Digital ကင်မရာတစ်လုံးကို Professional ကင်မရာတစ်လုံးလို Lensတွေ စိတ်ကြိုက် ပြောင်းလဲပြီး ရိုက်ကူးချင်သူများအတွက် အသင့်လျော်ဆုံးက Nikon 1 J1 Digital Camera လေးပါ။ Digital ကင်မရာဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ သွားလေရာမှာ အလွယ်တကူ သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ တုံ့ပြန်မှု မြန်ဆန်တဲ့ Autofocus နဲ့ သွက်လက်တဲ့ ရိုက်ချက်တွေကြောင့် အဖိုးမဖြတ်နိုင်တဲ့ ဓာတ်ပုံတွေကို သိမ်းပိုက်နိုင်ပါလိ်မ့်မယ်။ လက်ကလေးနဲ့ တစ်ချက် Touch လုပ်လိုက်ရုံနဲ့ 1080p Full HD Movieတွေကို အလွယ်တကူ ရိုက်ကူးနိုင်မယ့် Record Modeတွေလည်း ပါ၀င်ပါတယ်။ Nikon 1 J1 နဲ့ သင့်ရဲ့ တီထွင်ဖန်တီး ဆန်းသစ်မှုတွေကို အစွမ်းကုန် ထုတ်ဖော်ပြသနိုင်မှာပါ။ စွမ်းဆောင်ချက် မြင့်မားတဲ့အပြင် Lensတွေကို ပြောင်းလဲအသုံးပြုနိုင်မယ် ဆိုခြင်းက Professional သုံး DSLR ကင်မရာနီးပါး စွမ်းဆောင်ရည် ရှိတယ်လို့ ဆိုလိုခြင်းပါ။ ကင်မရာစွမ်းရည်က 10.1 Megapixel အရည်အသွေးရှိပြီး 3xOptical Zoom ရှိပါတယ်။
ဆန်းသစ်ပြောင်းလဲတဲ့ နည်းပညာနဲ့ ဒီဇိုင်းအသွင်အပြင်
ဒီဇိုင်းပုံစံက ပေါ့ပေါ့ပါးပါးနဲ့ ကိုင်ဆောင်ရတာ အဆင်ပြေစေမယ့် ပုံစံမျိုးပါ။ ဆန်းသစ်ပြောင်းလဲတဲ့ နည်းပညာတွေဆိုတာက စိတ်သွားတိုင်းကိုယ်ပါ စွမ်းဆောင်ပေးနိုင်မယ့် Processing နှုန်း မြင့်မားသည့် AF CMOS Sensorကို တပ်ဆင်ထားပေးခြင်းပါပဲ။ ဒါကြောင့် မျက်တစ်ခတ်အတွင်းက အဖြစ်အပျက်တွေကို ဖမ်းယူနိုင်စွမ်းရှိတဲ့ ကင်မရာ အမျိုးအစားပါ။ နောက်ထပ် နည်းပညာသစ်ကတော့ ပုံရိပ်ဝါးခြင်းတွေကို တားဆီးပေးနိုင်ပြီး Autofocus ဖြတ်ယူတဲ့နေရာမှာ မြန်ဆန်တဲ့ Lensများကို ပြောင်းလဲတပ်ဆင်နိုင်ခြင်းပါပဲ။
EXPEED 3 Processor
Nikon 1 J1 ကင်မရာမှာ EXPEED 3 Processorကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ နည်းပညာအသစ်အဆန်းတွေကို ဟန်ချက်ညီညီ တာ၀န်ယူ လုပ်ဆောင်ပေးနိုင်မယ့် Processorရဲ့ အခန်းကဏ္႑ကလည်း မသေးပါဘူး။ ၄င်း EXPEED 3 Processor က ပုံရိပ်တွေ ဖမ်းယူရာမှာ ကြည်လင်ပြတ်သားမှု ပေးနိုင်စွမ်းကတော့ အထွဋ်အထိပ်ပါပဲ။ Focus ဖြတ်ရာမှာ မြန်ဆန်သွက်လက်ဖို့ အဓိက လုပ်ဆောင်ပေးပါတယ်။
LCD Monitor
၃ လက်မ ရှိတဲ့ LCD Monitor ပေါ်မှာ သင့်ရဲ့ ဖန်တီးမှုတွေကို စစ်ဆေးနိုင်ပါတယ်။ ၃ လက်မ အရွယ်အစားပေါ်မှာ 460k-dotsနဲ့ ပုံရိပ်တွေကို တိတိ ကျကျ ဖော်ဆောင်ပေးနိုင်ပါတယ်။
Autofocus မြန်ဆန်
Autofocus မြန်ဆန်တယ်ဆိုတာက မယုံကြည်နိုင်လောက်တဲ့ AF Point ရှိလို့ပါပဲ။ အံသြစရာ ကောင်းလောက်အောင် တစ်က္ကန့်အတွင်းမှာ 10fps ဖမ်းယူပေးနိုင်တဲ့ အတွက်ကြောင့် ရွေ့လျားမှု ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာတဲ့ မှတ်တမ်းတင်နိုင်ပါတယ်။ Continuous Shooting Modeနဲ့ ရိုက်ကူးရင်လည်း 73 AF Point အထိ ရရှိမှာ ဖြစ်ပါတယ်။
တပ်ဆင်နိုင်တဲ့ Lensတွေ
ဒီကင်မရာနဲ့ သင့်ရဲ့တီထွင် ဖန်တီးနိုင်စွမ်းတွေကို အစွမ်းကုန် ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ 10mm နဲ့ 30-110mm Focal Length ရှိတဲ့ Telephoto Lensတွေအပြင် 1 NIKKOR Lensတွေကိုလည်း ပြောင်းလဲ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ 1 NIKKOR Lens က Vibration Reduction (VR II) လို့ခေါ်တဲ့ တုန်ခါမှု၊ လှုပ်ရှားမှုတွေကို
ထိန်းချုပ်နိုင်စွမ်းရှိတာကြောင့် လှုပ်ရှားမှုပုံရိပ်တွေကို ရိုက်ကူးရာမှာ လုံး၀ ကြည်လင်ပြတ်သားတဲ့ ရိုက်ချက်တွေကို ရရှိနိုင်ပါတယ်။ ဒါဆိုရင် သာမန် အလှဓာတ်ပုံတွေ ရိုက်ကူးတဲ့နေရာမှာ ဘယ်လောက် အစွမ်းရှိတယ်ဆိုတာ ပြောဖို့လိုမယ် မထင်ပါဘူး။
အမှောင်မှာ ရိုက်ကူးနိုင်စွမ်း
အကောင်းဆုံး Lensတွေကို စိတ်ကြိုက်ရွေးချယ်ပြီး ရွေးချယ်စရာများတဲ့ ISO နှုန်းတွေအောက်မှာ AF CMOS Imaging Sensor က အလင်းရောင် အနည်းအများကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဆိုလိုတာကတော့ ပတ်၀န်းကျင်အခြေအနေ အလင်းအမှောင်ကို မူတည်ပြီး Sensor က ပြောင်းလဲ လုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ညရှုခင်းတွေကို ရိုက်ကူးရာမှာ ပုံထွက်အရည်အသွေး ကောင်းမယ်လို့ ထင်ပါတယ်။
Movie နဲ့ Photoတွေကို တစ်ပြိုင်နက် ရိုက်ကူးနိုင်
ဒီ Nikon 1 J1 ကင်မရာရဲ့ ထူးခြားချက်က 1080p Full HD Movieတွေကို ရိုက်ကူးနေရင်းနဲ့ ဓာတ်ပုံတွေကိုလည်း ဖမ်းယူ ရိုက်ကူးနိုင်မယ့် နည်းပညာသစ်ကို ထည့်သွင်းပေးထားခြင်းပါ။ Movieနဲ့ Photoတွေကို တစ်ပြိုင်နက် ရိုက်ကူးနိုင်တယ်လို့ ဆိုလိုတာပါ။ Movie တွေကို Record လုပ်နေတဲ့အချိန်မှာ Shutterကလည်း ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် အသင့်ဖြစ်နေပါတယ်။ Autofocus ဖြတ်ပေးခြင်းကို Movieရော Photoမှာပါ စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီအချက်ကလည်း Nikonရဲ့ ဆန်းသစ်ပြောင်းလဲလာတဲ့ နည်းပညာသစ် တစ်ခုပါ။ ဒါကြောင့် Movie ဖိုင်တွေကို တစ်ပြိုင်နက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့အတူ အနှေးပုံရိပ် (Slow Motion)နဲ့ အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်း
ဈေးနှုန်းကတော့ USD 396.95 ရှိကြောင်း Amazonက ဖော်ပြထားပါတယ်။ မြန်မာငွေကျပ်နဲ့ ဆိုရင်တော့ ကျပ် သုံးသိန်းခွဲနီးပါးလောက် ရှိမယ်လို့ ထင်ပါတယ်။
ခြုံငုံသုံးသပ်ချက်
ခေတ်သစ်မှာ နည်းပညာအသစ်အဆန်းကို ကိုင်ဆောင်ချင်တယ်ဆိုရင်တော့ Nikon 1 J1 ကင်မရာက အကောင်းဆုံးလို့ ထင်မြင်မိပါတယ်။ ဒီဂျစ်တယ် ကင်မရာ ဖြစ်ပေမယ့်လည်း Full HD (1080p) Movieတွေ ရိုက်လို့ရတယ်။ Movieတွေ ရိုက်နေရင်းနဲ့ ဓာတ်ပုံတွေပါ ရိုက်လို့ရတယ်။ Lensကို ပြောင်းလဲ တပ်ဆင်နိုင် တယ်။ ကဲ ဒါဆို ဒီလို စွမ်းဆောင်ရည်တွေ ရှိတ့ဲ ဒီဂျစ်တယ်ကင်မရာတစ်လုံး ပိုင်ဆိုင်သူအတွက်တော့ မိတ်ဆွေများအကြားမှာ လက်မထောင်နိုင်ပြီပေါ့…
Full Specifications
EXPEED 3 Image Processor
10.1 Megapixel
1920 x 1080 Max Video Resolution
3 x Optical Zoom
10mm/ 30-110mm- f/3.5-5.6 Lens
Automatic, Manual Focus
3″ LCD Display
1 x 1020 mAh Li-ion Rechargeable Battery