Health, News, Opinion

ကျန်းမာရေးအတွက် လက်ဆေးပါ

ကျန်းမာရေးအတွက် လက်ဆေးပါ

ကျန်းမာရေးအတွက် လက်ဆေးပါ။ Wash your hands for health
ပြီးခဲ့တဲ့ အောက်တိုဘာ(၁၅)ရက်နေ့ဟာ “ ကမ္ဘာ့လက်ဆေးကြောရေးနေ့”လို့ ဆိုပါတယ်။ ခုခေတ်မှာ ကလည်း ကမ္ဘာလုံးဆိုင်ရာအပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်နေ့တွေကလည်းများမှများပဲ။ ကိုဘအေးတို့လည်း မှတ်တောင်မမှတ်နိုင်တော့ဘူး။ ခုလည်း ကမ္ဘာ့လက်ဆေးကြောရေးနေ့တဲ့ ကိုဘအေးက ဘာကိုသွားပြီး သတိရမိသလဲဆိုတော့ ကိုဘအေးတို့ ဇာတ်လမ်းအခွေတွေ ကြည့်ရင်ပဲ ဖြစ်ဖြစ် သီချင်းအခွေတွေကြည့်ရင်ပဲဖြစ်ဖြစ် ကျန်းမာရေးပညာပေးအနေနဲ့ ကြားဖြတ်ပြီး ပြတဲ့ပြကွက်ကလေးလေ။

ကလေးလေးတစ်ယောက်က ဆေးရုံကုတင်ပေါ်မှာ လက်မည်းကြီး လက်မည်းကြီးဆိုပြီး ယောင်ပြီး အော်တဲ့အခန်းပေါ့။ မသန့်တဲ့လက်နဲ့ အစားအစာကိုကိုင်ပြီးစားမိလို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်တဲ့အကြောင်း ရိုက်ပြထားတာပါ။ ပညာပေးတဲ့သူကပေးပေမယ့် အခွေကြည့်တဲ့သူတွေကတော့ အဲဒီအခန်းတွေကိုရစ်ပြီး ကျော်ကြည့်သွားကြတာ များပါတယ်။ လူသားတွေကိုစနစ်တကျပုံမှန် လက်ဆေးကြောတတ်တဲ့ အလေ့အကျင့် ပြုလုပ်ပေးခြင်းဖြင့် နေ့စဉ်ကလေးပေါင်းများစွာတို့ရဲ့ အသက်ကိုကယ်တင်နိုင်မှာဖြစ်ကြောင်း၊ကလေးသူငယ်တွေကို လက်သန့်ရှင်းရေး အလေ့အထ စနစ်တကျ ပြုလုပ်ပေးပါက ဝမ်းလျှောဝမ်းပျက် ၊ နမိုးနီးယားအဆုတ်ရောင်ဂေါရာ ဖြစ်ပွားမှုတို့ဟာ ၄၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ၂၀ဝ၈ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့မှာ တိုက်တွန်းဆော်သြခဲ့တယ်လို့ သိရပါတယ်။ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဒီတိုက်တွန်း ဆော်သြချက်ကို အလေးထားတဲ့အနေနဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က အောက်တိုဘာလ (၁၅)ရက်နေ့ကို “ကမ္ဘာလက်ဆေးကြောရေးနေ့” (Global Hand Washing Day) ဆိုပြီးသတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ ဒီလိုနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ ကမ္ဘာ့လက်ဆေးကြောရေးနေ့ အခမ်းအနားများကို အောက်တိုဘာလ (၁၅)ရက် ရောက်တိုင်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့လက်ဆေးကြောရေးနေ့ သတ်မှတ်ရခြင်းနဲ့ ပတ်သက်ပြီး ယူနီဆက်ဖ်က ကမ္ဘာ့နိုင်ငံများကို အောက်ပါအတိုင်း ကျိုးကြောင်းရှင်းလင်းတင်ပြခဲ့ပါတယ်။ကမ္ဘာ့လက်ဆေးကြောရေးနေ့ကတဆင့် နေ့စဉ်လက်များကို စင်ကြယ်စွာဆေးကြောခြင်း အလေ့အထ စွဲမြဲစေခြင်းဖြင့် အာရှတိုက်နဲ့ အာဖရိက တိုက်ရှိ ကလေးသူငယ်ပေါင်းများစွာတို့ရဲ့ အသက်အန္တရာယ်ကို ကယ်တင်ရာရောက်ကြောင်း ၊ တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ခြုံငုံစစ်တမ်းကောက်ကြည့်ရင်ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါ တွေကြောင့် နေ့စဉ် ကလေးသူငယ် ၅၀ဝ၀ ခန့် သေဆုံးနေကြရကြောင်း၊ ကလေးသူငယ်များအား အစာမစားမီ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောဖို့နဲ့ အိမ်သာတက်ပြီးနောက် လက်များကို ဆေးကြောရန် လေ့ကျင့်ပေးခြင်းဖြင့် ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေ ကင်းဝေးပြီး ကလေးသူငယ် သေဆုံးမှုထက်ဝက်ခန့် လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ကမ္ဘာ့လက်ဆေးကြောရေးနေ့ ကျင်းပပေးခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာတစ်ကိုယ်ရေသန့်ရှင်းရေး ၊ အညစ်အကြေးကင်းစင်ရေးကို တွန်းအားပေးဆောင်ရွက် ရာရောက်ကြောင်း ၊ လက်များကိုစင်ကြယ်အောင်ဆေးကြောနေထိုင်တတ်တဲ့ ဓလေ့ကို ကလေးသူငယ် များနဲ့ မိသားစုများ လူမှုအသိုင်းအဝိုင်းများကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုပ်ဆောင်ပေးသွားရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၆၀ ကျော်တို့ရှိ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များအနေဖြင့် စာသင်ကျောင်းများသို့ သွားရောက်ကာ ကျောင်းသား လူငယ်ကလေးများအား လက်ဆေးကြောခြင်း အပါအဝင် တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ကျန်းမာရေးပညာပေး လုပ်ငန်းများမှာ ပါဝင်လုပ်ဆောင်သွားကြရန် လိုအပ် ကြောင်း၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖဂန်နစ္စတန်စတဲ့ အာရှတိုက်နိုင်ငံများမှာ ကလေးသူငယ်များ လက်ဆေးကြောရေး လုပ်ငန်းစီမံချက်ကို ပိုမိုအလေးပေး လုပ်ဆောင်သင့်ပါကြောင်းနဲ့ အနောက်အာဖရိကတွင် သေဆုံး လျက်ရှိကြတဲ့ ကလေးငယ် သုံးပုံတစ်ပုံဟာ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းချက်ကြောင့် ဖြစ်တာကို ယူနီဆက်ဖ်အဖွဲ့က စိစစ်တွေ့ရှိခဲ့ရတဲ့အတွက် ကမ္ဘာ့လက်ဆေးကြောရေးနေ့ လှုပ်ရှားမှုတွေကို အလေးထား လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လူသားတွေက အစားအစာစားတဲ့အခါမှာ လက်ကိုအသုံးပြုပြီး စားကြရပါတယ်။ဇွန်းခက်ရင်းနဲ့ စားတဲ့ အနောက်တိုင်းသား ၊ ဥရောပသားတွေတောင် ဟမ်ဘာဂါတို့ ၊ ဆင်းဒဝစ်ချ်တို့ အာလူးချောင်းကြော် ၊ ပြောင်းဖူးပေါက်ပေါက် စတာတွေကို လက်နဲ့ပဲ ကိုင်စားကြရတာပါ။ တူနဲ့ စားတဲ့ အရှေ့တိုင်းသား တွေလည်း တချို့အစားအစာတွေကို လက်နဲ့ကိုင်စားကြရတာရှိပါတယ်။ဇွန်း၊ ခက်ရင်းနဲ့ပဲစားစား ၊ တူနဲ့ပဲစားစား အဲဒီဇွန်းခက်ရင်းနဲ့ တူတွေကိုလည်း လက်နဲ့ပဲကိုင်ကြရတာမဟုတ်လား။ ဒါကြောင့် အစာမစားခင်လက်တွေ သန့်ရှင်းနေဖို့ လိုပါတယ်။လက်နဲ့ ထမင်းစားကြတဲ့ အာရှတိုက်သားတွေနဲ့ အာဖရိကတိုက်သားတွေဆိုရင်တော့ လက်သန့်ရှင်းဖို့ လိုအပ်တာပြောစရာမလိုတော့ပါ။
လက်ဆေးခြင်းဟာ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံအလေ့အထတစ်ခု ဖြစ်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူကောင်းများ ပြည့်စုံရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာ တိုးချဲ့ခြင်း(Knowledge Expansion) နဲ့ အလေ့အထဖြစ်ထွန်းခြင်း(Habif Formation) တို့ဟာ မရှိမဖြစ် အဓိကလိုအပ်ချက်တွေ ဖြစ်တယ်လို့ ကျန်းမာရေးပညာဆိုင်ရာ ပညာရှင်တွေကပြောပါတယ်။အသိဟာ အကျင့်ကို ဖန်တီးတည်ထောင်ပေးတယ်။ အလေ့အကျင့် (Practice) က အလေ့အထ (Habit) ကိုကူးပြောင်းတတ်တဲ့ သဘာဝရှိပါတယ်။ဒါကြောင့် လက်ဆေးတာကိုအလေ့အထဓလေ့တစ်ခုအဖြစ် စွဲမြဲသွားအောင် ဘယ်လိုလေ့ကျင့် သင်ကြားပေးရမလဲလို့ စဉ်းစားကြတဲ့အခါ တစ်ဘဝလုံး အတွက် မူမှန်စနစ်ကျတဲ့ အလေ့အထကောင်းတွေကိုသိရှိနားလည် သဘောပေါက်စွဲမြဲသွားစေရန် လေ့ကျင့်ပေးဖို့ဟာ မူလတန်းအရွယ် ကလေးသူငယ်တွေဟာ အသင့်လျော်ဆုံးအရွယ်ဖြစ် တာကို တွေ့ရပါတယ်။ ဒါကြောင့် မူလတန်းကျောင်းတွေမှာ ဦးစားပေးပြီးတော့ ကျန်းမာရေးအတွက် လက်ဆေးခြင်းရဲ့ အရေးပါပုံနဲ့ လက်ဆေးနည်း အဆင့်ဆင့်ကို ကျန်းမာရေး အသိပညာပေးသရုပ်ပြ ဟောပြောကာ ကျောင်းသားကျောင်းသူများ ၊ ဆရာ၊ ဆရာမများနဲ့ ဒေသခံ ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများနဲ့အတူ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပါတယ်။

ကိုဘအေးတို့ဆီမှာလူအများစုဟာထမင်းစားပြီးမှ လက်ကိုဆပ်ပြာနဲ့ ဆေးကြတာများပါ တယ်။တချို့လူတွေဆိုရင် ဆပ်ပြာနဲ့တောင် မဆေးကြပါဘူး။ရေလေးလောင်းဆေးပြီးတွေ့ရာနဲ့ ဖြစ်သလိုလက်သုတ်လိုက်ကြတာပဲ။ ထမင်းမစားခင် လက်ဆေးတယ် ဆိုရာမှာလည်း ဆပ်ပြာနဲ့ မဆေးဘဲ ရေနဲ့ကရော်ကမယ်ပဲဆေးကြတာ။ လက်ကိုရေလောင်းဆေးရင်ဆေး ၊ ရေခွက်ထဲလက်နှစ်ပြီး ဆေးရင်ဆေးဒါပဲ။ အစာမစားခင် အစားအသောက်ကိုမကိုင်တွယ်ခင် လက်ကိုဆပ်ပြာနဲ့ စင်စင်ဆေးတဲ့သူနည်းပါတယ်။ လူတို့ရဲ့ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုတိုင်းမှာ လူတွေရဲ့ မျက်စေ့နဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေနဲ့ အညစ်အကြေးတွေ ရှိနေတတ်တဲ့အတွက် အဲဒီအရာဝတ္ထုတွေကို ကိုင်တွယ်ထိတွေ့မိတဲ့ လက်တွေမှာရောဂါပိုးမွှားတွေနဲ့ အညစ်အကြေးတွေ တွယ်ကပ် ပါလာတတ် တာကြောင့် လက်ကိုစင်ကြယ်စွာဆေးကြောဖို့ လိုအပ်တာကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ရေအိမ်က ထွက်လာရင်လည်း  လက်ကိုဆပ်ပြာနဲ့ စင်စင်ဆေးဖို့လိုပါတယ်။ဒီနေရာမှာ ကိုယ့်အိမ်မှာ ကိုယ်ဆိုရင်တော့ ဆပ်ပြာနဲ့ဆေးလို့ရပေမယ့် ဈေးတို့ ကျောင်းတို့ရုံးတို့စတဲ့ အများသုံးအိမ်သာတွေ မှာတော့ ဆပ်ပြာဘယ်ကရှိမလဲနော်။ အဲဒါကလည်း ပြဿနာတစ်ခုပါ။ ဒါပေမယ့် ခုခေတ်မှာပေါ်နေတဲ့ Hand Gel လေးဆောင်ထားနိုင်ရင်တော့ ကောင်းတာပေါ့။ရောဂါပိုးမွှားတွေ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်မှုကို လက်ဆေးကြောတဲ့ သာမန်လုပ်ဆောင်ချက်တစ်ခုတည်းနဲ့ တားဆီးကာကွယ် နိုင်ပါတယ်။စနစ်တကျ လက်ဆေးကြောမှုဆိုတာမှာသန်ရှင်းတဲ့ရေနဲ့ ဆပ်ပြာကိုအသုံးပြုရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့မှာ ကျောင်းအခြေပြုနဲ့ ပြည်သူလူထုအခြေ ပြု  စနစ်တကျ လက်ဆေးခြင်းအလေ့အကျင့်ကိုလိုက်နာစေရန် ဆက်သွယ်ဆောင်ရွက်ခြင်း ဆိုင်ရာလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနနဲ့ ယူနီဆက်ဖ်တို့ ပူးပေါင်း လုပ်ဆောင်လျှက်ရှိနေကြောင်း၊ ကျောင်းနေအရွယ် ကလေးများအတွင်း စနစ်တကျ လက်ဆေးခြင်း အမူအကျင့်ကို လိုက်နာကျင့်သုံးတတ်စေရန်နှင့် ကလေးများမှ တဆင့် မိဘများနဲ့ မိသားစုဝင်များအထိ အမူအကျင့်ကောင်းများ ကျင့်သုံးလာတတ်စေဖို့ ရည်ရွယ်ပြီးဒီစီမံချက်ကိုအကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ငါးနှစ်အောက် ကလေး ၆ ဒဿမ ၉ သန်းခန့် နှစ်စဉ်သေဆုံး လျှက်ရှိနေကြရာ သုံးပုံနှစ်ပုံဟာ ဝမ်းလျှောဝမ်းပျက်ရောဂါနဲ့ အဆုတ်မှာ ဖြစ်ပွားတဲ့ နမိုးနီးယားရောဂါ တွေကြောင့် ဖြစ်တာကိုတွေ့ရကြောင်း၊ ယူနီဆက်ဖ်ရဲ့ ခန့်မှန်းချက်အရ ဝမ်းလျှောဝမ်းပျက် ရောဂါကြောင့် စက္ကန့် ၃၀မှာ ကလေးတစ်ဦး သေဆုံးနေကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကမ္ဘာ့လက်ဆေးကြောရေးနေ့ကို နှစ်စဉ် အောက်တိုဘာ ၁၅ ရက်နေ့မှာကျောင်းနေအရွယ် ကလေးများနဲ့ ကျောင်းအခြေပြု လှုပ်ရှားမှုများ ပြုလုပ်ကြကြောင်း မြန်မာနိုင်ငံမှာလည်း အခုကျင်းပတဲ့ အခမ်းအနား မှတဆင့် ယူနီဆက်ဖ်ရဲ့ ပံ့ပိုးကူညီမှုနဲ့ ကျန်းမာရေး ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျောင်းတွင်း နဲ့ကျောင်းပြင်ပရှိ ကလေးသူငယ်များ ပညာပေးခြင်းများ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပြည်သူလူထု အခြေပြု ပညာပေးခြင်းများကိုလည်း မီဒီယာများမှ တဆင့် ကျယ်ကျယ် ပြန့်ပြန့် ပညာပေးလှုံ့ဆော်သွားမှာ ဖြစ်ကြောင်းကို၂၀၁၄ ခုနှစ် ကျောင်းဖွင့်စရာသီဇွန် ၁၈ ရက်နေ့ကနေ ပြည်တော်ရှိသင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတွင် စနစ်တကျ လက်ဆေးခြင်းအလေ့အကျင့် ဆက်သွယ်ပေးခြင်းဆိုင်ရာလုပ်ငန်းစတင်ခြင်းအခမ်းအနား (Launching of Myanmar Handwashing Communication Initiative) မှာ ကျန်းမာရေးဒုဝန်ကြီးက အမှာစကား ပြောကြား ခဲ့ရာမှာ ထည့်သွင်းပြောကြားခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကိုဘအေးတို့ လူကြီးမိဘတွေရော ကလေးသူငယ်တွေပါ အစာမစားမီလက်ဆေးခြင်း ၊ အစားအစာတွေကို ကိုင်တွယ်ချက်ပြုတ်ခြင်း မပြုမီလက်ဆေးခြင်း၊ အညစ်အကြေးများကိုကိုင်တွယ်ထိတွေ့မိတိုင်းလက်ဆေးခြင်း၊ အိမ်သာ အထွက်မှာ လက်ဆေးခြင်းဆိုတဲ့ အလေ့အထလေးတွေကို ပင်ကိုယ်အသိစိတ်ဓါတ်နဲ့ လိုက်နာကြဖို့ “ကျန်းမာရေးအတွက် လက်ဆေးပါ”လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *