News

Samsung စက်ရုံ လုပ်ငန်းခွင် ဆိုးရွားမှု ဘရာဇီး တရားစွဲ

ဘရာဇီးနိုင်ငံ၊ အမေဇိုးနက်စ်ပြည်နယ်၊ မြို့တော် မနော့စ်ရှိ တောင်ကိုရီးယား Samsung အီလက်ထရွန်နစ် ပစ္စည်း စက်ရုံတွင် အလုပ်သမားများကို အလွန်အကျွံ ခိုင်းစေမှုကြောင့် နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀၈သန်း ရလိုမှုအတွက် Samsungကို တရားစွဲဆိုလိုက်ကြောင်း ဘရာဇီး အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်ဟု သိရသည်။

အဆိုပါ စက်ရုံမှ အလုပ်သမားများကို တစ်နေ့လျှင် ၁၅နာရီခန့် အလုပ်ခိုင်းစေရာတွင် ၁၀နာရီခန့် မတ်တပ်ရပ် အလုပ်လုပ်ရပြီး တစ်ခါတစ်ရံတွင် တစ်လလျှင် ၂၇ရက် ဆက်တိုက် အလုပ်လုပ်ရကြောင်း၊ အလုပ်သမားဝန်ကြီးဌာနက ပြောကြားခဲ့သည်။ Samsung ကုမ္ပဏီ၏ ကမ္ဘာပေါ်ရှိ စက်ရုံကြီး ၅၂ရုံတွင် တစ်ခုအပါအဝင်ဖြစ်သော မနော့စ်မြို့တော်စက်ရုံတွင် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းစက်ရုံတွင် လုပ်သားအင်အား ၆၀၀၀ခန့် အလုပ်လုပ်ကိုင်လျက် ရှိပြီး စက်ရုံမှ ထုတ်လုပ်သည့် ပစ္စည်းများကို လက်တင် အမေရိကနိုင်ငံများသို့ တင်ပို့ခြင်း ဖြစ်သည်။ Tribuna Hoje သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ ဖုန်း၊ ဘက်ထရီ၊ အားသွင်းစက်၊ နားကြပ်နှင့် အသုံးပြုသူ လက်စွဲစာအုပ်တို့ကို ဗူးအတွင်းထည့်ရန်အတွက် အလုပ်သမားတစ်ဦးလျှင် ခြောက်စက္ကန့်သာ အချိန်ပေးထားကြောင်း၊ ဂျူတီတစ်ဆိုင်းလျှင် အလုပ်သမားတစ်ဦးသည် ဗူး ၆၈၀၀အထိ ထုပ်ပိုးရကြောင်း ဖော်ပြထားသည်။ ရုပ်မြင်သံကြားပြစက်တစ်လုံးကို ဗူးအတွင်းသို့ ထည့်သွင်းရန်အတွက် အချိန် ၄ ဒဿမ ၈စက္ကန့် ပေးထားပြီး စမတ်ဖုန်း တစ်လုံးကို တပ်ဆင်ရန်အတွက် ၈၅စက္ကန့်သာ ပေးထားကြောင်း သိရသည်။

အထက်ပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း၊ Samsung ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ လုပ်ငန်းခွင် အခြေအနေများကို နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အလုပ်သမားများ ခံစားခွင့် စံနှုန်းများနှင့် ကိုက်ညီအောင် အထူးဂရုစိုက် လုပ်ဆောင်ကြောင်းကိုလည်း Samsung ကုမ္ပဏီက ပြောကြားထားသည်ဟု ဆိုသည်။ ဘရာဇီးနိုင်ငံ၊ မနော့်စ်မြို့တော် စက်ရုံရှိ အလုပ်သမားများကလည်း Samsung ကုမ္ပဏီအပေါ် တိုင်ကြားမှုပေါင်း ၁၂၀၀ခန့် ပြုလုပ်ထားကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *