Health, Opinion

သူများပျော်လို့ မပျော်နိုင် ဂျူတီကျလို့မှိုင်

“ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့လွင် ဟောတစ်ရုံ ဟောတစ်ရုံ” ပူပြင်းလှသော နွေရာသီပင် ဖြစ်သော်ငြား လတန်ခူးနီးပြီမို့ အခါထူးတဲ့နှစ်ဦး သင်္ကြန်၏ အငွေ့ အသက်များက ရင်ကို လွန်စွာ အေးမြ စေပါသည်။ ရပ်ကွက်ထဲတွင် ရှိသော ဆိုင်တိုင်းလိုလိုပင် အတာသင်္ကြန်၏ အကြိုနိမိတ် အဖြစ်ဖြင့် သင်္ကြန်တေးများကို အပြိုင်အဆိုင် ဖွင့်နေကြသည်မှာ သင်္ကြန်ပိုး ရှိသူများ၏ စေတနာကြောင့် နိုင်ငံ့ဝန်ကို ထမ်းရသော ဝန်ထမ်းများလည်း တစ်နှစ်တာ အတွက် ပိတ်ရက်ရှည် ခံစားကြရမည်မို့ ပို၍ပျော်စေပါသည်။

အခြား ရုံးဝန်ထမ်းများအဖို့ကား “သင်္ကြန်ပိတ်ရက်” “အလုပ်နားရက်”ဟူ၍ သတ်မှတ်ပြီး ရုံးပြန်ဖွင့်မှသာ ပြည်သူတို့၏ ဝန်ကို ပြန်ထမ်းကြရမည် ဖြစ်သော်လည်း ကျန်းမာရေး ဝန်ထမ်းများကား ထို့သို့ အခွင့်အရေး “သင်္ကြန်ပိတ်ရက် နေမကောင်း မဖြစ်ရ၊ ဆေးရုံမတက်ရ”ဟူ၍ ပိတ်ပင်၍ မရနိုင်သကဲ့သို့ “ဆေးရုံပိတ်ရက်” ဟူ၍ မရှိဘူးခဲ့။ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းများကို သင်္ကြန် ရေပက်ခံ ထွက်သူများက ဆေးရုံရှေ့မှ ဖြတ်သွားတိုင်း “သူများပျော်လို့ မပျော်နိုင် ဂျူတီကျလို့မှိုင်” ဟူ၍ စနောက်သွားကြသည် မဟုတ်ပါလော။

စာရေးသူတို့ ငယ်စဉ်အချိန် ပုသိမ်မြို့တွင် နေခဲ့စဉ်အခါကဆိုလျှင် ဆေးရုံ ဝန်းအတွင်း၌ပင် သင်္ကြန်ရေကစား မဏ္႑ပ်ဆောက်၍ ဂျူတီ မကျသည့် နေ့ရက်များတွင် ရေကစားခဲ့ကြသည့် အစဉ်အလာ ရှိခဲ့သော်လည်း ယခု ခေတ်အခါများ၌မူ စာရေးသူတို့ တာဝန်ကျရာ ဆေးရုံများ၌ ရေကစား မဏ္႑ပ်ဆောက်သော အစဉ်အလာမရှိတော့။ သင်္ကြန်ရုံးပိတ်ရက်များ မတိုင်မီ သက်ဆိုင်ရာ Wordများ၌သာ မိမိ အစီအစဉ်ဖြင့် မုန့်လုံးရေပေါ်၊ ရွေှရင်အေး၊ မုန့်လက်ဆောင်း အစရှိသည်တို့ကို ကျေွးမွေးကြသည့် အလေ့အထမျှသာ ရှိတော့သည်။ အုပ်ချုပ်သူ ဆရာကြီး၊ ဆရာမကြီးများ၌ “သင်္ကြန်ပိုး”ရှိလျှင်တော့ အကြီးအကျယ် လုပ်တတ်ကြသည်ဟု သူငယ်ချင်း ဆရာဝန်များထံမှ ကြားရဖူးသည်။

သင်္ကြန်ဟူသည် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောရန် ဆင်နွှဲကြသည်ဟု သိရှိထားပါသည်။ သို့သော် ဆရာဝန်တစ်ဦး အနေဖြင့် တွေ့ကြုံရသည်များကား လူများအနေဖြင့် တစ်နှစ်ပတ်လုံး မလုပ်ဖြစ်ခဲ့သော အကုသိုလ်၊ အဆိုးအပြစ်တို့ကို လုပ်ဆောင်ခွင့် ရရှိပြီး ဆေးရုံနှင့် နှစ်ပါး သွားကြရသည်က များကြသည်။ သင်္ကြန် (၃)ရက်မျှ ဆင်နွှဲပြီးသည်နှင့် (၃)လ (၃)နှစ်မက ဝေဒနာ ခံစားရသူများလည်း ဒုနှင့်ဒေး။ ထို့ကြောင့် လူကြီး မိဘများကား “သင်္ကြန်ရောက်မှာ တွေးကြောက်တယ်” ဟူ၍လည်း ဆိုတတ်ကြသည်။ ခေတ်မီ တိုးတက်လာသည်နှင့်အမျှ သန့်ရှင်းလှသော၊ ရည်ရွယ်ချက် ကောင်းလှသော သင်္ကြန်၏အလှသည် အမည်းစက် ထင်လာသည်။ ညစ်ညမ်း စွန်းထင်းမှု များလာတော့သည်။ ထို့အပြင် လူမဆန်သူ အဖွဲ့အချို့၏ အဖျက်အမှောက် လုပ်ငန်းများကြောင့် အကျည်းတန် ယုတ်ဆိုးခဲ့သော နှစ်များလည်း ရှိခဲ့ပေရာ သင်္ကြန်ဟူသည် ပျော်စရာလား၊ ဝမ်းနည်းစရာလားဟူ၍ မေးရမည့် အနေအထားရောက်ခဲ့ရသည့် မိဘပြည်သူများ အတွက်ကား လွယ်လွယ် နှင့် ဖြေဖျောက်နိုင်ရန် ဖြစ်မည်မထင်။

ကျန်းမာရေးနှင့် ပတ်သက်သော သင်္ကြန် ပြဿနာများသည်လည်း ရေတွက်၍ မကုန်ပါ။ တစ်နှစ်တာတွင် မတော်တဆ ဖြစ်မှု၊ ထိခိုက်အန္တရာယ် ဖြစ်ပွားမှု၊ ခိုက်ရန်ဒေါသ ဖြစ်ပွားမှု၊ လုယက် ခိုးယူမှု၊ မုဒိန်းမှု အစရှိသည့် ဥပဒေနှင့် ငြိစွန်းပြီး ကျန်းမာရေးနှင့် ဆက်နွှယ်သည့် အမှုအခင်းများလည်း သာမန်ထက် နှစ်ဆ သုံးဆမျှ သင်္ကြန်တွင်းတွင် ဖြစ်ပွားတတ်သည်။ အရက်သေစာ သောက်စား မှုယစ်ပြီး လမ်းလျှောက်ခြင်း၊ စက်ဘီး၊ ဆိုင်ကယ်စီးခြင်း၊ မော်တော်ယာဉ်၊ စက်တပ်ယာဉ်၊ ရေယာဉ်များ မောင်းနှင်ခြင်းတို့ကြောင့် ၎င်းတို့ကို ကို်ယ်တိုင်ရော အပြစ်မရှိသူ ပြည်သူများပါ အန္တရာယ် ရောက်ကြရသည်။ ထိုမျှမက မူးယစ်ရမ်းကားပြီး ခိုက်ရန် ဖြစ်ပွားမှုတို့ကြောင့် ဆေးရုံ ရောက်ရသူများလည်း မနည်း၊ စာရေးသူတို့ ရန်ကုန်မေဓာဝီ ဆေးရုံကြီး၏ ခွဲစိတ်ဆောင်တွင် တာဝန် ထမ်းစဉ်တုန်းကဆိုလျှင် လူငယ်နှစ်ဖွဲ့ ရန်ဖြစ်ကြပြီး လေးငါးဦးမျှ ဒဏ်ရာများဖြင့် ဆေးရုံ ရောက်လာကြသည်။ စာရေးသူ တို့က သက်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပြီး အကွဲအပြဲများကို ချုပ်တန်ကချုပ်၊ အကျိုးအပဲ့များကို ကျောက်ပတ်တီး ကိုင်တန်က ကိုင်ပြီး ကုသပေးခဲ့သည်။ ထိုညတွင်ကား ထိုသူများကို သတင်း လာမေးသော နှစ်ဘက်အဖွဲ့မှ လူငယ်များ ဆေးရုံအတွင်း၌ ပြန်ဆုံမိပြီး မပြေသေးသော ရန်ငြိုးရန်စတို့ကြောင့် ဆေးရုံအတွင်း ရန်ပွဲကြီး အကြီးအကျယ် ထပ်ဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့ကိုပင် ခေါ်ယူ၍ ထိန်းသိမ်းခဲ့ရဖူးသည်။

ယမကာ၏ အပြစ်သည်ကား များလှသည်။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ငါးပါးသီလတွင် တစ်ပါး အပါအဝင်အဖြစ် ထည့်သွင်း တားမြစ်ထားခြင်း ဖြစ်ပါသည်။ “ဘီယာဆိုတာ အရက်တော့ မဟုတ်ပါ၊ တငွေ့ငွေ့လေးနဲ့ အတော်လာတာ…”ဟု ဆိုပြီး ဘဝပျက်သွားသူများလည်း ဒုနှင့်ဒေး။ အထူးသဖြင့် လူငယ်၊ လူရွယ် သားသမီးရှင် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအပေါ်တွင် မေတ္တာတရားကြောင့် အလိုလိုက် လွန်မသွားစေရန် ဖြစ်သည်။ စာရေးသူတို့ ကျန်းမာရေး စာပေအရ “Tolerate” လူပိန်း အခေါ်အရ “အူရိုင်း” ခေါ်သော နည်းနည်း သောက်ရုံဖြင့် များများမူးတတ်သော၊ အတွေ့အကြုံ မရှိသော သူများအဖို့ အန္တရာယ် များလှသည်။ “အချမ်းဓာတ်လေး ပျောက်အောင်ကွာ၊ ကိုယ့်ကိုချစ်ရင် တစ်ငုံလောက်ပဲ သောက်ပါကွာ”ဟူ၍ အပျော့စွဲဖြင့် အချော့တွဲသည်ကို ယုံမှားမိသဖြင့် ဘဝပျက်သွားသူ မိန်းကလေးများလည်း မနည်းလှပါ။ ထို “တစ်ငုံ”ဆိုသော ပမာဏက လူကို ယစ်မူး သွားစေရုံမျှမက ခုခံနိုင်စွမ်းပါ မရှိတော့ဘဲ မိမိအား အပျော်ကြံမည့်သူ၏ လက်တွင်း ခုန်ဆင်းသကဲ့သို့ ဖြစ်စေနိုင်သည်ကို သမီးပျိုတိုင်း သိစေနိုင်ရန် မိဘများက “မလောင်ခင်က မီးကိုတားသလို” ကြိုတင် ပြောပြထားသင့်သည်။ သိလျက်နှင့် “ငါ့ကိုယ်ငါ ထိန်းနိုင်ပါတယ်”ဟု အရဲစွန့်ပြီး လက်တည့်စမ်းသူများလည်း ဘဝ ပျက်ကြရမည်သာ။ ထို Tolerate Levelမှ Tolerate မဖြစ်တော့ဘဲ ထပ်၍ထပ်၍ ထိုးသောက်ရင်းနှင့် အရက်သမား လုံးလုံး ဖြစ်ကြရသည်မှာလည်း ဤသင်္ကြန်မှ အစဖြစ်သည်။

သို့ဆိုလျှင် စာရေးသူသည် သင်္ကြန်ကို မုန်းသူလား၊ သင်္ကြန်၏ အပုပ်ကို ဖော်နေသလားဟု စာဖတ်သူများက သံသယ ဖြစ်ဖွယ် ရှိပါသည်။ စာရေးသူ သင်္ကြန်ကို သိပ်ချစ်ပါသည်။ ပျော်လည်း ပျော်ပါသည်။ သို့သော် တစ်နိုင်ငံသားလုံး ရော မိမိပါ ပျော်စေချင်၍ ဖြစ်ပါသည်။ လှပသော သင်္ကြန်၊ အေးချမ်း သာယာပြီး၊ အစွန်းအထင်း ကင်းသော သင်္ကြန် ဖြစ်စေချင်၍ ဖြစ်ပါသည်။

သင်္ကြန်ရေသည် တန်ခိုးကြီးလှသည်။ မေတ္တာရေစင် ဖြစ်သည့်လား တစ်ကိုယ်လုံး စိုရွဲသွားသည့်တိုင် အဖျားအနာ မရတတ်။ ဤနွေ ဤအပူ၌ ရေဘယ်လောက် လောင်းလောင်း အပူ မရှပ်သည်မှာ သင်္ကြန်အခါပင် မဟုတ်လော။ ဆေးပညာရှင်တို့လည်း မဖော်ထုတ်နိုင်သေးပါ။ သို့သော် သေချာသည်က အရက်သေစာနှင့် ယမကာမျိုးစုံတို့ကား ဖြူစင်လှသော သင်္ကြန်ကို ညစ်နွမ်းစေမည်သာ။ ထို့အပြင် မိန်းမောစေတတ်သော ဆေးဝါးများနှင့် လိင်စိတ်ကို နိုးကြွစေသော ဆေးဝါးများလည်း မြန်မာပြည်၌ မသမာသူများ၏ လက်ဝယ်တွင် ရှိနေသည်ကို မိမိတို့၏ သားပျို၊ သမီးပျိုများ အငိုက် မမိရလေအောင် အသိ ပေးထားသင့်သည်။ “အပျော်” ဘဝမှ “အပျက်” ဘဝသို့ မရောက် ရလေအောင် သတိရှိရှိဖြင့် သန့်ရှင်းစွာ ပျော်ရွှင် ကြစေလိုသည်။ ယခုအချိန်တွင် ဘက်စုံ ကဏ္႑စုံ၌ တိုးတက်မှုများ ရှိနေသကဲ့သို့ အဖျက်အမှောက် လုပ်ငန်းများဖြင့် သင်္ကြန်ကို အရောင် ဆိုးကြလိုသူများ၏ အန္တရာယ်ကိုလည်း သတိထားကြရမည်။ “သပြေခက်နှင့် ရေပက်”သည့် ခေတ်မှ Pumpဖြင့် ထိုးသည့်ခေတ်ကို ရောက်လာသော်လည်း ရှေးလူကြီးများမှ ဦးဆောင်၍ ယနေ့ခေတ်လူငယ်များ နှစ်သစ် မင်္ဂလာ အတာသင်္ကြန်၏ အပြစ်ကင်းသော အညစ်မစွန်းသော ပျော်ရွှင်စရာ အရသာ အပြည့်အဝကို ခံစားနိုင်ကြရပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ရပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *