆင်းရဲ မရောက်ရလေအောင်၊ ယာဉ်မောင်းသူများလည်း ကြီးလေးသော ထောင်ဒဏ်၊ ငွေဒဏ် ကျခံရခြင်း မရှိစေရန်၊ စောင့်မျှော်နေသူ ဇနီးမယား၊ သမီးသားများထံသို့ ယာဉ်မောင်းသူများ၊ အချိန်တန် အိမ်ပြန်နိုင်ကြစေရန် ယာဉ်မောင်းသူများ သတိပြု ဆင်ခြင်နို်င်ရန် ရေးသား တင်ပြလိုက်ရပါသည်။