Health, Opinion

ဗျို့ အာစရိ၊ အာစရိ

ရန်ကုန်မြို့လယ်ခေါင် မဂိုလမ်း (ယခုအခေါ် ရွေှဘုံသာလမ်း) တစ်လျှောက် စုန်ဆန် လမ်းလျှောက်နေသော ဒေါက်တာ ပီတိတစ်ယောက် နောက်မှ ခေါ်သံကို ကြားရသော်လည်း ဤရွေှမြို့တော်မှာ ရန်ကုန် မိမိအား ထိုသို့ လှမ်းခေါ်မည့်သူ ရှိလိမ့်မည်ဟု မထင်မိခဲ့သဖြင့် လှည့်မကြည့်မိခဲ့။ “ဗျို့ ဆရာ၊ ဆရာ ပီတိ” “ခဏလေး နေပါဦး ဆရာ ပီတိ” ကြားမှ ခြေလှမ်းများကို ရပ်တန့်ပြီး အသံလာရာသို့ လှမ်းကြည့်မိပြီး ဖြူ၊ နီ၊ ပြာ၊ ဝါ ရောင်စုံ လူအများကြားကို တိုးဝှေ့၍ မိမိဆီ ဦးတည် ပြေးလာသူကား စာရေးသူ တာဝန်ကျဖူးခဲ့ရ . . . မြို့လေးမှ “ကိုရွေှတိုး”တည်း။
“အမယ်လေး ဆရာရယ်၊ ဆရာ လမ်းလျှောက်တာလည်း မြန်တာ၊ ကျွန်တော် လမ်းထိပ်ကတည်းက တွေ့လို့ လိုက်လာတာ အော်ခေါ်တာလည်း ဆရာက လှည့်မကြည့်ဘူး”
“သြော် ဟုတ်လားဗျာ၊ Sorryပဲ ကိုရွေှတိုးရယ်၊ ဒါနဲ့ ရန်ကုန် လာတာလား”
“ဟုတ်ပါ့ ဆရာရယ်၊ သမီးတွေပေါ့၊ သင်္ကြန် ပိတ်ရက်မှာသာ သွားလည်ချင် တယ်ဆိုလို့” အံ့သြမိသည်။ ကိုရွေှတိုး စကားအတိုင်း ချောင်းသာ သွားရန် ရန်ကုန်သို့ ဘာပစ္စည်းများ တက်ဝယ်ရန် လိုအံ့၊
“ဆရာ အချိန်ရရင် လက်ဖက်ရည် သောက်ရင်း စကားပြောရအောင်၊ ဆရာ့ကို တွေ့ရတာ သိကြားမင်းကို တွေ့ရသလိုပဲ။ မေးချင်တာတွေ ရှိနေတာန့ဲ ဟန်ကျတာပဲ”
“ဘုရား၊ ဘုရား သင်္ကြန်ကျခါနီး ငါ့ကို သိကြားမင်းနဲ့ နှိုင်းနေတယ်။ တော်ကြာ သိကြားမင်း ကြားသွားလို့ စိတ်ဆိုးပြီး ဝရဇိန် လက်နက်နဲ့ ငါ့ကို ရွယ်လိုက်မှဖြင့် …” စိတ်ထဲမှ တွေးရင်း ပြုံးမိသည်။ “အိုကေလေ”
“ဝမ်းတီးဟေ့ ပုံမှန်၊ နက်စ်ရှယ်နဲ့ တွဲမယ်”
“ဒီလိုပါ ဆရာရယ်၊ အစိုးရနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ယခု ဧပြီလမှာ ခရမ်းလွန်ရောင်ခြည် သင့်နိုင်လို့ နံနက် (၁၀)နာရီကနေ ညနေ (၄)နာရီအထိ အပြင် မထွက်သင့်ဘူး ကြေညာထားတယ် မဟုတ်လား”
“သမီးတို့က အဲဒီလို တားမြစ်ထားတယ်၊ ဒီနှစ်နွေ ပိတ်ရက် အိမ်မှာနေကြပါ၊ ဘယ်မှ မလည်ကြပါနဲ့ တားတာ ပြောလို့ မရဘူး”
“ခရမ်းလွန် ရောင်ခြည်ဆိုတာ ကာကွယ် လို့ရတယ်၊ Creamလိမ်း၊ မျက်မှန် တပ်ရင် နေရာင်ခြည် မသင့်ဘူး၊ ရန်ကုန်တက်ပြီး ဖေကြီး နေကာမျက်မှန်နဲ့ အလှဆီ Cream မေးစမ်းပြီး ဝယ်ခဲ့ဆိုလို့ ဆရာရယ်”
“သြော် ဟုတ်ပြီ၊ အခု ဝယ်ပြီးပြီလား”
“မရသေးပါဘူး ဆရာရယ်၊ ဒီလမ်းကို လျှောက်နေတာ (၃)ခေါက်ရှိပြီ၊ ပေါတဲ့ မျက်မှန်က ၁၀၀၀တန်လောက် ရပြီး ဈေးကြီးတာကလည်း သိန်းဂဏန်းတွေ ဘာဝယ်ရမလဲ မသိလို့”
“ဆရာ အဲဒီ ခရမ်းလွန်ရောင်ခြည်နဲ့ ကျန်းမာရေး ဘယ်လို ထိခိုက်တယ် ဆိုတာလေး ပြောပြပါဦး”
သူပြောမှ မိမိကိုယ်ကို သတိထား မိသည်။ မြို့လယ်ခေါင် နေပူကြီးထဲ ဦးထုပ် မပါ၊ ထီးမပါ အကျႌလက်တိုနှင့် အစုန် အဆန် သွားနေမိတကော။ ချောင်းသာ ရောက်မှ ခရမ်းလွန်ရောင်ခြည် သင့် နိုင်သည် မဟုတ်၊ သင်္ကြန်ရောက်မှ သင့်သည် မဟုတ်၊ ယခုလည်း ရောင်ခြည် သင့်နေလေပြီ။
“ဒီလိုဗျ ကိုရွေှတိုးရဲ့၊ ခရမ်းလွန် ရောင်ခြည်ဆိုတာ Ultra – Vid (UV Rays)ဆိုတာကို ဘာသာပြန်ထားတာ၊ နေရောင်ခြည် ကနေ ထွက်လာတဲ့ စွမ်းအင် တွေထဲမှာ Wavelength ခေါ်တဲ့ လှိုင်းအလျား မျိုးစုံနဲ့ ရောင်ခြည်တွေ ပါတယ်။ ကျွန်တော်တို့ အလင်းရောင်အဖြစ်၊ နေရောင် အဖြစ် မြင်တွေ့နိုင်တဲ့ လှိုင်းအလျားအောက် ငယ်ရွယ်တဲ့ လှိုင်းတွေ၊ ရောင်ခြည်တွေလည်း ရှိတယ်” “ရှိတော့ ရှိတယ်၊ မမြင်ရတာပေါ့နော် ဆရာ”
“ဟုတ်တယ် လူ့မျက်စိက ရောင်ခြည်အဖြစ်၊ အလင်းအဖြစ် မမြင်နိုင် ပေမယ့် ရှိနေတဲ့ အဲဒီရောင်ခြည်က လူကို ဒုက္ခ ပေးတတ်တယ်”
“အဲဒီရောင်ခြည်က ဘာလို့ ဒီနှစ်မှ မြန်မာပြည်ကို ရောက်လာရတာလဲ၊ အရင်က ဘယ်ရောက်နေလို့လဲ”
“အရင်ကလည်း ရှိပါတယ်၊ ဒါပေမယ့် ကမ္ဘာပတ်လမ်းကြောင်း၊ နေလည်ပတ်မှု လမ်းကြောင်းနဲ့ အိုဇုန်းလွှာ ပါးလာမှုတွေ အကြောင်း တိုက်ဆိုင်ပြီး ဒီနှစ် နွေရာသီမှာ အာရှဘက် ဦးတည်လာလို့ပေါ့”
“ဟုတ်တယ်နော် ဆရာ၊ အနောက် နိုင်ငံက လူတွေဆိုရင် နေရောင်ခြည်ဒဏ် ခံချင်လွန်းလို့ ကမ်းခြေမှ ဝတ်လစ်စလစ် တွေနဲ့တောင် နေကြတာ တီဗီထဲတွေ၊ စာစောင်ထဲတွေမှာ မြင်ဖူးတယ်”
“အင်း၊ ဒါလည်း ကမ္ဘာ့အရေပြား ကျန်းမာရေး အဖွဲ့ကြီးက သုတေသန ပြုထားတွေ ရှိတယ်။ ပုံမှန်အားဖြင့် အသားဖြူတဲ့ သူတွေမှာ အသား ညိုမည်း သူတွေလို နေရောင်ခြည်ဒဏ်ကို ခံနိုင်ရည် ရှိစေတဲ့ Melanin မယ်လနင်ဓာတ် လျော့နည်းကျလို့ သူတို့က နေရောင်ခြည် ခံရင် ဒီဓာတ် များလာမှာပဲလို့ အယူအဆ လွဲနေကြတယ်လို့ ဖော်ပြထားတာ ဖတ်ဖူးတယ်”
“အဲဒီ UV Rays ခရမ်းလွန်ရောင်ခြည်က ခဏတာ ထိတာလား၊ ကြာရှည် ထိတာလား အပေါ် မူတည်ပြီး တစ်မျိုးစီ ဒုက္ခ ပေးနိုင်တယ်။ ခဏတာ ထိသူတွေဆိုရင် Sun Burn (နေလောင်) တာတွေလောက်ပဲ ဖြစ်ကြတယ်။ “အလင်းအဖြစ် မတွေ့ရ ပေမယ့် အပူအဖြစ်နဲ့တော့ အလောင် ခံရတယ်”
“အဲ.. ရေရှည် ထိတွေ့သူတွေကျတော့ အရေပြား ဆဲလ်တွေရဲ့ အသက်ဌာနချုပ် ဖြစ်တဲ့ Nucleus ထဲက မျိုးရိုးဇာတိ ထိန်းချုပ်မှုရဲ့ အထွက်အထိပ် ဖြစ်တဲ့ DNA တွေကို ကမောက်ကမတွေ ဖြစ်စေတယ်၊ အရည်အချင်း မမီတာတွေ ဖြစ်တော့ နောက်ဆုံး အရေပြား ကင်ဆာဘဝကို ရောက်ရတာပဲ”
“ဟုတ်လား ဆရာ၊ ကြောက်စရာကြီး”
ဒါကြောင့်မို့ နေရောင်ခြည် မသင့်အောင် အပူရှိန်ပြင်းတဲ့ နေ့လည်ဘက်ကို အပြင် မထွက်စေချင်တာ၊ ထွက်ရင်လည်း ထီး၊ ဦးထုပ်ဆောင်း၊ အကျႌလက်ရှည်၊ လုံခြည်၊ ဘောင်းဘီ၊ လုံခြုံအောင် ဝတ်၊ နေကာ မျက်မှန် တပ်”
“နေကာ မျက်မှန်ကလည်း ၁၀၀၀တန် လောက်နဲ့တော့ မရဘူး”
“UV-Aနဲ့ B နှစ်မျိုးလုံး ကာကွယ်နိုင်တဲ့ အဆင့်အတန်း ရှိရုံလောက်တော့ ဝယ်သင့်တယ်”
“အခုတော့ မြို့ထဲက ဆိုင်မှန်သမျှက တွေ့သမျှ မှန်တိုင်းကို UV ကာကွယ်တယ် ပြောရောင်းနေကြတာပဲ”
“အဲဒါတော့ ဆရာလည်း မပြော တတ်ဘူး၊ နာမည်ရှိတဲ့ အမျိုးအစား တွေကတော့ မှန်မယ် ထင်ပါရဲ့”
“နေရောင်ဒဏ် ကာကွယ်ဖို့ လိမ်းဆေး ဆီကရော”
“ဒါကတော့ အလှကုန်ဆိုင်တွေ၊ Supermarketတွေမှာ မေးကြပေါ့”
“UV ကာကွယ်တဲ့ Sunscreenခေါ်တဲ့ Creamတွေ ရှိတယ်”
“သူကလည်း တစ်ခါလိမ်းရုံနဲ့ တစ်နေကုန် ကာကွယ်တာ မဟုတ်ဘူး”
“သတ်မှတ်ထားတဲ့ အတိုင်း အကြိမ်ကြိမ် လိမ်းရတာ”
“မလွယ်ပါလား ဆရာရယ်၊ သမီး မွေးထား မိတော့လည်း”
“တောမှာကမှ သစ်ရိပ်၊ ဝါးရိပ်တွေ ရှိတော့ တော်သေးတယ်၊ ရန်ကုန်များ ပူလိုက်တာ မပြောနဲ့ ဆရာရယ်”
“ဟုတ်တယ်ဗျာ၊ အခုလို ဒီမိုကရေစီ ခေတ်ကြီးမှာ အစိုးရနဲ့ ယာဉ်ထိန်းအဖွဲ့ တွေက VIP ကားတွေကိုပဲ မှန်အနက် ကပ်ခွင့်ပေးပြီး သာမန်လူတွေက ကပ်ရင် ဖမ်းဆီးတာ မလုပ်စေချင်ဘူး။ အားလုံး လူတွေပဲလေ၊ UVရဲ့ အန္တရာယ် ရှောင်နိုင်သမျှ ရှောင်နိုင်ရမှာပေါ့”
အပြန်လမ်းတွင် စီးသော Taxi ဆရာမှ ညည်းသည်။ သူပြောတာ မှန်ပါသည်။ ပြည့်သူ့အကျိုး ထမ်းဆောင်နေသော တိုင်းပြည် လူကြီးမင်းများ ၎င်းတို့၏ အသက်အန္တရာယ် လုံခြုံရေးအတွက် သာမန်ပြည်သူတွေကို UVဒဏ် ခံခိုင်းမည်လော။ စဉ်းစားကြည့်ပါ ကိုရွေှသင်္ကြန်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *