Opinion

အုပ်ချုပ်မှု အတတ်ပညာနှင့် ခေါင်းဆောင်မှု အတတ်ပညာဆိုသည်မှာ

Management နှင့် Leadership ဆိုသည့် အကြောင်းအရာများသည် တူမယောင်နဲ့ ကွဲပြားခြားနားသည်ကို တွေ့ရှိရပါသည်။ Management ဆိုသည်မှာ စီမံခန့်ခွဲမှုအပိုင်းကို ဇောင်းပေးထားခြင်း ဖြစ်ပြီး အုပ်ချုပ်မှု အတတ်ပညာကို ဆိုလိုခြင်းဖြစ်ပါသည်။ Leadershipကို အဓိပ္ပာယ် ဖွင့်ဆိုကြည့်သောအခါ ဦးစီး ဦးဆောင် ထမ်းရွက်ခြင်းနှင့် ခေါင်းဆောင်မှု အတတ်ပညာပင် ဖြစ်ပါတော့သည်။

MANAGEMENT

အုပ်ချုပ်မှု အတတ်ပညာဆိုသည်မှာ Companyမှ ချမှတ်သော ပေါ်လစီပေါ်တွင် မူတည်ပြီး ၀န်ထမ်းအား ထိန်းချုပ်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အကြောက်တရားဖြင့် လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ခြင်းတို့ အပြင် တစ်နည်း ငွေကြေးဖြင့် ဆွဲဆောင်ပြီး လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ခြင်းလည်း ရှိသလို လုပ်ပိုင်ခွင့်အပေါ် အမှီပြုပြီး ဟိန်းဟောက် ခိုင်းစေခြင်းမျိုး၊ နောက်တစ်ချက်က အားနည်းချက် ရှာဖွေပြီး ချုပ်ကိုင် လုပ်ကိုင်စေခြင်းနှင့် မရေရာသော မျှော်လင့်ချက်များပေးပြီး လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်စေခြင်း တို့ဖြင့် ပြည့်နှက်နေပေမည်။ အုပ်ချုပ်မှု ပိုင်းတွင် ၀န်ထမ်းအသစ်တွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိ စေဖို့ ရည်မှန်းချက်တွေ သတ်မှတ် ချမှတ်ပေးဖို့ တာ၀န်ရှိပါသည်။ အဲဒီလို ရည်မှန်းချက်တွေ၊ လုပ်ဆောင်ချက်တွေ သတ်မှတ်ပေးလိုက်တဲ့အတွက် ၀န်ထမ်းတွေကို ဘာတွေ အောင်မြင် ပြီးမြောက်ဖို့ မျှော်လင့်ကြောင်း အသိပေးလိုက် သကဲ့သို့ ဖြစ်သည့် အပြင် အောင်မြင်မှုတွေရရှိဖို့ အတွက် ဘယ်လို တိုင်းတာမလဲဆိုတာတွေကို လမ်းညွှန်ပြသဖို့ လိုအပ်လှပါသည်။ အမှန်အားဖြင့်တော့ Management ဆိုလိုက်တာနဲ့ ကိုယ်ကိုယ်တိုင်မလုပ်ပဲ တစ်နည်းနည်းနဲ့ လက်အောက် ငယ်သားတွေ ခိုင်းစေတာမျိုးလို့လည်း ယေဘုယျ အားဖြင့် ပြောလို့ရပါသည်။
Managementရဲ့ အဓိက အစိတ်အပိုင်း တွေအကြောင်း ပြောရအောင်၊ အဲဒါတွေက လူတိုင်း မကြာခဏ ပြောနေတဲ့ Processကို လည်ပတ်တဲ့ Planning, Organizing, Leading, Coordinating, Monitoring, Controllingတွေရဲ့အကြောင်းပါပဲ။ အဲဒါတွေကို မပြောခင် ရည်မှန်းချက်၊ ပန်းတိုင် Goalအကြောင်း အရင်ပြောရရင် ကျွန်မတို့ လူသားတိုင်းမှာ ရည်မှန်းချက် ကိုယ်စီနဲ့ အသက်ရှင် ရပ်တည် နေသူတွေပါ။ ဟုတ်တယ်မလား။ ရည်မှန်းချက် မရှိသူဟာ လမ်းလျှောက်ရင်း လမ်းပျောက်နေသူ တစ်ဦးလို့ပြောရင်လည်း ရမယ်ထင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝ အတွက် အကျိုးရှိတဲ့ ရည်မှန်းချက် တစ်ခုကို ဘယ်လိုရှာမလဲ၊ Define လုပ်မလဲဆိုတာ သိတဲ့လူ နည်းပါတယ်။ ဒီတော့ ဘယ်လို ရည်မှန်းချက် ထားမလဲဆိုတာကို ကျွန်မ လေ့လာကြည့်တော့ SMART ဆိုတဲ့ Approchကို သွားတွေ့တယ်။ ဟုတ်ပါတယ်။ မိမိ ဘဝရဲ့၊ မိမိလုပ်ငန်းရဲ့၊ မိမိတို့ Organizationရဲ့ Goal/ Objectiveတွေဟာ SMART ဖြစ်ဖို့လိုပါတယ်။ SMART ဆိုတာ ဘာတွေလဲ။ လူတိုင်းရဲ့ ပါးစပ်ဖျားမှာတော့ ဒီလူဟာ SMART ရှိလိုက်တာ။ ဘယ်လို ကြည့်ကြည့် စမတ်ကျတယ်လို့ သုံးနှုန်းဖူး ကြမယ် ထင်ပါတယ်နော်။ ဒီတော့ SMARTရဲ့ အဓိပ္ပာယ်လေးကိုတော့ ဒီလိုဆိုရင်ကော
S – Specific တိကျ သေချာမှုရှိတဲ့ ရည်မှန်းချက်၊ Goal ဖြစ်ရမယ်။
M – Measurable ဖြစ်ထွန်းမှုကို တိုင်းတာနိုင်ရမယ်။
A – Achievable ဖြစ်နိုင်၊ လုပ်နိုင်၊ ရနိုင်တဲ့ Goal ဖြစ်ရမယ်။
R – Relevant လက်ရှိ အခြေအနေ အရပ်ရပ်နဲ့ ဆီလျော်နေရမယ်။
T – Time-bound အချိန်ကာလတစ်ခု ထားရပါမယ်။
ဒါဆိုရင်တော့ တကယ့် SMART ရှိတယ်၊ ကျတယ်လို့ ခံယူလို့ရပြီ ထင်ပါ တယ်နော်။ ဒီတော့ ဖြစ်ချင်တာတွေ ဖြစ်ခွင့် ရရင် သင်ကော ဘာလုပ်မလဲဆိုတာ မေးကြည့်ချင်ပါတယ်။ ကဲ နောက်တစ်ခု ဆက်သွားရအောင်။

LEADERSHIP

ခေါင်းဆောင်မှု အတတ်ပညာ ဆိုသည်မှာ ရည်မှန်းချက် ပန်းတိုင်ရှိပြီး နောက်တွင် လိုက်ပါသော အဖွဲ့အစည်းအား ပန်းတိုင်သို့ အတူတကွ ရောက်ရှိအောင် ညင်သာစွာ ကိုင်တွယ် ထိန်းချုပ်ခြင်း ဖြစ်သဖြင့် မွေးရာပါ အများပြည်သူ ယုံကြည်အားကိုးမှု ရရှိထားသော သူလို့ ပြောနိုင်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦးဆိုလည်း မမှားပါဘူး။ ကိုယ်ပိုင် အရည်အချင်းကြောင့် အများပြည်သူ အားကိုးချင်လာသူ ဖြစ်တဲ့အပြင် ယုံကြည် ကိုးကွယ်ရာကြောင့် အများ လေးစား လက်ခံနိုင်သူလို့ ဆိုနိုင်ပါသည်။ ဖြစ်သလိုလုပ်ပြီး လုပ်သလို ဖြစ်သူတို့သာ အောင်မြင်စွာ ဆောင်ရွက်နိုင်ပေမည်။ ခေါင်းဆောင်မှု ဆိုသည့်အတိုင်း ကိုယ်တိုင် ပါ၀င် ရှေ့ဆောင် လုပ်ဆောင်မှု ပြည့်၀ဖို့တော့ လိုပေလိမ့်မည်။ အားလုံး သိကျတဲ့အတိုင်းပါပဲ ကျွန်မတို့ရဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ ဆိုရင်ဖြင့် Leadershipလို့ ခေါ်တဲ့ ခေါင်းဆောင်မှု အပိုင်းမှာ စိတ်ရော၊ ကိုယ်ရော ရှေ့ဆောင်နိုင်တဲ့ ခေါင်းဆောင်မှုဆိုတာ ဒါပါလားလို့ ပြသနိုင်တဲ့ တကယ့် ဦးဆောင်ရေး ပိုင်းမှာ အရည်အချင်းပြည့်၀ပြီး နောင်လာနောင်သားတွေ အတုယူလေးစား လိုက်နာသင့်ပါသည်။ Leadershipဟာ Management ထက်ပိုပြီး နက်နဲပါတယ်။ အဲ Leadershipကို မသွားခင် Leader ဆိုတာကို သိဖို့လိုပါတယ်။ Leader ဆိုတာ အလွယ်ပြောရရင် ခေါင်းဆောင်ပေါ့။ ခေါင်းဆောင်ဆိုတာ

Processတစ်ခု Goal တစ်ခုကို ဦးတည်ရာမှာ ဦးဆောင် ဦးရွက်ပြုတဲ့သူကို ခေါ်တာပါ။
အသင်းအဖွဲ့များနှင့် ဆောင်ရွက်တတ်မှု အဓိကထားပြီး ခေါင်းဆောင်မှုစွမ်းရည် (Leadership Skills)ကို ရရှိစေဖို့အတွက် အချို့သော အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ၀န်ထမ်းတွေကို Experiential Programs ဆိုတဲ့ အစီအစဉ်တွေ ပြုလုပ်ဆောင်ရွက် သင်တန်း ပေးတာတွေလည်း ရှိပါတယ်။
ခေါင်းဆောင်နဲ့ မန်နေဂျာတွေမှာ ရှိသင့်တဲ့ အရည်အသွေးတွေနဲ့ ကွာခြားပုံကို ဆက်ရအောင်။ ပထမပြောချင်တာက Manager ဆိုတာပါ။ Manager ဆိုတာ ရာထူးတစ်ခု သက်သက်ပါ။ Organizationက ပေးအပ်ထားတဲ့ ရာထူး၊ အာဏာ၊ ပါဝါ ဆိုတာပဲ ရှိပါတယ်။ သူ့မှာ လူတွေကို ခိုင်းနိုင်၊ အပြစ်ပေးနိုင်၊ ဆုပေးနိုင်တဲ့ အာဏာရှိသူသက်သက်ပါ။ ရှင်းရှင်းပြောရရင် Manager ဆိုတာ Organizational Goal တစ်ခုရဖို့ ဦးနှောက်ချည်း သက်သက်နဲ့ အလုပ်စေခိုင်းပါတယ်။ မရရင် အပြစ်ပေးမယ်။ ရရင်ဆုချမယ်။ ပြီးရင် မရရအောင် စေခိုင်းပါတယ်။ Reportတွေကို ကြည့်မယ်။ ဒါထက် မပိုပါဘူး။ အဲလိုလူများကိုလည်း မြင်ဖူးကြမယ် ထင်ပါတယ်။ သူ့လက်အောက် ငယ်သားတွေက သူ့ကို အရာရှိဖြစ်လို့သာ နေတာပါ။ သူသာပြုတ်ကြည့် လှည့်တောင် မကြည့်တော့ပါ။ ဒါမန်နေဂျာရဲ့ သဘောပါပဲ။ Leader ကျတော့ ဒီလို မဟုတ်ဘူး။ အလုပ်တစ်ခုကို ပြီးဖို့ ဦးနှောက်တင်မကဘဲ နှလုံးသားနဲ့ပါ ပေါင်းကာ ကိုယ်ရောစိတ်ပါ လုပ်တဲ့ သူတွေပါ။ သူ့ရဲ့ငယ်သားတွေကို ဆူပူတာမျိုး သိပ်မရှိပဲ ရင်ဝယ်သားလို အုပ်ချုပ်တတ်တယ်။ တစ်ဦးချင်းရဲ့ Abilityကို သာမကပဲ စိတ်သဘောထား၊ လက်ရှိ အခြေအနေ စတဲ့ အချက်တွေကိုပါ ကြည့်ပြီး တာဝန်ပေးတာ မဟုတ်ဘဲ တာဝန်ယူ စေတဲ့ သူတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်း လည်ပတ်မှုကောင်းအောင် Motivateလဲ လုပ်တယ်။ လက်ရှိ အခြေအနေပေါ် မူတည်ပြီး Flaxible ဖြစ်အောင် အလုပ်လုပ်ပါတယ်။ လုပ်ငန်းခွင်မှာ Conflitတွေ မရှိစေဘဲ Team Work Spiritကို ရှင်သန်စေပါတယ်။ အဲဒါ Leader ပါပဲ။ ဒီလိုလူမျိုးဟာ Manager ဖြစ်ချင်မှ ဖြစ်မယ်။ လုပ်ငန်းထဲက လူတွေက ပုဂိ္ဂုလ်ရေးအရကို လေးစားချစ်ခင်ကြတယ်။ ဘယ်နေရာမှာ တွေ့တွေ့ မောင်နှမတွေလို ကိုယ့်ရဲ့ ရဲဘော်ရဲဘက် သဘောမျိုး လေးစားခံရသူတွေပါ။ အဲ အဲဒီ ၂မျိုး အပြင် နှလုံးသားလည်း မရှိ၊ ခေါင်းလည်း မပါတဲ့ ဦးဆောင်မှုလည်း ရှိသေးတယ်။ အရည်အချင်း မရှိတဲ့ ဦးဆောင်မှုပေါ့။ Administrationလို့ ခေါ်တဲ့ တသွေးတသံ တမိန့် ဆိုတဲ့ ပုံစံမျိုးပေါ့။ ကဲ ဒီတော့ သင်ကော ဘာဖြစ်ချင်လဲ မေးကြည့်မယ်ဆိုရင် Leader ဖြစ်ချင်တယ်ပဲ ပြောမှာမလား။

ဒီတော့ ဆက်လက် ပြောချင်တာ ကတော့ A Good Leader is A Good Follower ဆိုတာပါပဲ။ ဆိုလိုတာက ခေါင်းဆောင်ကောင်းဟာ နောက်က နေခဲ့ရရင်လည်း နောက်လိုက်ကောင်း ဖြစ်ရပါမယ်။ Managerဟာ လုပ်တာတွေကို မှန်စေပြီး Leaderဟာ မှန်တာတွေကို လုပ်စေသူပါ။ လူတစ်ယောက်ဟာ Managerလည်းဖြစ်၊ Leaderလည်း ဖြစ်ခဲ့ရင်တော့ အကောင်းဆုံးလို့ ပြောရမှာပေါ့နော်။
MANAGEMENTသည် လုပ်ငန်း အောင်မြင်မှုကို အဓိက ထားပြီး LEADERSHIPသည် ပန်းတိုင်သို့ အတူတကွ ရောက်ရှိမှုကို အဓိက ထားသည်။ MANAGEMENTသည် ၀န်ထမ်း စိတ်ဓာတ်၊ ကာယ ထိခိုက်မှုထက် လုပ်ငန်း သတ်မှတ်ချိန်အတွင်း ပြီးစီးမှုက အဓိက ကျသည်။ LEADERSHIPသည် ပန်းတိုင်ရောက်အောင် ချီတက်ရာတွင် ပါလာသော အင်အားစုအား စိတ်ဓာတ်နှင့် ကာယ ပင်ပန်းနွမ်းနယ်မှု အနည်းဆုံးနှင့် ပန်းတိုင် ရောက်ရှိပြီးဆုံးရန် အဓိကကျသည်။ ဒီတော့ ဘယ်အရာတွေက ဘာတွေ ဖြစ်မလဲ။ ဘယ်လို အရေးကြီးပြီး ဘယ်အပိုင်းတွေ အဓိက ကျသလဲ ဆိုတာ လေ့လာ ဆန်းစစ်နိုင်ဖို့ သိမှတ်ထားသမျှ ပြန်လည် တင်ပြလိုက်ရခြင်းပင် ဖြစ်ပါသည်။ လူသားအားလုံး Manage လုပ်နိုင်ပြီး Leader ကောင်း တစ်ယောက် ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြု ရေးသား လိုက်ရပါတော့သည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *