Googleက Glass စမတ်မျက်မှန်ကို ဗြိတိန်မှာ စတာလင်ပေါင် တစ်ထောင်နဲ့ ရောင်းချပေးလိုက်ပါပြီ။ အမေရိကန်ပြင်ပမှာ ပထမဆုံး ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ မကြာမီမှာ Google Glassကို နိုင်ငံအများအပြားမှာ ရောင်းချပေးတော့မယ်လို့ မျှော်လင့်ရပါတယ်။ စာဖတ်သူလည်း Google Glassကို ၀တ်ဆင်နိုင်ဖို့ အချိန်နီးကပ်လာပါပြီ။ အဲဒီအတွက် Glasswareလို့ ခေါ်တဲ့ Google Glass Appsများထဲမှ အကောင်းဆုံးဆယ်ခုကို ဖော်ပြပေးလိုက်ပါတယ်။
Google Glassမှာ နဂိုထည့်သွင်းပေးထားတဲ့ Google Appsများနဲ့ Facebook, Twitterလို Social Networks Appများကိုတော့ ဖော်ပြမှာမဟုတ်ဘဲ ချန်လှပ်ထားပါတယ်။ Glasswareများကို ရယူနိုင်တဲ့ ၀က်ဆိုက်ကို Googleက ပြုလုပ်ပေးထားပါတယ်။ အဲဒီမှာ Appsများစွာကို စွမ်းဆောင်ချက်များနဲ့ အတူဖော်ပြပေးထားပါတယ်။ အချို့ Developerတွေက Appsများကို Googleရဲ့ ၀က်ဆိုက်မှာ တင်ပေးထားခြင်းမရှိဘဲ သူတို့ ကိုယ်ပိုင်၀က်ဆိုက်မှာ တင်ပေးထားပါတယ်။
Word Lens
Word Lensကို Quest Visualက တီထွင်ထားတာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေအတွက်လည်း Word Lensကို ပြုလုပ်ပေးထားပါတယ်။ Word Lensက ဘာသာပြန်ပေးတဲ့ Appဖြစ်ပါတယ်။ Googleက Quest Visualကို မေလမှာ ၀ယ်ယူခဲ့ပြီး Word Lensကို Google Translateမှာ တွဲဖက်အသုံးချမယ်လို့ ကြေညာပါတယ်။ Word Lensကို စမတ်မျက်မှန်မှာ အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ဖို့ အသုံးပြုနိုင်ပါတယ်။ စမတ်မျက်မှန်မှ ကင်မရာကို လမ်းညွှန်ဆိုင်းဘုတ်လို မသိတဲ့ ဘာသာစကားရေးထားတဲ့ စာသားကို ချိန်ရွယ်လိုက်တာနဲ့ ဒါမှမဟုတ် ဆိုင်းဘုတ်ကို ကြည့်လိုက်တာနဲ့ ၀တ်ဆင်သူရဲ့ မိခင်ဘာသာစကားကို ပြောင်းလဲပြသပေးတာဖြစ်ပါတယ်။ Appကို အသုံးပြုဖို့ အင်တာနက်ကွန်နက်ရှင် မလိုအပ်ပါဘူး။ အခုလောလောဆယ်မှာတော့ Appက English, Portuguese, German, Italian, French, Spanishတို့ အပါအ၀င် ဘာသာစကား အနည်းငယ်ကိုသာ ဘာသာပြန်ပေးနိုင်ပါတယ်။
Field Trip
ဒါကလည်း နောက်ထပ် Googleက တီထွင်တဲ့ Glass Appဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ Googleရဲ့ Niantic Labsက တီထွင်တဲ့ ပထမဆုံး Glass Appပါ။ Field Tripက သင့်ပတ်၀န်းကျင်မှ တည်နေရာများရဲ့ သတင်းအချက်အလက်များကို ဖော်ပြပေးနိုင်ပါတယ်။ Appဟာ သင့်ရဲ့ Tour Guideအနေနဲ့ အလုပ်လုပ်ပေးနိုင်ပါတယ်။
Refresh
Refreshက သင်နဲ့ တွေ့ဆုံတဲ့ လူတွေအကြောင်းကို ဖော်ပြပေးနိုင်ပါတယ်။ သူငယ်ချင်းများ၊ လူစိမ်းများနဲ့ ပေါင်းသင်းဆက်ဆံရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ Refreshက သင်နဲ့ တွေ့ဆုံသူများအကြောင်းကို Social Networksများစွာမှ ထောက်လှမ်းပြီး Profiles, Photos, Statusesစတဲ့ သတင်းအချက်အလက်များကို ဖော်ပြပေးမှာပါ။
Preview for Glass
Preview for Glassက Googleရဲ့ Glassware ၀က်ဆိုက်မှာ မရှိဘဲ သူ့ကိုယ်ပိုင်၀က်ဆိုက်မှာ ရယူနိုင်ပါတယ်။ Previewက ရုပ်ရှင်များရဲ့ သတင်းအချက်အလက်များကို ပြသပေးနိုင်ပါတယ်။ စမတ်မျက်မှန်မှ ကင်မရာကို ရုပ်ရှင်ကြော်ညာဆိုင်းဘုတ်ကို ချိန်ရွယ်လိုက်တာနဲ့ ဒါမှမဟုတ် ဆိုင်းဘုတ်ကို ကြည့်လိုက်တာနဲ့ ရုပ်ရှင်ရဲ့ နမူနာကို ပြသပေးမှာဖြစ်ပါတယ်။
SpeedHud
SpeedHudက သင်သွားနေတဲ့ အမြန်နှုန်းကို ဖော်ပြပေးတာပါ။ ကားမောင်းတဲ့ အမြန်နှုန်းကို မျက်မှန်ရဲ့ မျက်နှာပြင်မှာ အချိန်နဲ့ တစ်ပြေးညီပြသပေးနိုင်ပါတယ်။ နောက်ပိုင်းမှာ လမ်းပိတ်ဆို့မှုအခြေအနေများကိုပါ ဖော်ပြပေးနိုင်ရင် ပိုမိုကောင်းမွန်မယ်လို့ မျှော်လင့်ရပါတယ်။
KitchMe
Google Glassဟာ လက်နဲ့ထိတွေ့စရာမလိုဘဲ အသုံးပြုနိုင်အောင် တီထွင်ပေးထားတာပါ။ အထူးသဖြင့် မီးဖိုချောင်လိုနေရာမျိုးမှာ အသုံး၀င်ပါတယ်။ KitchMeက အစားအသောက် အမယ်များကို အသံဖြင့် ရှာဖွေနိုင်တာဖြစ်ပါတယ်။ အစားအသောက်အမယ်များအပြင် ဟင်းချက်နည်းများကိုလည်း ပြသပေးနိုင်ပါတယ်။ ဟင်းချက်နည်းများနဲ့ ပါ၀င်ပစ္စည်းများကို အသံနဲ့ ပြောကြားပေးနိုင်သလို ရုပ်ပုံများနဲ့ ပြသပေးနိုင်ပါတယ်။
OpenTable
မီးဖိုချောင်မှာ ချက်ပြုတ်စားသောက်တာ မလုပ်ချင်ရင် စားသောက်ဆိုင်သွားစားပေါ့။ စားသောက်ဆိုင်သွားစားမယ်ဆိုရင် OpenTableက အသုံး၀င်ပါတယ်။ Appကို စားသောက်ဆိုင်များမှာ ကြိုတင်ဘွတ်ကင်ယူဖို့ အသုံးပြုနိုင်ပါတယ်။ “Make a reservation”ရဲ့ နောက်မှာ စားသောက်ဆိုင်နာမည် ဒါမှမဟုတ် လမ်းနာမည်ကို ပြောလိုက်တာနဲ့ အိုကေပါပြီ။ စားသောက်ဆိုင်စာရင်းများကျလာရင် ရွေးချယ်လိုက်ရုံပါပဲ။ Appရဲ့ အားနည်းချက်က ဘွတ်ကင်ကို Cancelလုပ်လို့မရတာနဲ့ အချိန်တွေပြောင်းလို့မရတာဖြစ်ပါတယ်။ အဲဒီအတွက် Appကို အသုံးပြုရင် ဂရုစိုက်ဖို့လိုပါတယ်။
Glassentation
ဒီ Appကတော့ ကျောင်းသားများအတွက်ဖြစ်ပြီး Presentationများအတွက်ဖြစ်ပါတယ်။ Google Docsကနေ PowerPointsအထိ စမတ်မျက်မှန်မှာ ကြည့်ရှုနိုင်ပါတယ်။ မျက်မှန်ကနေ Presentationများနဲ့ ပရိသတ်များကို ကြည့်နိုင်တဲ့အတွက် တစ်ခုချင်းစီကို တစ်လှည့်စီကြည့်ဖို့မလိုတော့ပါဘူး။
Strava Runနဲ့ Strava Cycling
ဒီ Appနှစ်ခုက ဆင်တူပြီး Developerတစ်ယောက်ထဲက တီထွင်ထားတာပါ။ Strava Runက အပြေးလေ့ကျင့်မှုနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်များကို GPSကနေ တိုင်းတာပြီး ဖော်ပြပေးနိုင်ပါတယ်။ အကွာအဝေး၊ ခြေလှမ်းများ၊ ကယ်လိုရီလောင်ကျွမ်းမှုများလို အရာများကို အချိန်နဲ့ တစ်ပြေးညီ ပြသပေးနိုင်ပါတယ်။ Strava Cyclingကလည်း ဒီလိုပါပဲ။ ဒါပေမယ့် Cyclingက အပြေးသမားများအတွက်မဟုတ်ဘဲ စက်ဘီးစီးသူများအတွက်ဖြစ်ပါတယ်။
အခြားကောင်းမွန်တဲ့ Glasswareများ
အပေါ်မှာဖော်ပြထားတဲ့ Glasswareများအပြင် အခြားကောင်းမွန်တဲ့ Appsများလည်းရှိပါတယ်။ ခရီးသွားများအတွက် Triplt၊ လမ်းညွှန်မှုအတွက် Compass ၊ မှတ်စုမှတ်သားဖို့အတွက် Evernote ၊ ဂိမ်းကစားဖို့အတွက် Mni Games ၊ ဈေး၀ယ်ဖို့အတွက် Shop Xတို့ ဖြစ်ပါတယ်။