Interview

Apple Authorized Reseller (AAR) ဖွင့်မည့် မြန်မာနိုင်ငံသား စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုမြတ်ထူးနဲ့ သူ၏ mDrive အကြောင်း

Ko Myat Htoo

လက်ရှိ မြန်မာပြည်ဈေးကွက်မှာ ရှိနေတဲ့ ကမ္ဘာကျော် Apple အပါအဝင် အခြားနည်းပညာပစ္စည်း အများစုဟာ Grey Marketလို့ ခေါ်တဲ့ သူ့နည်း သူ့ဟန်နဲ့ တင်သွင်း ယူဆောင်ရောင်းချနေကြတာ ဖြစ်ပြီးတော့ တကယ်တမ်း သက်ဆိုင်ရာ ကုမ္ပဏီရဲ့ တရား၀င် ခွင်ပြုချက်နဲ့ တရား၀င် သယ်ယူ တင်သွင်းရောင်းချနေကြတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက Appleကို နှစ်သက်တဲ့ သူတွေ၊ စိတ်၀င်စားသူတွေအတွက် Appleရဲ့ တရား၀င် အသိအမှတ်ပြု ဆိုင်မှာမှ ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ ပြည်တွင်းမှာတင် အားပေးနိုင်တော့မယ်လို့ ကြားသိရသည့်အတွက် Myanmar ICT News အဖွဲ့သားများမှ အဆိုပါ ဆိုင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာစုံကို သတင်းတက်ရောက်ယူရင်း၊ မြန်မာပြည်ရဲ့ Apple Authorized Reseller တာ၀န်ယူ ဖွင့်လှစ်သွားမည့် မြန်မာနိုင်ငံသား စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုမြတ်ထူးနှင့် တွေ့ဆုံမေးမြန်းခဲ့သမျှကို ICTပရိတ်သတ်ကြီးသို့ ေ၀မျှပေးလိုက်ရပါတယ်။

မင်္ဂလာပါ ကိုမြတ်ထူး။ အရင်ဆုံး အနေနဲ့ Apple Authorized Reseller ဆိုင်ကြီး ဖွင့်ဖို့ စီစဉ်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦးဗျာ။

ဒီ AARကို ဖွင့်ဖို့အတွက် ကနဦး ရင်းနှီးမြှပ်နှံမှုများစွာနဲ့ သဘောတူညီချက် များစွာ ရယူခဲ့ရပါတယ်။ နောက်ပြီး ကျွန်တော်တို့ ဘက်ကနေ Apple ဘက်ကို တင်ပြစရာ ရှိတာတွေ တင်ပြပြီး သူတို့လည်း လက်ခံတယ်ဆိုမှ အခုလို Authorize ရတဲ့ ဆိုင်ခွဲ တစ်ခု ဖွင့်ဖို့ ဖြစ်လာတာပါ။

အခု ကိုမြတ်ထူး တာ၀န်ယူ ဖွင့်လှစ်မယ့် AARရဲ့ ဆိုင်နာမည်နဲ့ ဘာကြောင့် mDrive လို့ ရွေးချယ်ခဲ့ရသလဲဆိုတာ။

ဆိုင်နာမည်က mDrive ပါ။ Apple က AAR ဆိုင်တွေကို နာမည်ပေးတဲ့ အခါမှာ Apple Premium Reseller (APR) ဆိုင်တွေလို အခွင့်အရေး ဒီလောက်ကြီး မပေးဘူးဗျ။ လက်ရှိ နိုင်ငံတကာမှာ ရှိတဲ့ AAR, APRဆိုင်တွေနဲ့လည်း နာမည် မတူရဘူး၊ Apple လို့လည်း မသုံးရဘူးဆိုတော့ ကျွန်တော်် ထိုင်းမှာ ရောက်တုန်း ကားမောင်းနေရင်းနဲ့ ရခဲ့တဲ့ စိတ်ကူးလေးတစ်ခုပေါ့နော်၊ m ဆိုတော့ Mac ကွန်ပျူတာလို့ ဆိုလို့ရပြီး Drive ကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ Macနှင့် ဆက်နွယ်နေတဲ့ ပစ္စည်းလေးတွေကို ဦးဆောင်ကာ မောင်းနှင်သွားပေးမည်လို့လည်း ဆိုလို့ ရပါတယ်။

mDrive

mDrive

ဆိုင်ရဲ့ တည်နေရာ၊ အကျယ်အ၀န်းနဲ့ ပြင်ဆင်မှုလေးတွေကိုလည်း ပြောပြပေးပါဦး ခင်ဗျ။

mDrvieက Junction Square ပထမထပ်မှာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီးတော့ အကျယ်အ၀န်းကတော့ ၁,၃၅၀ စတုရန်းပေ ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ Apple ပစ္စည်းသီးသန့် ရောင်းချနေတဲ့ ဆိုင်တွေနဲ့ ယှဉ်ရင် အကြီးဆုံး ဖြစ်ပါတယ်။ ပြင်ဆင်မှု အပိုင်းကတော့ Appleက ကမ္ဘာပေါ်မှာ စည်းစနစ် အကြီးဆုံး ကုမ္ပဏီလို့ ပြောရမယ်ဗျ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Appleရဲ့ AARတွေအားလုံး တစ်ပုံစံတည်း တည်ဆောက်ဖွင့်လှစ်ရမယ်တဲ့ဗျာ။ ဒီတော့ ကျွန်တော်ဆိုင်ရဲ့ ဒီဇိုင်းပိုင်းက Appleရဲ့ ဒီဇိုင်းပေါ့။

ဒါဆို အရင်ဆုံး Appleနဲ့ ပူးပေါင်း လုပ်ဆောင်မှုရဲ့ အကျိုးအမြတ်က သူ့ရဲ့ ဆိုင်ခန်း ဒီဇိုင်းကို အခမဲ့ ရလိုက်တယ်လို့ ဆိုနိုင်မှာပေါ့။

ဒီလိုလည်း မဟုတ်ဘူးဗျ။ ဒီဇိုင်းဆိုတာထက် Appleရဲ့ Rules တွေကို လိုက်နာရမှာ။ ဒီဇိုင်းဆွဲဖို့ အပိုင်းတစ်ခုတည်းတောင် ကျွန်တော် ဒီဇိုင်းဖိုးကို ဒေါ်လာ ၁၇,၀၀၀လောက် အကုန်ခံပြီး ဆွဲခိုင်းရတယ်။

Rules တွေဆိုတာက…။

ဒါကလည်း တစ်ကမ္ဘာလုံးမှာ ရှိတဲ့ AARတွေအားလုံး လိုက်နာရမယ့် အချက်တွေဗျ။ ဘယ်လောက်ထိ အသေးစိတ် ပါလဲဆိုရင် ထိုင်ခုံတွေ၊ စားပွဲတွေက အစ ဘယ်လောက် အမြင့်၊ အကွာအေ၀းက ဘယ်လောက်ခြားရမယ်၊ ဘယ်စားပွဲက ဘယ်ဘက်ခြမ်းမှာ၊ ဘယ်စင်က ဘယ်လို ထားရမယ်၊ စားပွဲတွေကို ဘာသားတွေ သုံးပြီး ဆောက်ရမယ်၊ ဘာအရောင်ပဲ သုံးရမယ်ဆိုတာတွေ စတာတွေကို တကယ့်ကို တိတိကျကျ ပြောထားတယ်ဗျ။

AAR ဆိုင် ဖွင့်လှစ်ချင်သူများအတွက် ဗဟုသုတ ရအောင် အဓိက Rules တစ်ချို့ကို ပြောပြပေးပါလား။

ရပါတယ်၊ ကျွန်တော် အသေးစိတ်တော့ မပြောတော့ဘူးပေါ့နော်။ ပထမတစ်ချက်က ကျွန်တော်တို့ AARဆိုင်တွေရဲ့ ကြမ်းခင်းပေါ်မှာ စက္ကူပုံး မရှိရပါဘူး။ တွေ့ရှိတာနဲ့ နောင်နေ့ ဆိုင်ပိတ်တော့တဲ့။ ပြီးတော့ ဆိုင်စဖွင့်တာနဲ့ iPad အဖြူရောင်က ဆိုင်ရဲ့ ဘယ်ဘက်ခြမ်းမှာ ခင်းကျင်းပြသထားရမှာ ဖြစ်ပြီး iPad အနက်ရောင်ကတော့ ဆိုင်ရဲ့ ညာဘက်ခြမ်းမှာ ခင်းကျင်းပြသထားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဆိုင်ပေါ်မှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေ အားလုံးဟာ Genuine ပစ္စည်းတွေပဲ ဖြစ်ရမှာ ဖြစ်ပြီးတော့ ဈေးနှုန်းတွေ ဖော်ပြထားမယ့် standက productရဲ့ ညာဖက်ခြမ်းမှာ ထားရပါမယ်။ နောက်ပြီး specification standကတော့ ဘယ်ဘက်ခြမ်းမှာ ထားရမှာပါ။ ဆိုင်တွင်း Decoration အပိုင်းကို စိတ်ကြိုက် ဖန်တီး ပြောင်းလဲခွင့် မရှိသလို Apple Productတွေကို ဘယ်တော့မှ Discount မလုပ်ရပါဘူးတဲ့။ ဒါကတော့ အလွယ် ပြောနိုင်တဲ့ Ruleတွေပါ။

ဒါနဲ့ AARနဲ့ APRရဲ့ ကွာဟချက်လေးကိုလည်း ပြောပေးပါဦး။

AARက Apple Authorized Resellerလေ၊ အသိအမှတ်ပြု ဆိုင်ခွဲ သဘောမျိုး ဖြစ်ပြီး APRကတော့ Apple Premium Resellerပေါ့၊ AARထက် တစ်ဆင့်မြင့်တယ်လို့ ပြောနိုင်ပါတယ်၊ AARက ပစ္စည်းရောင်းနိုင်မယ်၊ Trainingပေးနိုင်မယ်၊ ဒါပေမယ့် Serviceတော့ မရဘူး။

ဒါဆို ကိုမြတ်ထူးက ဘာဖြစ်လို့ APRကို တစ်ခါတည်း မလုပ်တာလဲ၊ အရင်းအနှီးကြောင့်လား။ ဒါမှမဟုတ် အခြားအကြောင်းများ ရှိသေးလား။

ကျွန်တော် အခုဖွင့်မယ့် mDriveက တကယ်တမ်း APRဖွင့်နိုင်လောက်တဲ့ အကျယ်အ၀န်း အခြေအနေ အားလုံး ပြည့်စုံပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ AAR ဖွင့်မယ်ဆိုရင် အကျယ်အ၀န်းအတွက် ၈၀၀ စတုရန်းပေ အနည်းဆုံး လိုအပ်ပြီး APR အတွက်ကတော့ ၁,၄၀၀ စတုရန်းပေ အနည်းဆုံး ရှိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် APRကို တစ်ခါတည်း ဖွင့်ခွင့် မပေးတာက Appleဘက်က၊ ကျွန်တော်တို့ဆီမှာ Apple Products သုံးစွဲသူ ဘယ်လောက်ရှိလဲ၊ ဈေးကွက် ကျယ်ပြန့်မှု ဘယ်လောက်ရှိလဲ ဆိုတာတွေကို စောင့်ကြည့်ချင်တဲ့ သဘောနဲ့ APRကို ဖွင့်ခွင့် မပေးသေးတာ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့ AARက သူတို့ ခွင့်ပြုတဲ့ ပစ္စည်းတွေ ရောင်းချခွင့် ရှိတယ်၊ Training ပေးခွင့် ရှိတယ်၊ Service ပိုင်း ၀န်ဆောင်မှု ပေးလို့ မရဘူး။

mDriveက ဘယ်တော့လောက် ဖွင့်လှစ်မှာလဲဗျ။

ကျွန်တော် မှန်းထားတာတော့ စက်တင်ဘာလထဲမှာပါ။

mDriveက ပေးမယ့် ၀န်ဆောင်မှုတွေကိုလည်း ပြောပြပေးပါဦး။

mDriveက iPhoneက လွဲလို့ Appleရဲ့ Productတွေ အားလုံးကို ရောင်းချပေးသွားမှာပါ။ နောက်ပြီး အဲဒီ Productတွေနဲ့ ဆက်စပ်တဲ့ အသုံးပြုမှု ဆိုင်ရာ Trainingတွေ၊ ကျွန်တော်တို့ တတ်နိုင်တဲ့ ပ့ံပိုး ကူညီမှုတွေ အားလုံးကို ပေးသွားမှာ ဖြစ်ပါတယ်။

Trainingပေးမယ်ဆိုတာတွေက…။

ကျွန်တော်တို့ တတ်နိုင်သလောက် Apple Productတွေ အကြောင်း အသုံးပြုပုံတွေ၊ ပြုပြင် ထိန်းသိမ်းနည်းတွေနဲ့ သိကောင်းစရာတွေကို သင်ကြားပေးသွားမှာပါ။

ကျွန်တော်တို့ သိရသလောက် နိုင်ငံတကာက Apple Official Store တွေဆိုရင် Appleပစ္စည်းတွကို Serviceပေးတဲ့ နေရာမှာ ချက်ချင်းပြင်ဆင်ပေးတာမျိုး ဒါမှမဟုတ် အသစ်လဲလှယ်ပေးတာမျိုး ရှိတယ်လို့ ကြားဖူးတယ်၊ အခု ကိုမြတ်ထူးတို့ ဆီမှာရော ဘယ်လို Serviceတွေ ပေးသွားမယ်ဆိုတာမျိုး ရှင်းပြပေးပါဦး။

ဥပမာ အလွယ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ လက်ရှိ သုံးနေတဲ့ iPhoneတွေ ပျက်ရင် ပြင်ပေးတဲ့ ၀န်ဆောင်မှုတွေ၊ ဒါမှမဟုတ် အသစ်လဲလှယ်ပေးတဲ့ ၀န်ဆောင်မှုတွေကို Apple Official Storeလို နေရာမျိုးမှာသာ လုပ်ပေးခွင့် ရှိတယ်။ အာရှတိုက်မှာ ဆိုရင် အမေရိက ရုံးချုပ်က ကိုယ်တိုင် လာဖွင့်ထားတဲ့ Apple Official Storeဆိုတာတွေက တိုကျို၊ ဟောင်ကောင်နဲ့ ဘေဂျင်းမှာပဲ ရှိတယ်လို့ သိရတယ်။ အရှေ့တောင် အာရှမှာ Appleရဲ့ AARနဲ့ APRတွေပဲ ရှိသေးတယ်။ အခု မြန်မာပြည်မှာ ရောင်းချနေတဲ့ Appleရဲ့ ပစ္စည်းတွေကလည်း စင်ကာပူတို့၊ ထိုင်းတို့ Grey Marketက ပစ္စည်းတွေ ဖြစ်တယ်။ ကျွန်တော်တို့ AARအဖြစ် ဖွင့်ခွင့်ရတဲ့ အားသာချက်ကတော့ Apple ကုမ္ပဏီက တိုက်ရိုက်ပေးတဲ့ ပစ္စည်းများ ဖြစ်ပါတယ်။ သို့ပေမယ့် Serviceအပိုင်းကတော့ Apple Official Store တွေလို လုပ်ပိုင်ခွင့်ထက် စင်ကာပူနဲ့ ဘန်ကောက်တို့မှာရှိတဲ့ AARတွေရဲ့ လုပ်ပိုင်ခွင့်နီးပါးရအောင် လက်ရှိ တောင်းဆိုနေဆဲ ဖြစ်ပါတယ်။ ပထမဆုံး ဆိုင်ဖြစ်တဲ့အတွက်ကြောင့် ဆိုင်ဖွင့်ပြီးနောက်ပိုင်းမှာ ပြည်တွင်းက လိုအပ်ချက်တွေအပေါ် မူတည်ပြီး Appleက တာ၀န်ရှိသူများနဲ့ တိုင်ပင်ပြီး ဖြည့်ဆည်းပေးသွားဖို့ အစီအစဉ် ရှိပါတယ်။

တကယ်လို့ Customerတစ်ယောက်က သူ့ရဲ့ ပစ္စည်းအတွက် Service တစ်ခုခု လိုချင်တယ်၊ ကိုမြတ်ထူး တို့ကလည်း သူလိုချင်တဲ့ Service မပေးနိုင်ဘူး၊ Apple Storeလို နေရာမျိုးမှာပဲ ပေးနိုင်တဲ့ ၀န်ဆောင်မှု ဆိုရင်ရော mDriveက ချိတ်ဆက်ပေးတာမျိုး လုပ်ပေးမှာလား။

အဲဒီလို ၀န်ဆောင်မှုမျိုး ပေးဖို့ကတော့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က Apple Official Store အဆင့် မဟုတ်သေးပဲ Authorized Reseller အဆင့်ပဲ ရှိသေးလို့ပါ။ သို့ပေမယ့် ကျွန်တော်တို့က Authorized ဖြစ်တဲ့အတွက်ကြောင့် ချက်ချင်း ဝန်ဆောင်မှု မပေးနိုင်တောင် လိုအပ်သည်များကို နည်းလမ်းကျကျ ဖြေရှင်းပေးဖို့ ကူညီပေးနိုင်ပါတယ်။

ဒါနဲ့ mDriveမှာ iPhone မရောင်းဘူးဆိုတာက…။

Appleရဲ့ Ruleတစ်ခုပါ။ Authorizeဆိုင် ဖြစ်တာနဲ့ Apple Product အကုန်လုံး ရောင်းခွင့် မရှိပါဘူး။ အာလုံးက Appleရဲ့ ဆုံးဖြတ်ချက် အတိုင်း သွားရတာပါ။ iPhoneရောင်းချမှုတွေ အားလုံးက Appleရဲ့ Network Providerနဲ့ သီးခြားသွားတာပါ။ Appleမှာက iPhone Teamနဲ့ Mac Teamဆိုပြီး သီးခြားစီ ရှိပါသေးတယ်။ Mac Teamမှာ iPhoneကလွဲရင် ကျန်တဲ့ Apple Productတွေ အားလုံး ရောင်းချခွင့် ရှိပါတယ်။ ကျွန်တော်တို့ လောလောဆယ် မြန်မာပြည်အတွက် ကျွန်တော်တို့ကို iPhoneရောင်းခွင့် မပေးထားသေးပါဘူး။ လက်ရှိမှာတော့ iPhone Teamက မြန်မာပြည်မှာ လေ့လာမှုတွေ လုပ်နေတယ်။ ဒီမှာ Demand ဘယ်လောက်ရှိမလဲ ဆိုတာနဲ့၊ iPhoneရဲ့ စနစ်နဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာတွေကို စောင့်ကြည့်နေဆဲလို့ သိရတယ်။ ဒါကြောင့်မို့လို့ သူတို့ ခွင့်ပြုတာနဲ့ iPhoneကိုပါ ချက်ချင်း ရောင်းချပေးသွားမှာပါ။

ဒါဆို mDriveက ပြင်ဆင်ခြင်းနဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုတွေ ဘာမှ လုပ်မပေးနိုင်ဘူးပေါ့။

ဒီလိုလည်း မဟုတ်ဘူးလေ၊ ကျွန်တော်ပြောတဲ့ Service မပေးနိုင်ဘူးဆိုတာက iPhoneတွေနဲ့ ပတ်သက်တဲ့ Serviceတွေ ဖြစ်ပြီး ကျွန်တော်တို့ဆိုင်မှာ ရောင်းမယ့် ပစ္စည်းတွေဖြစ်တဲ့ Mac, iPad, iPod အစရှိတာတွေ အားလုံးကို Serviceပေးသွားမှာပါ။

ဒါနဲ့ တစ်ချို့သူတွေက ပြောကြတယ်၊ Apple Productတွေ ဖြစ်တဲ့ iPadတို့ iPhoneတို့ကလည်း အခြားဖုန်းတွေ Tabletတွေနဲ့ Securityအပိုင်းမှာ မထူးခြားလှဘူး။ လုံခြုံမှု မရှိလှဘူးလို့ ပြောကြတယ်၊ အဲဒီ အပေါ်မှာရော ကိုမြတ်ထူးရဲ့ အမြင်ကို ပြောပေးပါဦး။

ဒါက ရှင်းပါတယ်။ ကျွန်တော်လည်း Macသုံးနေတဲ့ လူတစ်ယောက်ပါ။ လက်ရှိ ဈေးကွက်မှာ ရှိနေတဲ့ စနစ် အမျိုးမျိုး၊ တံဆပ် အမျိုးမျိုးထဲမှာတော့ Appleလောက် Security စနစ် ကောင်းတာ မရှိဘူးလို့ ကျွန်တော် ပြောရဲပါတယ်။ ဘာကြောင့်လဲဆိုတော့ Appleက စနစ်တူ ပစ္စည်းချင်းက လွဲရင် တခြား စနစ်တွေနဲ့ Shareလုပ်နိုင်ခွင့်ကို ကန့်သတ် ထိန်းချုပ်ထားတာက တစ်ကြောင်း၊ သူရဲ့ ecosystem က အခြား စနစ်တွေထက် ပိုမိုသာလွန် နေတာက တစ်ကြောင်းတို့ကြောင့် Virus ၀င်ရောက်နိုင်မှုမှာရော၊ Personal Data ခိုးယူ နှောက်ယှက် ခံရမှု အပိုင်းမှာရော အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံမှာကျတော့ Personal Dataတွေ ခိုးယူခံရတာ၊ နှောက်ယှက် ခံရတာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတဲ့ အပေါ်မှာရော ကိုမြတ်ထူးရဲ့ အမြင်ကို ပြောပေးပါဦး။

ဒါက ကျွန်တော် မြင်တာလေး ပြောပြပေးမယ်။ iPadတို့ iPhoneတို့မှာ Appတွေ ထပ်၀ယ်ချင်ရင်၊ ထပ်ထည့်ချင်ရင် iTunes Gift Card ဒါမှမဟုတ် Credit Cardရှိမှ ၀ယ်ယူနိုင်မှာ၊ ပြည်တွင်းမှာက Gift Cardပဲ ရှိသေးတယ်။ အသုံးပြုသူလည်း အရမ်းနည်းတယ်။ iPad, iPhone အသုံးပြုသူအများစုက Appတွေ သူတို့ရဲ့ Device ထဲ ထည့်ချင်ရင် မိုဘိုင်းဖုန်းဆိုင်တွေမှာ သွားထည့်ကြတာ များတယ်။ ဒီနေရာမှာ Personal Data ပျောက်ရှမှု၊ ခိုးယူမှုတွေ ဖြစ်လာတာလို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ iPhone တစ်လုံးကို App တစ်ခုခု ထပ်ထည့်တော့မယ်ဆိုရင် ချိတ်ဆက် အသုံးပြုတဲ့ ကွန်ပျူတာထဲကို အဲဒီ iPhoneမှာ ရှိတဲ့ Fileတွေ အားလုံးဟာ Backup File အဖြစ်နဲ့ ၀င်သွားတာ ဆိုတော့ ကိုယ့်ရဲ့ ဖုန်းထဲမှာ ရှိနေတဲ့ ဓာတ်ပုံတွေ၊ အီးမေးလ်တွေ၊ Notesတွေ အားလုံး အဲဒီကွန်ပျူတာမှာ ကျန်ခဲ့လို့ ဖြစ်နိုင်ပါတယ်။ ဒါကလည်း လက်ရှိမှာ Service ပေးနေတဲ့ ဆိုင်တွေကို ထိခိုက်ပြီး ပြောတာ မဟုတ်ပါဘူး။ မသမာသူတွေ ဆိုတာလည်း ရှိနိုင်တာမို့ ဖြစ်နိုင်ချေ ရှိတာကို ပြောပြတာပါ။

အဲဒီလို မဖြစ်ရအောင် mDrive အနေနဲ့ ဘယ်လို ဝန်ဆောင်မှုများ ပေးမယ်လို့ ရည်မှန်းထားသလဲ။

ကျွန်တော်တို့ mDriveက iTunes Gift Cardတွေကို ရောင်းချပေးသွားမှာ ဖြစ်သလို အသုံးပြုပုံတွေ၊ App Storeကနေ Credit Card မလိုပဲ Applicationတွေ ရယူပုံနဲ့ App Store Account ဖွင့်နည်းတွေကိုလည်း အခမဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံး တစ်ချက်က ကျွန်တော်တို့ ဆိုင်မှာ ဘာ ပစ္စည်းမှ မဝယ်လဲ ၎င်း လုပ်ပုံ လုပ်နည်းနဲ့ သင်တန်းများအားလုံးကိုလည်း တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။

ဒီလို ၀န်ဆောင်မှုတွေနဲ့ Trainingတွေကရော လက်ရှိ ပြည်တွင်းက Apple ပစ္စည်း ရောင်းချနေတဲ့ဆိုင်များနဲ့ ဘယ်လို ကွာခြားမှု ရှိမလဲ။

ကွာခြားမှုကတော့ ကျွန်တော်တို့ဆီက အခြေခံရှိပြီးသား ၀န်ထမ်းတွေထဲက ၈ယောက်ကို ထိုင်းနိုင်ငံမှာ သင်တန်း တက်ရောက်ဖို့ စေလွှတ်မှာ ဖြစ်ပြီး Apple အသိအမှတ်ပြု Certificate များကို ရယူစေမှာ ဖြစ်တယ်။ ထိုနည်းဖြင့် ပိုမို ကောင်းမွန်ပြီး မြန်ဆန်တိကျတဲ့ အဆင့်မီ ဝန်ဆောင်မှုများကိုလည်း mDriveမှ ပေးသွားမည်လို့ ယုံကြည်ပါတယ်။

အဲဒီလို ထိုင်းကို လွှတ်လိုက်တဲ့ ၀န်ထမ်းတွေကရော အရည်အချင်း ပြည့်မီပါ့မလား။ Customerတွေ လိုချင်တဲ့ Demandတွေကို ဖြည့်ဆည်း ပေးနိုင်စွမ်း ရှိပါ့မလား။

ဒါက ကျွန်တော် ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ သင်တန်းပြီးလို့ Appleရဲ့ Knowledge Examကို အောင်မြင်အောင် ဖြေနိုင်မှသာ mDriveမှာ တာ၀န်ပေးသွားမှာ ဖြစ်ပါတယ်။

အခု ထိုင်းကို လွှတ်မယ့် ၈ယောက်က Service ပေးမယ့် သူတွေလား။

အခု လွှတ်မယ့်သူတွေက Training Team, Sale Staffနဲ့ Managerတွေပါ။ Service Teamက သီးသန့် ရှိမယ်။

Trainingတွေ ပေးမယ်ဆိုတဲ့ နေရာမှာ mDriveက မည်သူ့ကို မဆိုပေးမှာလား၊ ဒါမှမဟုတ် mDriveရဲ့ Customerတွေကိုပဲ ပေးမှာလား။

Appleကို နှစ်သက် သဘောကျသူတိုင်း၊ ချစ်မြတ်နိုးသူတိုင်းကို Training ပေးသွားမှာ ဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ တက်ရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ လူတစ်ယောက်က Appleကို စိတ်၀င်စားတယ်၊ ဒါပေမယ့် သူ့မှာ Appleရဲ့ Product တစ်ခုမှ မရှိသေးဘူး ဆိုရင်ရော။

အဲဒီ အတွက်လည်း ကျွန်တော်က လိုအပ်တဲ့ ပစ္စည်းပါ စိုက်ထုတ်ပြီး Training ပေးသွားမှာပါ။ ဒါပေမယ့် ကျွန်တော်လည်း တတ်နိုင်သလောက်သာ လုပ်ဆောင်နိုင်မှာမို့ Training အပိုင်းမှာ သုံးမယ့် စက်ပစ္စည်း အရေအတွက်ကတော့ နည်းနိုင်ပါလိမ့်မယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ကိုယ်ပိုင် စက်နဲ့လာရင်တော့ မပူရတော့ဘူးပေါ့ဗျာ။

ပစ္စည်းတွေ ရောင်းချတဲ့ အပိုင်းမှာရော နိုင်ငံတကာ ဈေးကွက်နဲ့ အပြိုင် အချိန်မီ၊ ဈေးနှုန်းကိုလည်း တန်းတူ ရောင်းချပေးမှာလား။

ဟုတ်ကဲ့။ ကျွန်တော်တို့က နိုင်ငံတကာ ဈေးကွက်ထက်တော့ မှာယူတဲ့ အချိန်ကနေ ပစ္စည်းရောက်သည် အထိ သတင်းတစ်ပတ် နောက်ကျပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က တစ်ဖက်နိုင်ငံမှတစ်ဆင့် တင်သွင်း ရောင်းချမှာ ဖြစ်တာကြောင့် အချိန် အနည်းငယ် နောက်ကျနိုင်တာ ဖြစ်ပြီး ဈေးနှုန်းကိုလည်း အနီးစပ်ဆုံး ဖြစ်စေရမယ်ဆိုတာ အာမခံနိုင်မှာပါ။ သေချာတာ တစ်ခုကတော့ အခွန်အပေါ် မူတည်ပါလိမ့်မယ်။

ဈေးနှုန်းတွေက အခွန်အပေါ် မူတည်ပါတယ်ဆိုတာလေးကိုလည်း ရှင်းပြပေးပါဦး။

ဒီလိုပါ ကျွန်တော်တင်သွင်းတဲ့ ပစ္စည်းအပေါ်ကို နိုင်ငံတော်ကို အခွန်ဘယ်လောက် ပေးဆောင်ရမယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်း ကွာဟချက် ဖြစ်နိုင်တယ်လို့ ဆိုလိုတာပါ။ နိုင်ငံအတော်တော် များများမှာတော့ ICTနဲ့ ပတ်သက်တဲ့ အခွန်ကောက်ခံမှုက အရမ်း နည်းတတ်ကြပြီး တချို့နိုင်ငံတွေမှာ ဆိုရင် အခွန် ကင်းလွတ်ခွင့် ဆိုတာမျိုးတွေ တွေ့ဖူးပါတယ်။ ဒါကြောင့် အခုချိန် အထိ အခွန်ဘယ်လောက် ပေးဆောင်ရမယ် ဆိုတာ မသိသေးတာကြောင့် ဈေးနှုန်းကို အမှန်ကန်ဆုံး ဖြစ်စေရပါမယ်လို့ပဲ အာမခံနိုင်သေးတာ ဖြစ်ပါတယ်။

ကိုမြတ်ထူးတို့နဲ့ ပူးပေါင်း လုပ်ဆောင်တဲ့ ကုမ္ပဏီကိုလည်း ပြောပေးပါဦး။

ကျွန်တော်တို့က Appleရဲ့ Authorizeဆိုင် ဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ နာမည်ကျော် BaNANA ITနဲ့ ပူးပေါင်း လုပ်ဆောင်ရတာပါ။ ဒါကလည်း BaNANA ITက Appleရဲ့ ဌာနခွဲဆိုရင် ကျွန်တော်တို့က Appleရဲ့ ရုံးခွဲ သဘောမျိုး ဖြစ်တာကြောင့် Appleရဲ့ Authorize ဆိုင်ချင်းတော့ အတူတူပါပဲ။

ဒါနဲ့ mDriveမှာ ရောင်းမယ့် Macနဲ့ အခြားပစ္စည်းတွေက ထိုင်းနိုင်ငံက ယူမှာဆိုတော့ တစ်ဖက်က တစ်ဆင့်ခံ သဘောမျိုး ဖြစ်သွားသလား၊ နောက်ပြီး mDriveက Appleရဲ့ ပစ္စည်းကို ယူပြီး အမြတ်အစွန်းကို ရာခိုင်နှုန်းနဲ့ ယူပြီး ရောင်းမှာလား၊ ကိုယ်သဘောနဲ့ကိုယ် ရောင်းမှာလား။

mDriveမှာ ရောင်းမယ့် Macနဲ့ အခြား ပစ္စည်းတွေ အားလုံးက မြန်မာ ပြည်အတွက် သီးသန့်လာမှာပါ။ တစ်ဆင့်ခံ သဘောမျိုး ဖြစ်သွားပေမယ့် ပစ္စည်း တင်သွင်းရာမှာသာ တစ်ဆင့်ခံ သဘောမျိုး ဖြစ်သွားတာပါ။ ဈေးနှုန်းမြင့်တာတွေ ပြောင်းလဲတာတွေ မဖြစ်ပါဘူး။ နောက်ပြီး ကျွန်တော်တို့က အမြတ်အစွန်းကို ရာခိုင်နှုန်းနဲ့ ယူပြီး ရောင်းမှာ မဟုတ်ပါဘူး။ ဈေးနှုန်းတွေကို ကိုယ်တိုင် ချိန်ညှိပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိ ဈေးကွက်မှာ Samsungက အရစ်ကျ စနစ်နဲ့ ၀န်ထမ်းတွေကို သူ့ရဲ့ Productတွေ ရောင်းချပေးမယ်လို့ သိရပါတယ်။ mDriveမှာရော အဲဒီလို အစီအစဉ်တွေ ရှိပါသလား။

Appleရဲ့Marketing လုပ်ကိုင်ခွင့်ကတော့ နည်းတယ်ဗျ။ သူ့ ပစ္စည်းရောင်းပြီး ကျွန်တော့်ဆိုင်မှာတောင် သူခွင့်ပြုမထားတဲ့ ကြော်ငြာပုံစံ ကပ်လို့ မရပါဘူး။ အားလုံးက Appleရဲ့ ခွင့်ပြုချက်နဲ့မှ လုပ်နိုင်မှာ ဖြစ်ပါတယ်။

စကားမစပ် လက်ရှိ အသုံးများတဲ့ Windows OSအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

သူကလည်း အင်အားကြီး စနစ်တစ်ခု ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် စနစ်တစ်ခုချင်းစီမှာ အားနည်းချက် အားသာချက်တွေ ရှိတာကြောင့် Windowsနဲ့ ပတ်သက်တဲ့ အားနည်းချက် တစ်ခုကို ကျွန်တော် အလွယ် ပြောနိုင်ပါတယ်။ ဒါကတော့ Windows စနစ် အသစ်တစ်ခု အတွက် Full Versionကို ဒေါ်လာ ၁၀၀ ကနေ ၂၀၀လောက် ပေးပြီး ၀ယ်ယူရမှာ ဖြစ်တယ်။ Mac မှာက နောက်ဆုံး ထွက်ခဲ့တဲ့ OS X Mountain Lion ကို Version တစ်မျိုးထဲသာ သတ်မှတ်ထားပြီး ဒေါ်လာ ၂၀နဲ့ပဲ ရောင်းတယ်။ ဒါကြောင့် တန်ကြေးချင်း အရတော့ အဖိုးနည်းနည်းနဲ့ ၀ယ်ယူသုံးစွဲနိုင်မယ့် OS Xစနစ်တွေ တွင်ကျယ်လာ လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် Windows စနစ်ဟာ နောက်ပိုင်း ကျဆုံးသွားလိမ့်မယ်လို့ ပြောတာ မဟုတ်ပါဘူး။ သူ့မှာလည်း အားသာချက်တွေ ရှိတာကြောင့် အသုံးတွင်ကျယ်နေဦးမှာပါ။

လက်ရှိ iOS စနစ်တွေမှာ မြန်မာ လက်ကွက်တွေ မပါသေး၊ မသုံးနိုင်သေးတဲ့ အပေါ်မှာရော Appleနဲ့ ပြောဖူးတာမျိုး ရှိပါသလား။ နောက်ပြီး အဲဒီအပေါ်မှာရော ကိုမြတ်ထူးရဲ့ အမြင်လေးကိုလည်း ပြောပေးပါဦး။

ကျွန်တော်က မြန်မာလူမျိုး တစ်ယောက်ပဲလေဗျာ။ မြန်မာ လက်ကွက်စနစ် သုံးချင်၊ ပါစေချင်တာပေါ့။ နောက်ပြီး သုံးခွင့်ရခဲ့ရင်လည်း ဂုဏ်ယူချင်တာပေါ့။ မြန်မာ လက်ကွက်စနစ် အတွက်လည်း Appleနဲ့ ကျွန်တော် ပြောဖူးပါတယ်။ သူတို့ကတော့ ကျွန်တော်တို့နဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ လက်ကွက်စနစ်ကိုတောင် လွန်ခဲ့တဲ့ နှစ်နှစ်ကမှ သုံးစွဲနိုင်ခဲ့တာဖြစ်လို့ အချိန် နည်းနည်း လိုအုံးမယ်လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက Grey Marketတွေရဲ့ နောက်ပိုင်း ကြုံတွေလာနိုင်မယ့် အခြေအနေလေးကိုလည်း သုံးသပ်ပေးပါဦး။

နောက်ပိုင်းမှာ Grey Marketတွေရဲ့ ဈေးကွက် ရရှိမှုကတော့ အားနည်းသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကလည်း Serviceအပိုင်းတွေမှာ ကွာဟချက်တွေ ရှိလာမှာ ဖြစ်တာကြောင့် Customerတွေက ဆုံးဖြတ်ချက်တွေ ပေးလာပါလိမ့်မယ်။

mDrive2

mDriveမှာ Customerတွေက ၀ယ်ချင်သလောက် ၀ယ်ယူခွင့် ရှိမှာလား၊ ရောင်းချပေးမှု အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း နည်းနည်းလောက် ရှင်းပြပေးပါ့လား။

ဟုတ်ကဲ့ ၀ယ်ချင်သလောက် ၀ယ်ယူနိုင်မှာပါ။ ဒါပေမယ့် Organization တွေအတွက် ၀ယ်ယူမယ်ဆိုရင် ဥပမာပေါ့နော် အရေအတွက်များများ ၀ယ်ယူမယ်ဆိုရင် အချိန် နည်းနည်းတော့ စောင့်ရပါလိမ့်မယ်။ ဒါကလည်း ကျွန်တော်တို့ဘက်က ၀န်ဆောင်မှု လိုအပ်ချက် မဟုတ်ပါဘူး။ Appleကိုက Customer တစ်ယောက်ချင်းစီ အတွက်ဆိုရင် အဲဒီ Customerရဲ့ နာမည်နဲ့ IDနဲ့ တွဲမှတ်ပြီးမှ ရောင်းချပေးတာပါ။ နောက်ပြီး အရေအတွက် များများ ၀ယ်ယူရင်လည်း ဥပမာ ဆယ်လုံး ၀ယ်ရင် တစ်ပတ်မှာ ငါးလုံးစီ နှုန်းလောက်နဲ့ပဲ ထုတ်ပေးသွားမှာပါ။

ဒီလို ခွဲပြီး ရောင်းပေးတဲ့ အပေါ် ကိုမြတ်ထူးရဲ့ အမြင်လေးကို သိခွင့်ရှိမလား ခင်ဗျ။

ဒါက Appleအနေနဲ့ သူ့ရဲ့ ပစ္စည်းကို Authorize မရှိပဲ တစ်ဆင့် ပြန်ရောင်းသူတွေကို တတ်နိုင်သလောက် ကာကွယ်တဲ့ နည်းလမ်း တစ်ခုလို့ ထင်ပါတယ်။

mDrive အနေနဲ့ရော Appတွေရဲ့ အရေးပါမှုကို ဘယ်လို မြင်သလဲ။

မြန်မာပြည်နဲ့ အကိုက်ညီဆုံး ဖြစ်မယ့် Appတွေ အားလုံးကို App Storeမှာ ပိုမို ရှိစေချင်ပါတယ်။ ဒီမှာက Android အတွက် App ရေးသူတွေ ရှိပေမယ့် iOS အတွက်တော့ ရေးနိုင်သူရော၊ ရေးသူတွေပါ နည်းသေးတာကြောင့် အချိန်တော့ နည်းနည်း ယူရဦးမှာပါ။

mDriveကို အရင်းအနှီး ကြီးကြီးမားမား ပေးဆပ်ပြီး ရင်းနှီးထားတာဆိုတော့ မြန်မာပြည်မှာ Apple Productတွေ အောင်မြင်မှု ရနိုင်တယ်လို့ ထင်လို့လား။

အမှန်အတိုင်း ပြောရရင် ကျွန်တော်ကိုယ်တိုင် Apple Productတွေ စ,သုံး ဖြစ်တာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ ဒါပေမယ့် အဲဒီ တစ်နှစ်အတွင်းမှာပဲ အရမ်းကို ရူးသွပ်သွားတာ။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ရေရှည် သုံးစွဲနိုင်မှုတွေက သုံးဖူးသူတွေ အားလုံးလဲ သိပါလိမ့်မယ်။ မသုံးဖူးသူတွေလည်း နောက်ပိုင်း သုံးဖူးသွားရင် ကျွန်တော့်လိုပဲ ဖြစ်သွားပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်ရဲ့ ရူးသွပ်မှုက ၄၀ ရာခိုင်နှုန်းနဲ့ Apple Productတွေ ဈေးကွက် အောင်မြင်နိုင်တယ်လို့ ထင်တာ ၆၀ ရာခိုင်နှုန်းလောက်နဲ့ mDriveကို ဖွင့်ဖို့ ကြိုးစားခဲ့တာပါ။

Apple Productတွေ ဈေးကွက်အောင်မြင်နိုင်တယ်လို့ ထင်ရတဲ့ အကြောင်းကိုလည်း ရှင်းပြပေးပါဦး။

ဒါကလည်း ရှင်းပါတယ်။ Apple Productတွေကို လူအသုံးနည်းတာက ဈေးနှုန်းနဲ့ အင်တာနက် လိုင်းတွေကြောင့်ပါ။ ဒါပေမယ့် လက်ရှိ တိုးတက်လာတဲ့ ခေတ်ထဲမှာ Apple Productတွေရဲ့ ဈေးနှုန်းတွေကလည်း လူတိုင်း လက်လှမ်း မီလာနိုင်တော့မှာ ဖြစ်ပြီး အင်တာနက် လိုင်းတွေကလည်း နောက်ပိုင်း ပိုကောင်းလာဖို့ ရှိတာကြောင့်ပါ။ ဆက်သွယ်ရေး လိုင်းမှာလည်း လက်ရှိ အော်ပရေတာ အသစ်တွေက 3G, 4Gတွေ တပ်ဆင်ဖို့ အစီအစဉ်တွေ ရှိတာကြောင့် အင်တာနက် လိုင်းသာကောင်းရင် Apple Productတွေလည်း လူကြိုက်များလာမှာ ဖြစ်ပါတယ်။

နောက်ပိုင်း Appleက ဈေးသက်သာတဲ့ iPhoneတွေ ထုတ်မယ်လို့ သတင်းတွေ ကြားနေတဲ့ အပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ…။

ဖြစ်နိုင်ပါတယ်။ လက်ရှိ ဈေးကွက်မှာ Appleအနေနဲ့ အဓိက ပြိုင်ဆိုင်ရမှာ Samsung ဖြစ်ပြီးတော့ တန်ကြေးနည်း ဖုန်းတွေ ထုတ်ပြီး ဈေးကွက်ပြိုင်ဆိုင်သွားမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

လက်ရှိ Apple Productတွေထဲမှာ iPhoneတွေကပဲ လူကြိုက်အများဆုံး ဖြစ်နေတယ်နော်။ နောက်ပိုင်း Appleက iPhoneကိုပဲ မှီခိုသွားရမယ် ထင်ပါသလာ။

မဖြစ်နိုင်ဘူးဗျ။ Appleက iPhoneကို ဈေးကွက် ရှာဖွေရုံလောက်ပဲ ဖြန့်ချိတာ၊ Appleရဲ့ တကယ် ပစ္စည်းအစစ်က Mac ဗျ။ ဒါ ကျွန်တော်လည်း လက်ခံတယ်၊ နောက်ပြီး အဲဒီ စကားက ကျွန်တော်ပြောတာ မဟုတ်ဘူးနော်။ Appleရဲ့ ပြောစကား။

Grey Marketမှာ လုပ်ကိုင်နေသူတွေကိုရော ကိုမြတ်ထူးက ဘယ်လို အကြံပေးချင်ပါသလဲ။

ဖြစ်နိုင်ရင်တော့ Grey Marketကနေ AARဘက် ပြောင်းပါလို့။ နောက်ပိုင်းမှာ ညီမျှမှုတွေ ရှိလာမှာ မဟုတ်တာကြောင့် ဈေးကွက် ပြိုလဲမှုတွေ ဖြစ်လာနိုင်တာမို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ကြပါလို့။

ကောင်းပါပြီ ကိုမြတ်ထူးရေ၊ ဒီလောက်ဆို mDriveအကြောင်းလည်း တော်တော်လေး ပြည့်စုံပြီလို့ ထင်ပါတယ်။ နောက်ဆုံး အနေနဲ့ နောက်ထပ် AARဖွင့်ချင်သူတွေ ရှိရင် သူတို့ကိုရော ကိုမြတ်ထူးက ဘယ်လို အကြံဉာဏ်တွေ ပေးချင်လဲ ပြောပါဦး။

နောက်ထပ် AARဖွင့်ချင်သူတွေကို ကြိုဆိုပါတယ်၊ လိုအပ်တဲ့ အကူအညီတွေကိုလည်း တတ်နိုင်သလောက် mDriveက ပေးသွားမှာပါ။ တကယ်လို့ လူတိုယ်တိုင် အဆင်ပြေရင်တောင် ကျွန်တော် အချိန်ပေးပြီး အကြံဉာဏ်တွေ ပေးသွားပါ့မယ်လို့။ လာမယ့် ၂၀၁၅ ခုနှစ်ထဲမှာလည်း ASEAN Free Trade Area ရှိတော့ ကျွန်တော်တို့တွေ အတူတူ ပူးပေါင်းဆောင်ရွက်မှ အဆင်ပြေပါလိမ့်မယ်လို့ ပြောချင်ပါတယ်။

Related Posts

2 thoughts on “Apple Authorized Reseller (AAR) ဖွင့်မည့် မြန်မာနိုင်ငံသား စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုမြတ်ထူးနဲ့ သူ၏ mDrive အကြောင်း

  1. thanyawzinmin says:

    ဆာကူရာ တာဝါ ကဟာကြီးပဲ အစက နောက်နေတယ် ထင်တယ်

  2. John Sonmaung says:

    new product အမှီရအောင်လုပ်ဗျာ… အားပေးတယ်….အောင်မြင်မှာပါ…တတ်လဲတတ်နိုင်တယ်…စိတ်ကူးလဲကောင်းတော့….

Leave a Reply

Your email address will not be published. Required fields are marked *