Opinion

ကိုဘအေး စိတ်ကူးမယဉ်တော့ပါ

sate

ကိုဘအေးက စိတ်ကူးယဉ်သမား။ အရမ်းစိတ်ကူးယဉ်တယ်။ ထီတစ်စောင်ထိုးပြီး စိတ်ကူးယဉ်လို့ မဆုံးတော့ဘူး။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာ အကုန်စိတ်ကူးယဉ်တာ။ တိုက်ကြီးတွေ ကားကြီးတွေနဲ့ ဦးချမ်းသာကြီး ဖြစ်ပြီးတော့ အလှူကြီး အတန်းကြီးတွေလည်း ပေးလို့ပေါ့ဗျာ။ ပြီးတော့ ကမ္ဘာကို ပတ်ချင်လည်း ပတ်လိုက်ဦး။

ဟုတ်တယ်လေ စိတ်ကူးယဉ်တာ ပိုက်ဆံကုန်တာမှ မဟုတ်တာ။ကိုဘအေးငယ်ငယ်က ဆရာ၀န်တို့၊ စစ်ဗိုလ်တို့ သိပ်ဖြစ်ချင်တာ။ သူတို့က ကြည့်ရတာ စမတ်ကျတယ်လေ။ စိတ်ကူးထဲမှာ
ဂျူတီကုတ် အဖြူလေး၀တ် နားကြပ်ကို လည်ပင်းမှာ ချိတ်လို့ ဆရာ၀န် ဖြစ်ကြည့်လိုက်တာ။ ကြိုးစားမှု အားနည်းလို့ ကိုဘအေး ဆရာ၀န် မဖြစ်ခဲ့ဘူး။

စစ်ဗိုလ်ဆိုလည်း ယူနီဖောင်း အစိမ်းလေးနဲ့ ပခုံးဒေါက်ပေါ်မှာ ရွေှဘားတွေ တင်လို့ (အဲဒီတုန်းက ကြယ် မဟုတ်သေးဘူး၊ ဘားနဲ့) ပြီးတော့ ခါးမှာလည်း ပစ္စတိုသေနတ် ချိတ်လို့ပေါ့လေ။
ကိုဘအေးက ဘွဲ့ရပြီးတော့ O.T.S တော့ ၀င်ဖြေဘူးတယ်ဗျ။ အဲဒီတုန်းက ဗိုလ်ရွေးအဖွဲ့က အခု ပြည်သူ့ဥယျာဉ် လုပ်ထားတဲ့ နေရာမှာ၊ ကိုဘအေးနေတဲ့ ဟယ်လ်ပင်လမ်းက ပြည်ထောင်စုရိပ်သာနဲ့ နီးတယ်။

ဗိုလ်ရွေးအဖွဲ့ကို ဗိုလ်သင်တန်း ၀င်ခွင့် ဖြေဖို့သွားတော့ အိမ်ကနေ ညီ၀မ်းကွဲ ဖြစ်သူ ကိုတူးကြီး (အခု တက်လမ်း ဆေးရုံအုပ် ဖြစ်နေတဲ့ ဒေါက်တာအေးမြင့်)က အိပ်ရာလိပ် ထမ်းပြီး လိုက်ပို့ရတာ။ ဟဲ… ဟဲ ဗိုလ်သင်တန်း ဖြေမယ့်လူက ကိုယ့်အိပ်ရာလိပ် ကိုယ် မထမ်းနိုင်ဘူး။ ကိုဘအေးက ငယ်ငယ်က ချူချာတော့ ကျန်းမာရေးက သိပ် Fit မဖြစ်ဘူး။ စိတ်ထက်သန်လို့သာ သွားဖြေကြည့်တာ။ အဲဒီတော့ ဗိုလ်သင်တန်း တက်ခွင့်လည်း မရလို့ စိတ်ကူးယဉ်ခဲ့တဲ့ စစ်ဗိုလ်လည်း မဖြစ်ခဲ့ဘူးပေါ့။

စိတ်ကူးနဲ့ကတော့ ကုန်ကုန် ပြောရရင် လကမ္ဘာလည်း သွားလို့ ရတယ်၊ အဂါၤဂြိုလ်လည်း သွားလို့ ရတယ်။ ဟုတ်တယ်မို့လား။ နေမင်းကြီးကတော့ ပူလို့ သွားဖို့ စိတ်မကူးပါဘူး။
တကယ်တော့ အနုပညာရှင်တွေဆိုတာလည်း စိတ်ကူးယဉ်သမားတွေပဲဗျ။ စာပေ၊ ဂီတ၊ ပန်းချီ၊ ရုပ်ရှင်၊ သဘင် အကုန်လုံးပေါ့။

၀တ္ထုတွေ ဇာတ်လမ်းတွေ သီချင်းတွေကို အရင်ဆုံး စိတ်ကူးထဲမှာ စီဖွဲ့ပြီးမှ ပုံဖော်ကြရတာ မဟုတ်လား။ ကိုဘအေးတောင် ကဗျာတွေ ၀တ္တုတွေကို စိတ်ကူးယဉ်ပြီး ရေးကြည့်ခဲ့ဘူးတယ်။ စာစောင်တွေ မဂ္ဂဇင်းတွေတော့ မပို့ဖြစ်ပါဘူး။ ကိုဘအေးက စိတ်ကူးယဉ်သမားမို့လို့လား မသိဘူး။ အသက် ၄၀ကျော်အထိ လူပျိုကြီးဘ၀နဲ့ နေခဲ့ရတာ။ စိတ်ကူးနဲ့ပဲ ရည်းစားထားကြည့်နေတာကို…။

ဘာပဲလုပ်လုပ်ပါ။ အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင် စိတ်ကူးထဲမှာ အရင်ဆုံး အစီအစဉ်ချပြီးမှ စိိိိတ်ကူးကြည့်ပြီးမှ လက်တွေ့လုပ်ဆောင်ကြရတာ မဟုတ်လား။

စိတ်ဆိုတာကလည်း ထိန်းချူပ်ရတာ ခက်သားကလား၊ သူသွားချင်ရာ သွားနေတာ။ စိတ်ကို တည်ငြိမ်အောင် လုပ်ဖို့ဆိုတာ သိပ်မလွယ်ဘူး။ သမာဓိ တော်တော်ရတဲ့သူမှပဲ ဖြစ်မှာ။ တရားများများ ထိုင်ပေးနိုင်ရင်တော့ ထိန်းသွားနိုင်မယ် ထင်တယ်။ ကိုဘအေးဆိုရင် ဘုရားရှိခိုးနေရင်း ပုတီးစိတ်နေရင်းနဲ့ စိတ်က ဟိုရောက်သွားလိုက် ဒီရောက်သွားလိုက်၊ စိတ်ကို ပြန်ပြန် ခေါ်နေရတယ်။

အဲဒီ စိတ်ရဲ့ အလျင်က အသံရဲ့အလျင်တို့ အလင်းရဲ့ အလျင်တို့ထက် ပိုမြန်တယ် ပြောရမယ် ထင်တယ်။ သူက ရောက်ချင်တဲ့ဆီကို ချက်ချင်း ရောက်သွားတာ။

ဆိုခဲ့တဲ့ စိတ်နဲ့ ပတ်သက်ပြီး ပြောရရင် အဘိဓမ္မာ သဘောတရားအရ (ကိုဘအေးကတော့ ကြီးကြီးကျယ်ကျယ် အဘိဓမ္မာနဲ့ ချီနေပြန်ပြီ) “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်” ဆိုတဲ့ ပရမထ္ထတရား လေးပါးဆိုတာ ရှိတယ်။ ပရမထ္ထလေးပါးမှာ စိတ်နဲ့ စေတသိက်ကို ပေါင်းပြီး နာမ်လို့ ခေါ်ပြန်တယ်။

ပြောရရင် လူရဲ့ခန္ဓာကိုယ်ထဲမှာ သိတယ်ဆိုတဲ့ သဘောတရားလေး တစ်ခု ရှိတယ်။ အဲဒီ သိတယ်ဆိုတဲ့ သဘောတရားကို စိတ်လို့ ခေါ်တာပေါ့။ သိတယ်ဆိုတဲ့ သဘောတရားလေးထဲမှာပဲ စိတ်ရယ်၊ စေတသိက်ရယ်ဆိုပြီး ထပ်ကွဲသွားပြန်တယ်။

ဗုဒ္ဓ အဘိဓမ္မာ သဘောတရားအရ တစ်ကမ္ဘာလုံးမှာရှိတဲ့ သတ္တဝါတွေ အားလုံးရဲ့ စိတ်တွေကို ရေတွက်လို့ရှိရင် စိတ်ဟာ (၈၉)ခုပဲ ရှိတယ်လို့ သိရပါတယ်။ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ သာမန်ပြောရင် စိတ်ပေါင်း (၈၉)ခုပဲပေါ့။ ဈာန်ရတဲ့ ပုဂ္ဂုလ်တွေရော၊ အရိယာပုဂ္ဂိုလ်တွေရော၊ ပုထုဇဉ် ပုဂ္ဂိုလ်တွေရော၊ အကုန်လုံး ပေါင်းလိုက်တော့မှ စိတ် (၈၉)ခု ရှိတယ်လို့ ဆိုတာပါ။ ရိုးရိုး လူတွေမှာတော့ စိတ် (၈၉)ခု မရှိပါဘူး။ စေတသိက် အရေအတွက်က (၅၂)ခုပဲ ရှိတယ်လို့ ပြောပါတယ်။

ကိုဘအေးအပါအ၀င် လူတော်တော်များများက စိတ်နဲ့ စေတသိက်ကို မကွဲပြားကြဘူး။ စိတ်နဲ့ စေတသိက်မှာ လူအများစု သုံးနေ ပြောနေကြတာကတော့ စိတ်ကိုပဲ သုံးကြတယ်။ စေတသိက်ကို မသုံးကြဘူး။ မင်းစိတ်ကို ငါသိတယ်။ ဒီလူ အင်မတန် စိတ်ကြီးတယ်။ သူကတော့ စိတ်ကောင်း ရှိတယ်။ သူကတော့ စိတ်ကောင်း မရှိဘူး။ အဲဒီလို စိတ်ကိုပဲ ပြောကြတယ်။ စေတသိက်ကိုတော့ ကောင်းတယ် မကောင်းဘူးလို့ ဘယ်သူမှ မပြောဘူး။ စေတသိက်ဆိုတဲ့ ေဝါဟာရက မြန်မာ စကားထဲမှာ မရှိပါဘူး။ အမှန်က မြန်မာစကား အစစ်လည်း မဟုတ်ဘူး။

စိတ်ဆိုတာက စိတ္တဆိုတဲ့ ပါဠိက ဆင်းသက်လာတာ။ စိတ္တကို တ၀မ်းပူ တစ်လုံး ဖျက်ကာ တ-သက်လိုက်ပြီး မြန်မာက စိတ်လို့ ခေါ်တာ။ အဲဒီတော့ စိတ်ဆိုတဲ့ ေဝါဟာရကို မြန်မာလို ဘာသာထပ်ပြန်မယ်ဆိုရင် နားမလည်တော့ဘူး။ အဲဒီ စိတ်ဆိုတဲ့ ေဝါဟာရကို မြန်မာတွေက နားလည်ပြီးသား ဖြစ်နေပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အသိတရားကို စိတ်လို့ ခေါ်ပါတယ်။ နာမ်လို့လည်း ခေါ်ပါတယ်။ အဘိဓမ္မာမှာတော့ စိတ်ရော၊ စေတသိက်ရော နှစ်မျိုးလုံးပါအောင် နာမ်လို့ သုံးပါတယ်။ လူတိုင်း သိနေကြတဲ့ စိတ်ဆိုတာက လိုရင်းကတော့ သိတတ်တဲ့ သဘောတရားပဲ၊ လူဟာ သိတယ်၊ သိတယ်လို့ဆိုတာ စိတ်ရှိလို့ သိတာပဲ။ စိတ် မရှိပဲနဲ့ ရုပ်ချည်းသက်သက် ဆိိုလို့ရှိရင် မသိတတ်ဘူး။ လူသေသွားတဲ့အခါကျတော့ စိတ်မရှိတော့ဘူး၊ ရုပ်ချည်း ကျန်ရစ်ခဲ့တယ်။ အဲဒီတော့ သေတဲ့ရုပ်နဲ့ မသေခင်ရုပ်က စိတ်ရှိတာ မရှိတာ ဒါပဲ ထူးတယ်။

စိတ်ရှိတုန်းက သိတတ်တယ်၊ သွားကိုင်ရင် ကိုင်တယ်လို့ သိတယ်။ ဆဲရင် ဆဲတယ်လို့ သိတယ်။ မသေခင် ရုပ်ကြီးမှာ သိတတ်တဲ့ သဘောတရား ရှိတယ်။ စိတ်ကို မီးသဂြိုလ်လို့ မရဘူး။ ရုပ်ကိုသာ မီးသဂြိုလ်လို့ ရတယ်။ စိတ်က ချူပ်ပျောက်သွားတယ်။ အဲဒီတော့ စိတ်ဆိုတာ သိတတ်တဲ့ သဘောတရားပဲ။

စိတ်က ဘာတွေ သိလဲ၊ အာရုံကို သိတယ်။ အဲဒီတော့ စိတ်ဆိုတာဟာ အာရုံကို သတ်တတ်တဲ့ တရားပေါ့။ အာရုံဆိုတာက အဆင်းရယ်၊ အသံရယ်၊ စိတ်ရဲ့သိစရာ ဒီခြောက်ခုက လွဲလို့ မရှိတော့ဘူး။ မြတ်စွာဘုရားရဲ့ စိတ်ပဲဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ရဲ့စိတ်ပဲဖြစ်ဖြစ်၊ စိတ်ရဲ့သိစရာကတော့ ဒီခြောက်မျိုးပဲ ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ လုပ်နေတဲ့ ဘယ်အလုပ်ပဲ ကြည့်ကြည့် ဒီအာရုံခြောက်ပါးပဲ ရှိတာပါ။

စိတ်နဲ့ တွဲနေတဲ့ စေတသိက်ဆိုတာကိုတော့ “စိတ်၌ မှီ၍ ဖြစ်သော သဘောတရား”လို့ မြန်မာပြန်ကြပါတယ်။ စိတ်ကို ခြယ်လှယ်တဲ့တရား ဆိုရင်တော့ ပိုပြီး ရှင်းပါလိမ့်မယ်။ ရူပါရုံအဆင်းကို စိတ်က သိတယ်။ စိတ်က အဆင်းကို သိရုံ သိတာ။ အဲဒီ အဆင်းကို သိပြီးတော့ လှတာလေးကို လိုချင်တာက စေတသိက်၊ လိုချင်တဲ့ အခါကျတော့ ရအောင်ယူတယ်။

ဖြူစင်တဲ့ စိတ်ကို စေတသိက်က ခြယ်လှယ်လိုက်တဲ့အခါ ဒါကို လိုချင်တယ်။ မလိုချင်ဘူး။ ချစ်တယ်၊ မုန်းတယ်၊ ဒီလို စေတသိက်တွေ ဖြစ်လာတယ်။ စိတ်၌ မှီ၍ ဖြစ်တဲ့ တရားဆိုတာ မှီရုံတင်မကဘူး၊ စိတ်ကို မှီပြီးတော့ စိတ်ကို ခြယ်လှယ်လိုက်သေးတယ်။ ဒါကြောင့် လယ်တီဆရာတော်ဘုရားကြီးက “စိတ်၌ မှီတွယ်၊ စိတ်ကို ခြယ်၊

မှတ်ဖွယ် စေတသိက်”လို့ ဆိုတာပေါ့။

အမှန်က စိတ်ရဲ့မူရင်းက ဖြူစင်တဲ့ သဘောတရားပဲ၊ စေတသိက်တွေ ၀င်လာတဲ့အခါကျမှ ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်တွေ ဖြစ်လာတာ။ ကလေးအရွယ်လေးတွေက ဖြူစင်နေတော့ ချစ်စရာ ကောင်းတယ်၊ သူများကို မနာလိုတဲ့ စိတ်တို့ မကောင်းကြံချင်တဲ့ စိတ်တို့ သိပ်မရှိဘူး။ စေတသိက်ရဲ့ ခြယ်လှယ်မှု သိပ်မရှိသေးတော့ စိတ်က ဖြူစင်နေတာကိုး။

လူပျိုပေါက်လေး ဖြစ်လာလို့ ရှိရင် နည်းနည်း ပွေလာတယ်၊ စေတသိက်တွေက တော်တော် ခြယ်လှယ်လာပြီ၊ အသက် သုံးလေးဆယ် ကျော်လာပြီဆိုရင်တော့ ခြယ်လှယ်တဲ့ စေတသိက်တွေ တော်တော်များလာပြီ။ ဒါကြောင့်မို့ ရှေးက ပြောကြတယ်၊ ကြီးလေ ချဉ်လေတဲ့။ လူဟာ ကြီးလေ ချဉ်လေဆိုတာ ဒီလိုသဘောတရားတွေကို နားမလည်ပဲ စိတ်အတိုင်းသာ ပစ််ထားမယ်ဆိုရင် စေတသိက်တွေရဲ့ နှောက်ယှက်မှုကို ခံကြရပါမယ်။

စိတ်နဲ့ စေတသိက်ကို ဥပမာ ပေးရရင် စိတ်က ရေနဲ့ တူတယ်၊ စေတသိက်က ဆိုးဆေးနဲ့ တူတယ်။ အရောင် မရှိတဲ့ ရေထဲကို ဆေးအနီ ထည့်လိုက်ရင် နီသွားမယ်၊ အပြာ ထည့်လိုက်ရင် ပြာသွားမယ်၊ အဝါ ထည့်လိုက်ရင် ဝါသွားမယ်။ ရေကို အရောင်အမျိုးမျိုး ဆိုးလို့ ရသလို စိတ်ကိုလည်း အရောင်အမျိုးမျိုး ဆိုးလို့ရတယ်။

ဒါကြောင့် စေတသိက်ဆိုတာ စိတ်ကို အရောင် ဆိုးပေးတဲ့ တရားပဲ။ ကောင်းတဲ့ စေတသိက်နဲ့ ပေါင်းရင် လူကောင်း ဖြစ်သွားတယ်။ မကောင်းတဲ့ စေတသိက်နဲ့ ပေါင်းရင် လူဆိုး ဖြစ်သွားမယ်။

ရှေ့က ပြောထားတဲ့အတိုင်း စေတသိတ် (၅၃)ခု ရှိတဲ့ အထဲမှာ မကောင်းတဲ့ စေတသိက်က (၁၄)ခု ပါတယ်။ အကုသိုလ် စေတသိက်ပေါ့။ ဒီ အကုသိုလ် စေတသိက် ၀င်နေတဲ့ လူဟာလည်း လူဆိုးပဲ။

မကောင်းတဲ့လူ ဖြစ်သွားတာပဲ။ ဒါပေမယ့် ကောင်းတဲ့ စေတသိက်က (၂၅)ခု ရှိတော့ ကုသိုလ် စေတသိက်က အရေအတွက် များတယ်။ လူတစ်ယောက်ရဲ့ စိတ်ကို တိုက်ခိုက်တဲ့အခါ အကုသိုလ်က စစ်သား (၁၄)ယောက်ပဲ ရှိပြီး ကုသိုလ်က စစ်သား (၂၅)ယောက် ရှိတဲ့အတွက် စစ်တပ် အင်အားချင်း မမျှပါဘူး။ လူတွေ ထင်နေသလို ကုသိုလ်နဲ့ အကုသိုလ် ယှဉ်ရင် အကုသိုလ်က နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ကောင်းအောင် လုပ်ချင်တဲ့ စိတ် ရှိဖို့ပဲ လိုပါတယ်။

အဘိဓမ္မာမှာ အမြဲတမ်း လူကောင်းရယ်လို့ မရှိနိုင်သလို လူဆိုးဆိုတာလည်း အမြဲတမ်း မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ကုသိုလ် စေတသိက်တွေကို သဘောပေါက် နားလည်လာကြရင် ကိုယ့်ကိုယ်ကို လူကောင်းဖြစ်အောင် ပြုပြင်နိုင်မှာပါ။

စိတ်သည် အာရုံအမျိုးမျိုးသို့ ပျံ့လွင့်ပြေးသွားတတ်ကြောင်း သိကြပါတယ်။ ကောင်းတဲ့ အာရုံရှိရင် ကောင်းတဲ့အလုပ်ကို လုပ်ဖြစ်သလို ကောင်းတဲ့အလုပ်ကို လုပ်ဖြစ်သလို မကောင်းတဲ့အာရုံရှိရင် မကောင်းတာ လုပ်မိတတ်ကြပါတယ်။ စိတ်ကို မပျံ့လွင့်အောင် ထိန်းချူပ်နိုင်တာက “သမာဓိ”ပဲ ဖြစ်ပါတယ်။

သီလကို “ကုသိုလ် အားလုံးတို့၏ အစ”လို့ ဖော်ပြကြသလို သာသနာရဲ့ အနှစ်တရားတို့မှာ “သမာဓိ” သည်လည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ သမာဓိဆိုတာ တစ်အာရုံထဲမှာသာ စိတ်ရှိခြင်း၊ တည်ကြည်ခြင်း ဖြစ်ပါတယ်။ စိတ်ကို အာရုံ အမျိုးမျိုးသို့ မပျံ့လွင့် မပြေးသွားစေပဲ တစ်အာရုံထဲမှာသာ ကောင်းစွာ ထားနိုင်တာသည် သမာဓိရဲ့ သဘောအဓိပ္ပာယ်ပင် ဖြစ်ပါသည်။
သမာဓိအလုပ်ဟာ စိတ်ကူးယဉ် အလုပ် မဟုတ်ပါ။

နှုတ်ဖြင့် ပြောရုံသာ ပြောရတဲ့ အလုပ်လည်း မဟုတ်ပါ။ လက်တွေ့အလုပ် ဖြစ်ပါတယ်။ သမထ၊ ၀ိပဿနာ တစ်မျိုးမျိုးကို လက်တွေ့ ကျင့်ကြံ ပွားရှုမှသာ သမာဓိကို ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။ သမာဓိ အားကောင်းရင် တစ်နည်းအားဖြင့် စိတ်တည်ငြိမ်မှု ရှိရင် ကျောင်းသားပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ်၊ စီးပွားရေးသမားပဲဖြစ်ဖြစ်၊ မိမိရဲ့ အလုပ်ကို အောင်မြင်စွာ ကြံစဉ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

သမာဓိကို ကြိမ်ဖန်များစွာ ပွားများက မျက်မှောက်ဘ၀မှာ ချမ်းသာစွာ နေရခြင်း၊ ဒိဗ္ဗစက္ခု (နတ်မျက်စေ့) ဉာဏ်အမြော်အမြင်ကို ရရှိခြင်း၊ သတိ (အောက်မေ့ခြင်း) သမ္ဗဇဉ် (ဆင်ခြင်ဉာဏ်)ကို ရရှိခြင်း၊ ကိလေသာ အာသေဝါတို့ ကုန်ခမ်းနိုင်ခြင်းဆိုတဲ့ အကျိုးများကို ရရှိနိုင်ကြောင်း (အဂုၤတ္ထိုရ်၊ စတုက္ကနိပါတ်၊ ရောဟိတဿ၀ဂ်၊ သမာဓိ ဘာ၀နာသုတ်မှာ) မြတ်ဗုဒ္ဓက ဟောကြားတော် မူခဲ့ပါတယ်။

ဒါကြောင့် ကိုဘအေးလည်း ဒိဗ္ဗစက္ခုဉာဏ်အမြင်ရတာတို့ အာသေဝါကုန်ခမ်းတာတို့ မဖြစ်သေးရင်တောင် အခုဘ၀မှာ ချမ်းချမ်းသာသာလေး နေရအောင် စိတ်ကူးတွေ သိပ်မယဉ်တော့ပဲ လက်တွေ့ကျကျ သမထ၊ ၀ိပဿနာတွေ ရှုမှတ်ပွားများပြီး သမာဓိတွေ များများရအောင် အလုပ်တရားကိုပဲ ဦးစားပေးသွားတော့မယ်လို့ ဆုံးဖြတ်လိုက်ကြောင်းပါ…။ သာဓု…သာဓု…သာဓု

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *