Opinion

– ဘယ်သူပြိုင်ပြိုင် လှနိုင်ပါပြီ –

၁၊ ၄၊ ၂၀၁၃ ရက်နေ့ထုတ် The Voice နေ့စဉ် သတင်းစာမှာ မြန်မာနိုင်ငံ စာတတ်မြောက်ရေး လှုပ်ရှားမှု “အ”သုံးလုံး စီမံချက်ကို ဧပြီလ ၁ရက်နေ့မှ စတင်ပြီး မြို့နယ် ကိုးခုမှာ ဆောင်ရွက်သွားရန် ရှိကြောင်း သတင်းတစ်ပုဒ် ပါလာပါတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူနှင့် ဒေသခံ လုပ်အားပေးဆရာ၊ ဆရာမပေါင်း ခြောက်ထောင်ကျော် ပါဝင်ပြီး လမ်းစရိတ်၊ စားစရိတ်တို့ကို ပညာရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးမည့်အပြင် သင်ကြားသူများအတွက်လည်း ပြဋ္ဌာန်း စာအုပ်များနဲ့ ဗလာစာအုပ်များ ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။ ဒီ “အ”သုံးလုံး လုပ်အား ပေးမှုဟာ မေလ ၁၅ရက်နေ့အထိ ဖြစ်တယ်လို့ သိရပါတယ်။

ဒီ “အ”သုံးလုံး လုပ်အားပေး သတင်းကို တွေ့လိုက်တော့ ကိုဘအေးတို့ ကျောင်းသားဘဝ လုပ်အားပေး ထွက်ခဲ့ရတာကို သွားပြီး အမှတ်ရမိပါတယ်။ ပုသိမ်ကောလိပ် မြန်မာစာ ဒုတိယနှစ် တက်နေတုန်းကပေါ့။ ၁၉၆၉ခုနှစ် ကာလ ဖြစ်ပါတယ်။ အဲဒီတုန်းက ပုသိမ်ကောလိပ်က ဒုတိယနှစ်အထိပဲ ရှိတော့ ဥပစာကောလိပ်လို့ ဆိုရပါမယ်။ ကိုဘအေး တတိယနှစ် အရောက်မှာ ကျောင်းကလည်း တတိယနှစ်အထိ ဖြစ်သွားပါတယ်။ ရန်ကုန်တက္ကသိုလ် တက်ချင်တဲ့ ကျောင်းသားတွေကတော့ (ကိုဘအေးတို့ သူငယ်ချင်းတချို့လည်း ပါတယ်) Tarsfer လုပ်ပြီး၊ ကျောင်း ပြောင်းသွားကြပါတယ်။

ဒါပေမယ့် အဲဒီတုန်းက ပြောင်းသွားတဲ့ ကျောင်းသားတွေက အဆောင် မရဘူးလို့ ပြောပါတယ်။ ကိုဘအေးလည်း မြကျွန်းညိုညိုမှာ ကွန်းခိုချင်ပေမယ့် သစ်ပုပ်ပင်ကြီး အောက်မှာ နှစ်ယောက်သား စကားတွေ ဖောင်ဖွဲ့ချင်ပေမယ့် အပြင်ဆောင်မှာ နေနိုင်တဲ့ အင်အားမရှိလို့ တတိယနှစ်ကို ပုသိမ်ကောလိပ်မှာပဲ ဆက်တက်ခဲ့ရပါတယ်။ ကိုဘအေး Final Year စတုတ္ထနှစ် အရောက်မှာ လေးနှစ် တက်ရတဲ့ ပုသိမ်ဒီဂရီကောလိပ် ဖြစ်သွားပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပရဝဏ်မှာ ကိုဘအေး ခိုလှုံခွင့် မရခဲ့တော့ပါ။ ဦးချစ်ဆိုင်တို့၊ ဂျပ်ဆင်ဟောတို့၊ အင်ယားကန်စပ်က ဘူးသီးကြော်ဆိုင်တို့ ဆိုတာ ရာထူးဝင် စာမေးပွဲတွေ ဖြေတဲ့ အချိန်မှာမှ သူငယ်ချင်းတွေနဲ့ လျှောက်သွားလို့ ရောက်ဖူးခဲ့ပါတယ်။ ထားပါတော့ “အ”သုံးလုံး အကြောင်းပဲ ပြန်ဆက်ရအောင်။

၁၉၆၉ခုနှစ်၊ ဒုတိယနှစ် နွေရာသီ ကျောင်းပိတ်ရက်မှာ ကိုဘအေးတို့ ပုသိမ်ကောလိပ်အုပ်စု “အ”သုံးလုံး လုပ်အားပေးအဖွဲ့က မန္တလေးတိုင်း၊ မြစ်သားမြို့နယ်ကို သွားရပါတယ်။ ကိုဘအေးနဲ့ သူငယ်ချင်း တစ်ယောက်က (ခိုင်တော့ပါတယ်၊ နာမည် အပြည့် အစုံတော့ မမှတ်မိတော့ဘူး) အဲဒီမြို့နယ်ထဲက “ဒိုင်း”ကိုင်တဲ့ သူတွေနေခဲ့တဲ့ ရွာလို့ ပြောပါတယ်) ပန်းလောင်မြစ်ကမ်းဘေးမှာ ရှိပါတယ်။ (အမှန်က ချောင်းသာသာပဲ ရှိပါတယ်။ “မမြင်ဖူး မူးမြစ်ထင်”ဆိုတဲ့ စကားရှိတယ် မဟုတ်လား၊ အဲဒီအတိုင်းပါပဲ)။ ကင်းတားသည် ရေလွှတ်မှ ချောင်းထဲမှာ ရေရှိပါတယ်။ ဆည်က ရေလွှတ်မှ လူတွေရော နွားတွေရော ရေတစ်ဝကြီး ချိုးကြရ၊ သုံးကြရပါတယ်။ ကျန်တဲ့ အချိန်မှာတော့ သောက်ရေအတွက် လက်ယက်တွင်းလေးတွေကနေ ခပ်ရတဲ့ အခြေအနေပါ။

ကိုဘအေးတို့တွေ မြစ်သားရောက်တော့ ခွဲတမ်းကျတဲ့ ရွာတွေကို သွားဖို့ သက်ဆိုင်ရာ ကျေးရွာအုပ်စုက တာဝန်ရှိသူတွေ လာကြိုကြပါတယ်။ လုပ်အားပေးရမယ့် ရွာကိုတော့ အဲဒီ ကျေးရွာအုပ်စု ရွာကြီးကနေ ၂မိုင်လောက် လမ်းလျှောက်ရပြီး ရဲတပ်ဖွဲ့ဝင် နှစ်ယောက်က လိုက်ပို့ ပါတယ်။ ရွာမှာတော့ ရွာက မူလတန်းကျောင်း ဆရာတစ်ယောက်နေတ့ဲ အိမ်မှာနေရာချထားပေးပါတယ်။ သူလည်း ရွာခံတော့ မဟုတ်ဘူး။ ဆရာ လာလုပ်တာ ၃နှစ်လောက်ရှိပြီလို့ ပြောပါတယ်။ ကိုဘအေးတို့ စားရေး သောက်ရေးအတွက်တော့ တစ်အိမ်ကို ထမင်းတစ်နပ် အလှည့်ကျ ကျေွးပါတယ်။ တချို့အိမ်တွေက မနက်၊ ည နှစ်နပ် ကျေွးပါတယ်။ ရွာက ခေါင်ပြီး ရှားပါးတဲ့ ဒေသဖြစ်လို့ အထူးတလည်တော့ တည်ခင်း မနေနိုင်ပါ။ သူတို့စားသလိုပဲ စားရတာပါ။ တစ်ခါတလေ တောဝက်ရရင် ဝက်သား စားရပါတယ်။ ဂျီသားတို့၊ ယုန်သားတို့လည်း တစ်ခါတလေ စားရပါတယ်။ အဲဒီကျမှ ပဒတ်ဆိုတာကို စားဖူးတာပဲ။ တောက်တဲ့လို အကောင်မျိုးလို့ ပြောရမလား။ ဒီကောင့်ကို မီးကင်ပြီး အရေဆုတ် နုပ်နုပ်စင်းပြီး ကြက်သွန်နဲ့ ကြော်ထားတာပါ။ ကိုဘအေးတို့လည်း မစားဝံ့၊ စားဝံ့နဲ့ ဗိုက်ထဲတော့ ဝင်သွားပါတယ်။ ဒီအချိန်မှာ ပုတ်သင်ညို ကြော်ကျေွးလည်း စားရမှာပါ။ တစ်ခါတော့ ရွာက ကလေးတွေ သစ်ပင် တစ်ပင်ရဲ့ ခြေရင်က တွင်းထဲမှာနေတဲ့ ဖွတ်ကြီးတစ်ကောင်ကို လေးခွတွေနဲ့ ဝိုင်းပစ်နေတာ တွေ့လိုက်ရတယ်။ ဖွတ်သားတော့ မစားခဲ့ရပါဘူး။

ကိုဘအေးတို့ ရေချိုးတော့ ချောင်းထဲ သွားချိုးရပါတယ်။ သောက်ရေ ကိုတော့ ကလေးမလေးတွေက လက်ယက်တွင်း တွေကနေ ခပ်ပေးပါတယ်။ ပြဿနာ တစ်ခုက အိမ်သာပါ။ တစ်ရွာလုံးမှာ အိမ်သာက သုံးလုံးပဲ ရှိပါတယ်။ ကျေးရွာ ရာအိမ်မှုးအိမ်ရယ်၊ မြေယာကော်မတီ ဥက္ကဋ္ဌအိမ်ရယ်၊ မူလတန်းကျောင်းရယ်မှာပဲ ရှိပါတယ်။ ကိုဘအေးတို့က ကျောင်း အိမ်သာကိုပဲ သုံးပါတယ်။ မူလတန်း ကျောင်းလေးက ရွာအစွန်မှာပါ။ တည်းတဲ့ အိမ်နဲ့က နည်းနည်း လှမ်းပါတယ်။ သွားရမယ့် အိမ်သာရှိတာပဲ ကျေးဇူးတင်ရပါမယ်။ နို့မဟုတ်ရင် သူတို့လိုတော့ မထိုင်တတ်တော့ အခက် တွေ့ရမှာပါ။

စာသင်ချိန်ကို Time Table ဆွဲလိုက်တော့ ကိုဘအေးတို့ သူငယ်ချင်း နှစ်ယောက်က အမျိုးသမီးတွေ (ဆယ်ကျော်သက် အရွယ်ကနေ အဒေါ်ကြီးတွေ အထိပါတယ်)ကို နေ့ဘက်မှာ သင်ရမှာ ဖြစ်ပြီး ရွာက မူလတန်းဆရာနဲ့ မြို့ပေါ်က ဆရာလေး တစ်ယောက်က အမျိုးသားတွေကို ညဘက်မှာ သင်ရပါတယ်။ ကျောင်းဘေးမှာ သရက်တောရှိတော့ သရက်သီး သွားခူးနေကြလို့ စာသင်ခန်းထဲမှာ လူစုံဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ရပါတယ်။ ပြန်လာကြရင်တော့ ခူးလာတဲ့ သရက်သီးတွေကို ဆရာလေး သားပါဦး (စားပါဦး)လို့ ကျေွးပါတယ်။ (သူတို့တွေက “စ”နဲ့ “သ”ကို မကွဲပါ။ မျက်စိဆိုရင် မျက်သိလို့ ပြောပါတယ်) နောက်တော့ သူတို့ နားလည်အောင် ပြောရပါတယ်။ စာသင်ရတဲ့အချိန်က တိုတိုလေးပါ။ ရတဲ့အချိန်မှာ စာဖတ်တတ်အောင် ကြိုးကြိုးစားစား သင်ကြပါ။ စာသင်ချိန် ပြီးသွားမှ ကိုယ်လုပ်ချင်တာ လုပ်ကြပါလို့။ ကိုဘအေးကိုတော့ စာသင်သားတွေက ချစ်ကြပါတယ်။ ကိုဘအေးကတော့ ပြေပြေပြစ်ပြစ်နဲ့ နားဝင်အောင် ပြောလို့ပါ။ နေ့တိုင်း ကိုဘအေး စားပွဲပေါ်မှာ ပဲခြမ်းကြော်ဖြစ်ဖြစ်၊ ကုလားပဲကြော် ဖြစ်ဖြစ် ပဲကြော်သုတ်လေး တစ်ပွဲ အမြဲထားပေးပါတယ်။ ဟိုဘက်ခန်းက သူငယ်ချင်းကိုတော့ ကြောက်စရာကြီးလို့ ပြောကြတယ်။ သူက တုတ်တစ်ချောင်း ကိုင်ထားပြီး ငေါက်ငမ်းတတ်လို့လေ။

သင်္ကြန်ပိတ်ရက်မှာတော့ ကိုဘအေးတို့ ပုသိမ်ကောလိပ်က လုပ်အားပေး အဖွဲ့တွေ မြစ်သားမြို့ပေါ်က ပြန်စုပြီးတော့ ပုဂံညောင်ဦး၊ ပုပ္ပါးကို ဘုရားဖူး ပို့ပေးပါတယ်။ သင်္ကြန်ပြီးတဲ့အခါ ကိုယ့်ရွာကိုယ် ပြန်ကြပြီး သင်တန်းတွေ ပြန်စကြပါတယ်။ လုပ်အားပေး စခန်း သိမ်းပွဲကိုတော့ ကျေးရွာအုပ်စု ရွာကြီး (ရွာနာမည် မေ့နေတယ်)မှာ အငြိမ့်တွေ ဘာတွေ သွင်းပြီးတော့ လုပ်ပေးပါတယ်။ ကိုဘအေးတို့ လုပ်အားပေးရွာကနေ လှည်းတွေနဲ့ သွားကြရပါတယ်။ လှည်းတွေ အပြိုင်မောင်းကြတာ တကယ့်ကို ပျော်စရာကြီးပါ။ ဖုန်တွေ တထောင်းထောင်းနဲ့ပေါ့။ စခန်းသိမ်းပြီးတော့ ကိုဘအေးတို့က မနှစ်က ပုသိမ်ကောလိပ်အနေနဲ့ အသုံးလုံး စမ်းသပ်နယ်မြေ လုပ်ခဲ့တဲ့ ပင်းတယမြို့နယ်ထဲက ပွေးလှရွာကို တစ်ဖွဲ့၊ တောင်ကြီးကို တစ်ဖွဲ့ ဆိုပြီး စရိတ်ထပ်ထည့် ပြီးသွားကြပါတယ်။ ကိုဘအေးက ပင်းတယအဖွဲ့နဲ့ လိုက်ပါတယ်။ နွေခေါင်ခေါင်တောင် အေးတုန်းမို့လို့ ရွာက တည်းအိမ်မှာ ဂွမ်းစောင်တွေတောင် ထားပေးပါတယ်။ မီးဖိုဘေးမှာ အိပ်ကြရပါတယ်။ တာတက်ပွဲ ဆိုတာနဲ့ ကြုံလို့ ကိုဘအေးတို့ ရှမ်းသိုင်း အကတွေ မကတတ်၊ ကတတ်နဲ့ ဝင်နွှဲလိုက်ကြပါသေးတယ်။ ရှမ်းဆန်စေးစေးကို အဲဒီကျမှ စားဖူးတာပဲ။

“အ”သုံးလုံး လုပ်အားပေးခဲ့ရတာဟာ ကိုဘအေးဘဝမှာ တကယ့်ကို တစ်သက်လုံး မမေ့နိုင်တဲ့ အမှတ်တရ တစ်ခုဖြစ်ပါတယ်။ ဆရာကြီး ဦးသုခ ရိုက်ကူးပြီးတော့ ဇော်ဝမ်း၊ ဝင်းလှိုင်၊ တင်တင်ညို၊ တင်တင်လှ၊ အံ့ကျော်၊ မေနွဲ့တို့ ခေါင်းဆောင် ပါဝင်ထားတဲ့ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်”ဆိုတဲ့ ရုပ်ရှင်ကားဟာ ကိုဘအေးတို့ “အ”သုံးလုံး လုပ်အားပေးဘဝကို ပြန်လည်ပြီး အမှတ်ထင်ထင် ဖြစ်စေခဲ့ပါတယ်။ ဒေါ်မေနွဲ့ကြီးရဲ့ အမှတ်ထင်ထင် ဖြစ်စေခဲ့ပါတယ်။ ဒေါ်မေနွ့ဲကြီးရဲ့ “ည၌ကာလသားလာ၏”ဆိုတဲ့ ဝါကျကို “ည၏ ကာလသားက နှိုက်လို့ ဖတ်ပြခဲ့တာကို ပရိသတ်တွေ သဘောခွေ့ကြရသလို အံ့ကျော်ရဲ့ တစ်ကောင်ကြွက် ထန်းတက် သမားကို ချစ်စရာအဖြစ် သရုပ်ဆောင်ကွက် တွေကိုလည်း သဘောကျ နှစ်ခြိုက် ခဲ့ကြရပါတယ်။

“ဝထကလသ”ဆိုတဲ့ စာအံသံလေးတွေ မကြားရတာနှစ် ၂၀ကျော်ရှိပြီဖြစ်လို့မို့ အခုလို စာတတ်မြောက်ရေး စီမံချက် “အ”သုံးလုံး လှုပ်ရှားမှုကို ပြန်ပြီး အသက်သွင်းကြတဲ့ တာဝန်ရှိသူတွေကိုရော၊ လုပ်အား ပေးကြတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသူ၊ ကျောင်းသားများကိုရော ဒီလုပ်အားပေးဟောင်းကြီး ကိုဘအေးက ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ထောပနာ ပွားလိုပြီး မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေး လှုပ်ရှားမှုကြီး ပြန်လည် အသက်ဝင်လာပြီဖြစ်လို့မို့ “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” မဟုတ်တော့ဘဲ “ဘယ်သူပြိုင်ပြိုင် လှနိုင်ပါပြီ”လို့ ကိုဘအေးတစ်ယောက် ဟစ်ကြေွးလိုက်ချင်ပါတယ်။ အရေး အဖတ် အတွက် ပညာ အမြဲပဲ ဒို့လေ့လာ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *