ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးလာသောကြောင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကွန်ပျူတာ သုံးစွဲသူထက် တက်ဘလက် (Tablet) သုံးစွဲသူ ပိုများလာမည် ဖြစ်ကြောင်း Microsoftမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Mr. Alvin Chuaက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ကွန်ပျူတာသုံးစွဲသူ အရေအတွက်မှာ တစ်သန်းအောက်သာ ရှိနေသော်လည်း လာမည့် နှစ်များတွင် မိုဘိုင်းလ် ဆင်းမ်ကတ်များ လွယ်ကူစွာ သုံးစွဲလာနိုင်ခြင်း၊ ကွန်ပျူတာထက် စျေးနှုန်းသက်သာခြင်းတို့ကြောင့် ဘက်စုံ အသုံးပြုနိုင်သည့် တက်ဘလက်များ စျေးကွက်အတွင်း ပိုမိုနေရာရလာမည် ဖြစ်ကြောင်း Microsoft ကုမ္ပဏီက ခန့်မှန်းထားသည်။
“နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ ဒီမှာက အင်တာနက်ကို Facebookလောက် သုံးကြတာ များတော့ ကွန်ပျူတာထက် ဖုန်းတွေ တက်ဘလက်တွေနဲ့ ပိုအဆင်ပြေတယ်။ လုပ်ငန်းအတွက် လိုအပ်လို့ ဝယ်တာမျိုးက လွဲလို့ လူအများစုက စျေးနှုန်းပိုကြီးတဲ့ ကွန်ပျူတာထက် တက်ဘလက်တို့ မိုဘိုင်းလ်ဖုန်း ကောင်းကောင်းတို့ကို ပိုဝယ်လာကြတယ်။ Desktop ကွန်ပျူတာတွေဆို တော်တော် အရောင်းကျသွားတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးရှိ အင်တာနက် အသုံးပြုသူ အရေအတွက်၏ ၂၅ ရာခိုင်နှုန်းသည် တက်ဘလက်၊ စမတ်ဖုန်း စသည့် မိုဘိုင်းလ် ပစ္စည်းများဖြင့် အသုံးပြုနေကြခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ မိုဘိုင်းလ် ထုတ်ကုန်များ ထုတ်လုပ်မှုနှင့် တင်ပို့မှုလည်း နှစ်ဆခန့် တိုးတက်လာမည် ဖြစ်ကြောင်း Microsoftက ခန့်မှန်းထားသည်။