လူသားတို့သည် နေ့စဉ်နှင့်အမျှ စား၀တ်နေရေးအတွက် လုပ်ကိုင်နေကြရသည်။ ကာယ၊ ဉာဏ၊ ၀ိရိယ စွမ်းအားအလျောက် လုပ်ကိုင်ကြသည်။ မိမိ တတ်မြောက်ထားသော အတတ်ပညာ၊ အသိပညာများဖြင့် လုပ်ကိုင်ကြရသည်။ လုပ်အားကို အရင်းအနှီးပြု၍လည်းကောင်း၊ ငွေကြေးဥစ္စာကို အရင်းအနှီးပြု၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကြသည်။ ကုန်သွယ်ရေးလုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ၊ ပြည်တွင်း ပြည်ပ သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ၊ ကျွမ်းကျင်ရာ လိမ္မာ လုပ်ကိုင်ကြရသည်။ ရိုးသားစွာ ရှာဖွေ စားသောက်လိုခြင်းသည် မင်္ဂလာ ရှိသည်။ သမ္မာအာဇီ၀ ဖြစ်သည်။ မရိုးမသား လုပ်ကိုင် ရှာဖွေ စားသောက်ခြင်းကို ရှောင်ရှားသင့်သည်။ လိမ်လည် လှည့်ဖြားခြင်းသည် မရိုးမသားပြုခြင်းပင် ဖြစ်သည်။ သမ္မာအာဇီ၀ မဖြစ်။ လိမ်လည် လှည့်ဖြား၍ ရရှိသော ငွေသည် စားလျှင်လည်း အာဟာရ ဖြစ်မည် မဟုတ်။ သက်ရှည် ကျန်းမာမည် မဟုတ်။ လှူလျှင်လည်း ကုသိုလ်ရမည် မထင်။ ယခုဘ၀၊ နောင်ဘ၀ ကောင်းမည် မဟုတ်သော လိမ်လည်မှုကို မပြုလုပ်သင့်ပေ။ လိမ်လည်ခံရသူ တို့မှာလည်း ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ကြရမည်။ တစ်ချို့ ဘ၀ ပျက်ကြသည်။ ကောင်းနိုင်ပါဦးမည်လား။
သို့သော် ၄၂၀ လူလိမ်တို့ကတော့ ရှိနေမြဲ။ လူလိမ်တို့ကို 420 (ဖိုးတွမ်တီး)ဟု သမုတ်ကြသည်။ အကြောင်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၄၂၀)တွင် လိမ်လည်မှုအတွက် ပြဌာန်းထားပြီး ပြစ်ဒဏ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။
မည်သူမဆို လှည့်ဖြားခြင်းခံရသူအား တစ်ခုခုသော ပစ္စည်းကို သူတစ်ဦး တစ်ယောက်သို့ ပေးအပ်စေရန်သော်လည်းကောင်း၊ အဖိုးတန် စာတမ်းအမှတ်အသား အားလုံးကို သို့တည်းမဟုတ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ လက်မှတ်ရေးထိုးခြင်းသော်လည်းကောင်း၊ တံဆိပ်ခတ်နှိပ်ခြင်း သော်လည်းကောင်း ရှိသည်လည်း ဖြစ်၍ အဖိုးတန် စာတမ်း အမှတ်အသားအဖြစ်သို့ ပြောင်းလွဲနိုင်သည်လည်းဖြစ်သော အရာအားလုံးကို သို့တည်းမဟုတ် တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပြုစေရန် သို့တည်းမဟုတ် ပြင်ဆင်စေရန် သို့တည်းမဟုတ် ဖျက်ဆီးစေရန်သော်လည်းကောင်း၊ ထိုလှည့်ဖြားခြင်းခံရသူအား လိမ်လည်၍ မရိုးမဖြောင့်သော သဘောနှင့် သွေးဆောင်လျှင် ထိုသူကို (၇)နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေပုဒ်မ 420 တွင် ပြဌာန်းထားသည်။
ဥပဒေစကားရပ် ဖြစ်၍ အနည်းငယ် ရှုပ်ထွေးသယောင် ရှိသည်။ သဘောတရားမှာ တစ်ဦးတစ်ယောက်ကို လှည့်ဖြား၍ ပစ္စည်းတစ်ခုကို ပေးအပ်စေခြင်း၊ အဖိုးတန် စာချူပ်စာတမ်း တစ်ရပ်ကို ပြင်ဆင်ခြင်း၊ ဖျက်ဆီးခြင်းကို မရိုးမဖြောင့်စွာ ပြုမှုပါက လိမ်လည်မှုမြောက်လေသည်။
မရိုးမဖြောင့်ခြင်းကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၄ တွင် ပြဌာန်းထားသည်။ မတရား ရယူရန်အကြံနှင့်ဖြစ်စေ၊ မတရား ဆုံးရှုံးစေရန် အကြံနှင့်ဖြစ်စေ၊ မည်သူမဆို တစ်ဦးတစ်ယောက်သော သူအားပြုလျှင် မရိုးမဖြောင့် ပြုရာ ရောက်သည်။
မရိုးမဖြောင့်သော ပြုခြင်းတွင် အကျူံး၀င်ရန် အင်္ဂါ သုံးရပ် ရှိရန် လိုသည်။ ၄င်းတို့မှာ (၁) အကြံ (၂) မတရားသော နည်းကို သုံးစွဲခြင်းနှင့် (၃) ပစ္စည်းကို ရပိုင်ခွင့် မရှိဘဲ ရယူခြင်းတို့ ဖြစ်သည်။
မရိုးမဖြောင့်ခြင်း ဟုတ်-မဟုတ် ဆိုသည့် ပြဿနာကို စဉ်းစားရာတွင် မတရား ရယူခြင်း သို့မဟုတ် မတရား ဆုံးရှုံးခြင်း ရှိ-မရှိ၊ ရှိပါက တရားခံ၌ ထိုကြံရွယ်ချက်နှင့် ပြုခြင်း ဟုတ်-မဟုတ် ဆိုသည့် အချက်များ ပြည့်စုံရန် လိုပေသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံနှင့် ဦးခင်မောင်လတ် အမှုစီရင်ထုံး (၁၉၅၂ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး (တရားလွှတ်တော်) စာမျက်နှာ ၁၁၄ တွင် ညွှန်ပြထားသည်။
လူတစ်ဦး၏ အကြံမှာ မည်သို့မည်ပုံ ရှိသည် ဆိုခြင်းကို ပုထုဇဉ်ပုဂ္ဂိုလ်အနေဖြင့် သိရှိနိုင်မည် မဟုတ်ပေ။ ထိုသူ၏ ပြုမှုဆောင်ရွက်ချက်အပေါ် ခန့်မှန်း၍ အဆုံးအဖြတ် ပြုရန်သာ ရှိပေသည်ဟု ဦးသန်းနိုင်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံစီရင်ထုံး ၁၉၆၆ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၁၆၀၉ တွင် ညွှန်ပြထားသည်။
ပစ္စည်းတစ်ခုကို မတရား ရယူခြင်းလည်း မဟုတ် မတရား ဆုံးရှုံးစေခြင်းလည်း မဖြစ်လျှင် တရားခံ၏ ပြုလုပ်မှုသည် မရိုးမဖြောင့်သော သဘောဖြင့် ပြုသည်ဟု ကောက်ယူခြင်း မပြုနိုင်ကြောင်း မောင်သန်းမောင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၃၆၃ တွင် ညွှန်ပြထားသည်။
လိမ်လည် လှည့်ဖြားခြင်းနှင့် စပ်လျဉ်း၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၅ တွင် မည်သူမဆို လိမ်လည် လှည့်ဖြားလိုသော အကြံနှင့်ပြုလျှင် ထိုသူသည် လိမ်လည်လှည့်ဖြား၍ ပြုသည်မည်၏။ ထိုအကြံမျိုး မရှိလျှင် လိမ်လည် လှည့်ဖြား၍ ပြုသည် မမည်ဟု ပြဌာန်းထားပေသည်။
လိမ်လည်လှည့်ဖြားခြင်း ဆိုသည်မှာ တစ်ကယ် လိမ်လည်ခြင်း သို့မဟုတ် လိမ်လည်ရန် ကြံရွယ်ခြင်း ရှိရမည့်အပြင် ထိုသို့ လိမ်လည်ခြင်းကြောင့် ဆုံးရှုံးနစ်နာမှု သို့မဟုတ် ဆုံးရှုံးနစ်နာရန် အကြောင်း ပေါ်ပေါက်ခြင်းလည်း ရှိရမည် ဖြစ်သည်။ ဆုံးရှုံးနစ်နာမှုဆိုရာ၌ ပစ္စည်းတစ်စုံတစ်ရာ ဆုံးရှုံးခြင်းသာမက တစ်ဦးတစ်ယောက်၏ အခွင့်အရေးကို ထိခိုက်စေလျှင်လည်း လိမ်လည် လှည့်ဖြားရာ ရောက်သည်။
လမ်းသွား လမ်းလာ ပြည်သူတစ်ဦးဦးကို လိမ်လည်ရန် အကြံနှင့် ရွေှရည်စိမ် လက်ကောက်ကို လမ်းဘေး၌ ချထားသူသည် မည်သူ မည်ဝါကို လိမ်လည်မည်ဟု ဆိုသော အကြံ မရှိချေ။ ယုံလွယ်သည့် လမ်းသွားလမ်းလာ တစ်ဦးကို လိမ်လည်ရန်သာ အကြံ ရှိသည်။ ထိုလက်ကောက်ကို ရွေှအစစ် ထင်မှတ်ပြီး လက်ခံခဲ့သည့် ထိုလမ်းသွားလမ်းလာက ရွေှအစစ်အမှန်အနေဖြင့် အခြား လူတစ်ဦးတစ်ယောက်အား ရောင်းချလျှှင် ၀ယ်သူသည် အလိမ်ခံရသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ရောင်းသူအနေဖြင့် ၄င်းကိုယ်တိုင် အလိမ်ခံရပြီး အစစ်အမှန် ဖြစ်သည်ဟု ယုံကြည်ကာ ရောင်းချခြင်း ဖြစ်လျှင် လိမ်လည်ရန် အကြံ မရှိသည့်အလျှောက် ၄င်း၏ ပြုမူချက်သည် လိမ်လည်လှည့်ဖြားခြင်း မမြောက်ပေ။ အများပြည်သူတို့အား အစုရှယ်ယာများ ၀ယ်ယူရန် ကုမ္ပဏီ၏ တရား၀င် ရှင်းတမ်းကို လိမ်လည်၍ ထုတ်ပြန်လျှင် လိမ်လည်လှည့်ဖြားရန် အကြံနှင့် ပြုသည်ဟု ဆိုရမည် ဖြစ်သည်။ လိမ်လည်လှည့်ဖြားမှုသည် အောင်မြင်ခြင်း မရှိစေကာမူ လိမ်လည် လှည့်ဖြားရန် အကြံနှင့် ပြုပါက လိမ်လည်လှည့်ဖြားခြင်း မြောက်သည်။
ပစ္စည်းရှင် တစ်ဦးသည် ၄င်း၏ ပိုင်ဆိုင်မှုကို ထင်ရှားအောင် အလို့ငှာ မလိုအပ်ပါဘဲလျက် ပိုင်ဆိုင်ခွင့် စာချူပ်စာတမ်းများကို အတု လုပ်၍ ရုံးသို့ တင်ပြလျှင် လိမ်လည်လှည့်ဖြားရာ ရောက်သည်။
လူတစ်ဦးသည် ပြစ်မှု တစ်ရပ်နှင့် ပြစ်ဒဏ် ထင်ရှား စီရင်ခြင်း ခံရဘူးပါလျက် ၄င်း၏ ကိုယ်ရေးရာဇ၀င်တွင် ပြစ်ဒဏ်ကျခံရဘူးခြင်း မရှိပါဟု ဖော်ပြ၍ အလုပ် လျောက်ထားပါက လိမ်လည်လှည့်ဖြားမှု ပြုရာ ရောက်သည်။
တရားခံက အနီးရှိ ချောင်းထဲတွင် စပါးလှေ ရှိသည်။ ထိုစပါးကို ရောင်းပါမည်ဟု ပြောကာ ငွေယူ၍ အော်ဒီမန်စာချူပ် ပေးခဲ့ပြီး ရှောင်တိမ်းသွားသည်။ ငွေယူစဉ်က စပါးလှေ မရှိကြောင်း ပေါ်ပေါက်နေ၍ ငွေကို မရိုးမဖြောင့်သော သဘောနှင့် လှည့်ဖြားပြီး ယူကြောင်း ထင်ရှားသဖြင့် လိမ်လည်မှု မြောက်သည်။
ပစ္စည်း သို့မဟုတ် ငွေကို ရယူစဉ်အချိန်က မရိုးမဖြောင့်သော သဘော မရှိလျှင် ရာဇ၀တ်ကြောင်းအရ အရေးမယူနိုင်ချေ။ ပဋိညာဉ် ချိုးဖောက်သည့်အနေဖြင့် တရားမကြောင်းအရသာ အရေးယူနိုင်မည် ဖြစ်သည်။
တရားခံသည် တရားလို၏ စပါးပွဲစား ဖြစ်ပြီး ငွေယူသောအခါ အော်ဒီမံစာချူပ် ချူပ်ပေးကာ စပါးများကို ပေးသွင်းလေ့ ရှိသည်။ နောက်ဆုံးအကြိမ်တွင် ငွေ ၄၀၀၀ ကျပ် ယူပြီး စပါးငွေ ၈၀၀ ကျပ်ဖိုးကိုသာ ပေးသွင်းခြင်းသည် ငွေယူစဉ်က မရိုးမဖြောင့်သော သဘောရှိသည်ဟု ယူဆရန် အကြောင်း မရှိပေ။
တရားခံက ၄င်းတွင် သစ် တန် ၃၀၀ ရောင်းရန် ရှိသည်ဆိုပြီး စရန်ငွေ ယူပြီးနောက် သစ်ကို မပေးသွင်းနိုင်၍ တရားစွဲဆိုရာ တရားခံသည် သစ်ကုန်သည်ကြီး တစ်ဦး ဖြစ်ပြီး သစ်သားများကို အမြဲ ရောင်းချနေသူ ဖြစ်၍ စရန်ငွေ ယူစဉ်က ပဋိညာဉ်ကို ဆောင်ရွက်ရန် လုံး၀ ရည်ရွယ်ခြင်း မရှိကြောင်း အထောက်အထား မရှိက လိမ်လည်မှုဖြင့် အရေးယူနိုင်မည် မဟုတ်ဟု ဦးေ၀လင်းနှင့် အက်ဖ်မိုဟာမက် ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၁၀၅၄ တွင် ထုံးဖွဲ့သည်။
တရားခံသည် အစိုးရသို့ ငွေပေးဆပ်ရန် ရှိသဖြင့် တရားလိုသို့ ချဉ်းကပ်ကာ ဆိုင်နှင့် ဆိုင်ရှိ ပစ္စည်းများကို လွှဲအပ်ပေးမည်ဟု ကတိပြုပြီး ငွေချေးသည်၊ ငွေရပြီးနောက် ဆိုင်နှင့် ဆိုင်ရှိ ပစ္စည်းကို လွဲအပ်ပေးခြင်း မပြု၍ တရားစွဲဆိုရာ၌ ငွေချေးစဉ် အချိန်က တရားခံတွင် ဆိုင်နှင့် ပစ္စည်းများ ရှိကြောင်း ပေါ်ပေါက်နေသဖြင့် ဆိုင်နှင့် ပစ္စည်း မရှိဘဲ ရှိသည်ဟု လိမ်လည် လှည့်ဖြားကာ ငွေကို ရယူခြင်း မဟုတ်၍ လိမ်လည်မှု မမြောက်ဟု မစိန်ရင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး (၁၉၆၆ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၃၈၁) တွင် ထုံးဖွဲ့ထားသည်။
ပဋိညာဉ် ပျက်ကွက်မှုဖြင့် တရားမကြောင်းအရ အရေးယူသင့်သော အမှုကို ရာဇ၀တ်ကြောင်းအရ အရေးမယူနိုင်။ ငွေယူစဉ် လိမ်လည်ရန် အကြံ ရှိကြောင်း ပေါ်ပေါက်မှသာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ အရ ပြစ်မှုမြောက်မည် ဖြစ်သည်ဟု ဦးညိုကြီးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး (၁၉၇၈ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၂၇) တွင် ညွှန်ပြထားသည်။
ချေးယူသည့် ငွေကို ပြန်ဆပ်ရန် မရည်ရွယ်ဘဲ ပြန်ဆပ်မည် ဖြစ်ကြောင်း ယုံကြည်အောင် ပြုမူလျက် တမင် လှည့်ဖြားပြီး ငွေထုတ်ချေးစေရန် မရိုးမဖြောင့်သော သဘောနှင့် သွေးဆောင်၍ ငွေကို ရယူလျှင် လိမ်လည်မှု မြောက်နိုင်ကြောင်း ဦးချစ်မောင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး (၁၉၈၁ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၂၁) တွင် ညွှန်ပြသည်။
အိမ်နှင့် မြေကို ရောင်းချရာ၌ စရန်ငွေ ရယူပြီးမှ အကြောင်းတစ်ခုခုကြောင့် ရောင်းချရန် ငြင်းဆိုခြင်းသည် လိမ်လည်လှည့်ဖြား၍ စရန်ငွေ ယူခြင်းဖြစ်သည်ဟု မဆိုနိုင်သဖြင့် လိမ်လည်မှု မမြောက်ကြောင်း ဦးဘိုးချက် ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး (၁၉၈၃ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၁၃၂) တွင် ညွှန်ပြထားသည်။
တရားမမှုများတွင် ပဋိညာဉ် ဥပဒေအရ လောင်းကစားနှင့် ပတ်သက်၍ ပြုလုပ်သော ပဋိညာဉ်သည် ပျက်ပြယ်သည်ဟု ပြဌာန်းထားသော်လည်း ရာဇ၀တ်မှု၌ ယင်းပြဌာန်းချက်သည် အကျုံးမ၀င်သဖြင့် နွားလှည်းပြိုင်ပွဲအတွက် လောင်ကြေးငွေကို လိမ်လည် ရယူလျှင် လိမ်လည်မှုအရ ပြစ်ဒဏ်ထိုက်သည်ဟု ဦးလီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမှုစီရင်ထုံး (၁၉၇၅ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ ၄၈) တွင် ညွှန်ပြထားသည်။
ရာဇသတ်ကြီး ဥပဒေတွင် ပြဌာန်းထားသော လိမ်လည်မှု၏ သဘောသဘာ၀ကို အများပြည်သူ သိရှိနိုင်ရန် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။