Opinion

အလုပ်အကိုင် အခွင့်အလမ်း ဘာကြောင့် အားနည်းနေရသလဲ

ဒါကတော့ မနောတို့ဆီမှာ နောက်ပိုင်း ဖြစ်လာတဲ့ သဘောလေးပါ။ အလုပ်အကိုင် အခွင့်အလမ်း နည်းတယ်ဆိုတဲ့ နေရာမှာ တန်အောင် မပေးနိုင်တာ၊ တန်အောင် မရတာဆိုတဲ့ အချက်တွေလည်း ပါမယ် ထင်ပါတယ်။ အလုပ်ရှင်အနေနဲ့ ပေးနိုင်တဲ့ ပမာဏကလည်း နည်းသလို အလုပ် လုပ်မယ့် သူအတွက် ပြန်ရမယ့် Reward ကလည်း နည်းနေပါတယ်။ ဒါကြောင့် ပြည်တွင်းအလုပ်ဆို စိတ်မဝင်စားကြတော့ပဲ နိုင်ငံခြားထွက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ နိုင်ငံခြားမှာ ဘယ်လို လုပ်မယ်၊ ဘာတွေ တတ်မှ ဖြစ်မယ်ဆိုတာတွေ သိတဲ့သူတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ပေမယ့် မသိသူတွေအတွက်ကြတော့ ဘယ်လို ပြင်ဆင်ရမှန်း မသိတော့ပဲ၊ ဟိုဟာ ကောင်းနိုးနိုး၊ ဒီဟာ ကောင်းနိုးနိုး အများတကာ အကြံပေးတဲ့အတိုင်း လိုက်လုပ်ကြပါတယ်။ ကိုယ့် Talent က ဘယ်နေရာမှန်း မသိပေမယ့် အဆင်ပြေတဲ့ နေရာကို ဝင်တိုးကြရပါတယ်။ အဲဒီလို ဟိုနေရာ ဝင်တိုးလိုက်၊ ဒီနေရာ ဝင်တိုးလိုက်နဲ့ ယောင်သွားကြတဲ့သူတွေလည်း မနည်းပါဘူး။ ကွန်ပျူတာပိုင်း လိုက်တဲ့ သူကျတော့ လည်း သူများတွေ AutoCAD ဆို လိုက် AutoCAD၊ သူများတွေ Graphic ဆို လိုက် Graphic၊ အဲဒီလိုနဲ့ အခြေခံ အဆင့်က မတက်တော့ပါဘူး။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက သင်တန်းတွေ တက်နိုင်ကြပေမယ့် ပိုက်ဆံ မတတ်နိုင်သူတွေကတော့ ကိုယ်ဘယ်လိုမှ မမျှော်မှန်းခဲ့တဲ့ လမ်းတွေကို ရွေးရပါတော့တယ်။ မနောတို့လို နိုင်ငံခြားကို မကူးနိုင်သေးတဲ့သူတွေကတော့ ရရာ နေရာ ကနေ လောက်င မလောက်င ၀င်လုပ်နေရသေးတာပေါ့။ မလုပ်လို့လည်း မဖြစ်ဘူးလေ ၀မ်းစာက ရှိသေးတာကိုး။

အလုပ်အကိုင် အခွင့်အလမ်း အားနည်းခြင်းဆိုတဲ့ အချက်ကတော့ နိုင်ငံ တိုးတက်မှုအပေါ်မှာ တိုက်ရိုက် မှီခိုနေပါတယ်။

နိုင်ငံ တိုးတက်မှု ကောင်းလေ အလုပ်အကိုင် အခွင့်အလမ်း ပွင့်လေပါပဲ။ ခုလို Information Ageမှာ နိုင်ငံ တိုးတက်လာတယ်ဆိုရင် သတင်းအချက်အလက် နည်းပညာလည်း ကျွဲကူးရေပါ တိုးတက်လာတာပါပဲ။ အဲဒီလို တိုးတက်ပြီဆိုတာနဲ့ သတင်းအချက်အလက် နည်းပညာဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပွင့်လာမှာပါ။ ဒီအခြေအနေရောက်ရင်တော့ ငါ့အစ်ကိုက System Analyst လစာ ဘယ်လောက်ရတယ်။ ငါ့ ဦးလေးက Game Developer လစာက ရေလည် လန်းတယ်။ ငါ့ အစ်မကတော့ Graphic Designer လစာကတော့ မမေးနဲ့ ဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ငါကတော့ စာရင်းကိုင်နဲ့ လုပ်နေတယ်။ အရည်အချင်းကတော့ ACCA ဒါမှမဟုတ် MBA အဆင့်ထိ ရထားတာနော် ဆိုသလိုပေါ့။ ဒါဆိုရင် လူငယ်တွေအနေနဲ့ ကလေး ဘဝကတည်းက အားကျစရာ၊ အတုယူစရာတွေ ဖြစ်ပြီး ဘယ်လို လျှောက်လှမ်း ရမယ်ဆိုတဲ့ Guide Linesတွေလည်း ရလာမှာ ဖြစ်ပါတယ်။ ခု အခြေအနေမှာတော့ မမှီတဲ့ ပန်း တုံးခုလှမ်း ဆိုသလို နိုင်ငံခြားက စံနှုန်းတွေအတိုင်း လိုက်နေကြရပါတယ်။ လူစွမ်းကောင်းတွေကတော့ မိုးပျံပြီး မမှီတဲ့ ပန်းကို ခူးနိုင်ပေမယ့် လူစွမ်းကောင်း မဟုတ်သူတွေကတော့ ပန်းခြောက်လေးတွေ ကောက်ပြန်ဆိုသလို အလုပ် ဖြစ်တယ် ဆိုရုံလောက် သွားနေကြရပါတယ်။ ကဲ ဒီတော့ ရှေ့ဆက် ဘာလုပ်မလဲဆိုတာ ခေါင်းထဲ စဉ်းစားနေရုံနဲ့ မဖြစ်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါတော့တယ်။

တချို့ကျပြန်တော့လည်း စာရင်းကိုင် လိုင်းက စားသာတယ်လို့ တွေးပြီး စာရင်းကိုင် ဆော့၀ဲတွေ စိတ်မ၀င်စားလည်း တက်ပဲ လုပ်လာကြတယ်။

ဟော သင်တန်းလေးလည်း ဆင်းရော အလုပ် လိုချင်တယ်ဆိုလို့ လုပ်ငန်းအသစ်တွေက ခေါ်လာတော့ အလုပ်ရပါစေ ဆိုပြီး ပြောပေးလိုက်တယ်။ ခုက အများအားဖြင့် အရောင်းနဲ့ စာရင်းကိုင်ကို တွဲခန့်ကြတယ်။ လစာလည်း တစ်ယောက်ထဲ ပေးပြီး ခိုင်းတာလည်း အကုန် ခိုင်းလို့ ရတဲ့ နည်းစနစ်ကို ကျင့်သုံးလာကြတာကို အများအားဖြင့် တွေ့ရှိရတယ်။ အလုပ်လေးမှ ရမယ် မကြံသေးဘူး။ ကိုယ့်မှာဖြင့် လုပ်ငန်း အတွေ့အကြုံ မရှိသေးဘဲ လစာကိုလည်း အမြင့်ဆုံး မှန်းကြနဲ့ နောက်ပြောပေးလိုက်တဲ့သူမှ မျက်နှာ မထောက်၊ နောက် အလုပ် တစ်ခု ရလို့ ပထမ အလုပ်ကို သွားမဆင်းကြတာနဲ့ ကိုယ့်ဘ၀ ကိုယ် ဘယ်သွားလို့ သွားရမှန်း မသိ ဖြစ်နေကြတာ ဒုနဲ့ဒေးပါပဲ။ ဒီတော့ ပြန်စဉ်းစားဖို့ လိုလာပြီ မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းတာလား၊ လူတွေမှာ ရှိတဲ့ အရည်အချင်းတွေက မပြည့်၀ကြတာလား ဆိုတာကိုပါပဲ။ မိဘ ပိုက်ဆံရှိတဲ့သူကျတော့လည်း တက်လိုက်ရတဲ့ သင်တန်း လက်ထဲမှာ သင်တန်းဆင်း လက်မှတ်တွေ တစ်ပုံတပင် ကိုင်ထားပြီး ဘယ်အလုပ်ကို လျှောက်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေကြတာတွေလည်း တွေ့ရှိရတယ်။ ခုခေတ်အခြေအနေကလည်း သင်တန်း မတက်လို့ မဖြစ်တဲ့ ခေတ်အခြေအနေ ရောက်နေတာလည်း လက်လုပ်၊ လက်စား မိသားစုဘ၀တွေအတွက် ရှေ့ဆက် တိုးဖို့ ခက်နေပြန်ပါတယ်။ တက်လိုက်တဲ့ သင်တန်းက တစ်သိန်းခွဲ၊ နှစ်သိန်း ပေးတက်ပြီး အလုပ်ရတော့ ၄ သောင်း၊ ၅ သောင်းက စရပြန်တော့ မလုပ်ချင်ကြပြန်ဘူး။ စခန့်ခန့်ခြင်းကို မန်နေဂျာ လစာတန်းပေးမှ သဘောကျတဲ့ သူတွေချည်းပါပဲ။

ခုချိန်မှာ အလုပ်အကိုင် ရှာဖွေရေး အေးဂျင့်တွေ ရှိနေပြီး လူသားအရင်းအမြစ် စုဆောင်းရေးဌာနတွေ ရှိနေပေမယ့် ကိုယ့်ရဲ့ အဆက်အသွယ်တွေနဲ့ အလုပ် ရှာနိုင်ဖို့က အလွန် အရေးကြီးပါတယ်။

အလုပ်လေး ရပြန်တော့ တစ်ပတ်လောက် လုပ်ပြီး ပင်ပန်းလို့၊ ဘာလို့ ညာလို့ဆိုပြီး အလုပ် ဇွဲမရှိကြပဲ အလုပ် ထွက်ကြပြန်တယ်။ မနောတို့ ခေတ်နဲ့ မတူကြတော့တာလားလို့လည်း စဉ်းစားမိပြန်တယ်။ ကိုယ်တွေ ခေတ်တုန်းကတော့ ကိုယ့်စိတ်နဲ့ ကိုယ်၊ လိုချင်တဲ့ အလုပ် မရ ရအောင် ရှာဖွေပြီး ရတဲ့ နေရာကနေ အရင် ၀င် လုပ်ရင်း အလုပ်ခွင်မှာ အတွေ့အကြုံနဲ့ ပညာကို လေ့လာကြိုးစားခဲ့ရတယ်။ ခေတ်စနစ်ကလည်း မတူပြန်ဘူးလေ။ ခုခေတ်က မိဘ ထောက်ပံ့မှုလည်း အားသာသလို သင်တန်းဆင်း လက်မှတ်တွေကိုလည်း အချိန်တိုင်း ယူနေကြတာကိုး။ အလုပ်အကိုင်သာ နည်းပါးနေတာ။ လူငယ်တွေ ကြည့်လိုက်တိုင်း သင်တန်း တက်နေတယ်ပဲ ကြားနေရတယ်။ အလုပ် လုပ်ဖို့တော့ စိတ်ကူး မရှိကြတာတွေလည်း များကြပါတယ်။ ဘ၀ ရှေ့ရေးအတွက် ရွေးချယ်စရာလမ်းတွေ ရှိနေတယ်လို့ ကောင်းစွာ သိထားခြင်း မရှိတဲ့ လူငယ်တွေအတွက်တော့ သူလို ငါလို အလုပ်မျိုးနှင့်သာ လမ်းဆုံး သွားကြမှာ ဖြစ်ပြီး အရွေးခံရမလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကုမ္ပဏီကြီးတွေမှာ ၀င်ရောက် လုပ်ကိုင်ချင်ပေမယ့် ပင်ကို အရည်အချင်းနှင့် ကျွမ်းကျင်မှုတွေ မရှိသေးရင် ဘ၀တက်လမ်း ရှိမှာ မဟုတ်ပါဘူး။ ဘ၀တက်လမ်း တိုးတက်ဖို့ ဆန္ဒပြင်းပြမှုတွေ ရှိနေပြီး တိကျတဲ့ ရည်မှန်းချက်တွေနဲ့ ထူးချွန် ထက်မြက်အောင် အမြဲ ကြိုးစားနေသူတွေအနေနဲ့တော့ အခြားလူတွေထက် အလုပ်အကိုင် အခွင့်အလမ်း သာလွန်မှာ အသေအချာပဲ ဖြစ်ပါတယ်။

ခုဆိုရင် နိုင်ငံခြား ကုမ္ပဏီကြီးတွေကလည်း မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုအတွက် ၀င်လာကြတော့မယ်။

ဒီလိုအချိန်မှာ အလုပ် လိုချင်သူများက အဖက်ဖက်က အစစအရာရာ ကြိုတင်ပြင်ဆင်မှု လုပ်ထားမှသာ ဒီအလုပ်အကိုင် အခွင့်အလမ်းထဲ ပါ၀င်မှာ ဖြစ်ပါတယ်။ ခက်တာက မြန်မာနိုင်ငံမှာက အလုပ်ပေးနိုင်တဲ့နှုန်းထက် လူဦးရေနှုန်းက တစ်နှစ်ထက် တစ်နှစ် ပိုပြီး တိုးတက်နေတော့လည်း လူတိုင်း ရရှိနိုင်ဖို့ဆိုတာ အတော်ကို မလွယ်တဲ့ ကိစ္စ ဖြစ်လို့နေပြန်ပါတယ်။ ဒီတော့ လက်ရှိမှာ အလုပ် လက်မဲ့ မဖြစ်ရအောင် ရတဲ့ အလုပ်နဲ့ ကိုယ်နဲ့ ကိုက်တဲ့ အရည်အချင်းမှီတဲ့ အလုပ်တစ်ခုကို ၀င်လုပ်ထားရင်း ကိုယ့်အတွက် ပိုမို အခွင့်အလမ်း သာတဲ့ အလုပ်အကိုင်တွေ စောင့်ဆိုင်းနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ တိုးတက်မှုနှုန်း မြန်ဆန်လာမယ်လို့ မြင်မိပါတယ်။ ဒီလိုမှ မဟုတ်ပဲ အလုပ်ကျတော့ လိုချင်တယ် ဘယ်အရာမှ ကိုယ့်အရည်အချင်းကို မဖြည့်ဆည်းထားဘူး ဆိုရင်ဖြင့် အလုပ်အကိုင် ရရှိနိုင်မယ့် အခွင့်အလမ်းတွေ နည်းပါးနေမှာ အမှန်ပဲ ဖြစ်ပါတော့တယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *