“ဆရာပီတိ ဆရာ တံခါးဖွင့်ပါဦး ဆရာ”
ညဥ့်နက်သန်းခေါင်ယံ အချိန်ဖြစ်သည်။ တိတ််ဆိတ်နေသော ပတ်ဝန်းကျင်၌ ခေါ်သံကို သဲကွဲစွာ ကြားရသည်။ ဆေးရုံ၌ (သို့မဟုတ်) အသိတစ်ဦးဦး အခက်အခဲရှိ၍ လာခေါ်ခြင်း ဖြစ်မည်။ ဆရာဝန်ဘဝက သူများ အိပ်ကောင်းသော အချိန်တွင်လည်း အိပ်ကောင်းခြင်း မအိပ်ရ။ ရောဂါဟူသည်ကား ညဘက်တွင် ဖောက်တက်ကြသည် မဟုတ်ပါလား။
“ကိုတင်မြင့်ကြီးပါလား၊ ဆိုပါဦး ဘယ်သူ ဘာဖြစ်လို့” စာရေးသူ တာဝန်ကျရာ မြို့ငယ်လေးမှ လျှပ်စစ် အင်ဂျင်နီယာ ဦးတင်မြင့် ဖြစ်သည်။ မိမိတို့ ဆေးရုံအတွက် လျှပ်စစ်နှင့် ပတ်သက်လာလျှင် လိုလေသေးမရှိ ကူညီတတ်သူဖြစ်၍ မိမိလည်း တာဝန် ကျေရမည်ဟု အသိဝင်လာသည်။ “ကျွန်တော့် မြေးလေးပါဆရာ တစ်နာရီ လောက်ကတည်းက တတ်မတတ် ချက်မတတ်် ငိုတာ ချော့လို့ကို မရဘူး၊ တစ်မိသားစုလုံးလည်း စိတ်ပူလို့ နေစရာ မရှိတော့ဘူး၊ အဲဒါကြောင့် အခု ဆေးရုံကို ခေါ်လာတာ”
“သြော် ဟုတ်ပါပြီ ကိုတင်မြင့်ရယ်၊ ဆေးရုံမှာ ကလေးရောက်နေပြီပဲ လိုတာ လုပ်ပေးကြပါလိမ့်မယ် စိတ်မပူပါနဲ့။
“မဟုတ်ဘူး ဆရာရဲ့ ပြောရမှာ အားတော့နာပါတယ် ဆရာ၊ ဒီနေ့ တာဝန်ကျတဲ့ ဆရာဝန်လေးနဲ့ ဆရာမလေးက စိတ်ပူစရာ မလိုဘူး၊ ဒီအတိုင်းပဲ ကောင်းသွားလိမ့်မယ်ပဲ ပြောပြီး ဘာမှ မလုပ်ပေးဘူး၊ ဆေးလေး တစ်လုံးတောင် ထိုးမပေးဘူး၊ ကျွန်တော်တို့က စိုးရိမ်လို့ သေချာ ကြည့်ပါဦး ဆရာလို့ ပြောတာတောင် မလှုပ်တလှုပ်နဲ့ ဒါ့ကြောင့် ကျွန်တော့လည်း စိတ်မရှည်တော့ဘူး၊ ဆရာကို လာပင့်တာ”
“ဒါနဲ့ ကလေး အသက်က”
“သုံးလပဲ ရှိပါသေးတယ် ဆရာ၊ ကျွန်တော့်ရဲ့ ရင်နှစ်သည်းချာ မြေးဦးရတနာလေးပေါ့၊ သူ့အမေရော၊ အဘွားပါ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြတယ်”
“ဟုတ်ကဲ့ပါ ကျွန်တော် အဝတ်အစား လေးလဲပြီး တစ်ခါတည်း လိုက်ခဲ့ပါ့မယ်”
“ကျေးဇူးပါ ဆရာ”
ဒီလိုအချိန် ဒီလို ပြဿနာ တက်သည်မှာ စာရေးသူတို့အဖို့တော့ မဆန်းပါ။ တစ်ကွေ့မဟုတ် တစ်ကွေ့ ကြုံတွေ့ရမြဲ။ ဆရာဝန်၏ ကိုင်တွယ်ပုံ ညံ့ဖျင်းလျှင် အတိုင်ခံ အတောခံကြရသည်။ စာသံပေသံဖြင့် စီကာပတ်ကုံး လုံးစေ့ ပတ်စေ့မကျန် ရှင်းပြရလျှင်လည်း စာရေးသူတို့ လူနာရှင်များက လက်မခံ ချင်ကြ။ ထို့ကြောင့် ဆရာဝန် အလုပ် လုပ်ရသည်မှာလည်း ဆေးကု တတ်ရုံနှင့် မပြီး။ “ဟိုကွေ့ကို ဟိုတက်နှင့် လှော်၍ ဒီကွေ့ရောက်လျှင် ဒီတက်နှင့် လှော်တတ်မှ” ရသည်။
“ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီ ခေတ်”ဟူ၍ ဒီမိုကရေစီ ဆိုသည်ကို “လိုချင်တာ တောင်းနိုင်သော၊ အော်နိုင် ဟစ်နိုင်သော” လက်ကိုင်တုတ်သဖွယ် အသုံးပြုနေသော ယနေ့ခေတ် ပြည်သူ များကြောင့် တစ်ဖက်သတ် ပြဿနာများ ကြီးထွားလာရသည်။ အာဏာကို လက်တစ်လုံးခြား သုံးတတ်သော အကျင့်သည်ကား စာရေးသူတို့ ပြည်သူ ပြည်သားများ၏ သဘာဝအမွေ ဖြစ်သည်။ ယခင် အစိုးရ အရာရှိကြီးများမှ မဟုတ်။ တရားဝင် အာဏာမရသေးတိုင် နေရာတစ်ခု ရလာသော အဖွဲ့အစည်း ငယ်များမှ အသင်းဝင်များ ကိုယ်တိုင် “ ငါတို့က ဘာအဖွဲ့ကကွ၊ ကျွန်မတို့က ….အသင်းဝင်တွေပါ” အစရှိသဖြင့် (အကျႌဆင်တူဝတ်ပြီး) လခစား ဝန်ထမ်းများကို ခြိမ်းခြောက်တတ် ကြသည်ကို တွေ့လာရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယမန်နေ့က ရန်ကုန်မြို့ရှိ ဆေးရုံတစ်ခု၌ ဖြစ်ပျက်ခဲ့သော အဖြစ်နှင့် စာရေးသူတို့ ယနေ့ အဖြစ် တစ်ထပ်တည်း။
ယခုကလေးငယ်ကဲ့သို့ပင် သုံးလေးလသား၊ ကလေးငယ်တစ်ဦး ချော့မရအောင် ငိုသဖြင့် ထိုကလေးငယ်၏ အဖေ၊ အမေနှင့် အဘိုးအဘွားတို့က ဆေးရုံခေါ်လာကြသည်။ ဆေးရုံ ရောက်သည့်အခါ တာဝန်ကျ ဆရာမက ကလေး၏ အခြေအနေကို လတ်တလော စိုးရိမ်ဖွယ်ရာ ရှိ၊ မရှိ ကနဦး မေးမြန်းပြီး မှတ်တမ်း စာအုပ်ပြုလုပ်ရန် ကလေး၏ မိဘအမည် လိပ်စာတို့ကို မေးမြန်းသည်ကို ကလေး၏ မိဘများက “လျှာရှည်လိုက်တာ၊ ဆရာဝန် ဘယ်မှာလဲ အမြန်ခေါ်ပေး၊ ငါတို့ကလေးက အရေးကြီးတယ်” ပြီးလျှင် ဆရာမကို ထ၍ပင် ရိုက်ပစ်လိုက်ချင်ကြောင်း၊ Facebook စာမျက်နှာများပေါ်တွင် ဖော်ပြ ထားကြောင်း၊ ဆရာဝန်နှင့် တွေ့ပြီး ရိုးရိုး လေနာဖြစ်ကြောင်း လေဆေးပေးရုံနှင့် အငိုတိတ် သွားကြောင်း၊ ထိုဆရာမကို မကျေနပ်ကြောင်း၊ ထိုဆေးရုံမှ ဝန်ထမ်း များကို ပညာပေးသင့်ကြောင်း၊ Facebook စာမျက်နှာများပေါ်တွင် ဖော်ပြထားသည်ကို ဖတ်ရှုမိခ့ဲ၍ ဖြစ်သည်။
အမှန်တကယ်တော့ မိဘပြည်သူများ ကောင်းမွန်စွာ အိပ်စက်အနားယူနေချိန်တွင် ဆရာဝန်၊ ဆရာမများသည် မအိပ်စက်ဘဲ အလှည့်ကျ တာဝန်ယူပေးနေသည်ကို ကျေးဇူးမတင်သည့် အပြင် အာဏာသံဖြင့် ၎င်းတို့၏ အစေခံ ကျေးကျွန် ကဲ့သို့ ဆက်ဆံတတ်လာသော မြန်မာပြည်သူ ပြည်သားတို့အတွက် ရလဒ်ကား ကောင်းထားဖို့ ရှိမည်မထင်။ တိုးတက်လာသော လူမှုဆက်ဆံရေး ကွန်ယက်များမှာလည်း ထိုသို့ ဆဲဆို ပြောဆိုမှုများကို အားပေးအားမြှောက် ပြုနေသူကလည်း ပိုများသဖြင့် ပိုဆိုး ကြသည်။ မှန်ပါသည်။ ကလေး တစ်ယောက် နေမကောင်းလျှင် တစ်မိသားစုလုံး စိတ်ဆင်းရဲ ကြတတ်သည်။ စာရေးသူလည်း ထိုလေနာ ရောဂါသည် ကလေးများနှင့် မိဘများကို အမြဲ ကိုယ်ချင်းစာမိပါသည်။ “ဆရာဝန်တွေက အသည်းကို မာတယ်၊ ဒီမှာတော့ သေလုမတတ် ခံစားနေရတာ၊ သူတို့ကို ကြည့်တော့ အေးအေးဆေးဆေးပဲ” လူနာရှင်များ အမြဲ အပြစ်တင်နေကျ။ ထို့ကြောင့် မိဘပြည်သူတို့ကို သိစေချင်သည်မှာ လူနာရှင် ပြာပြာသလဲ ဖြစ်တိုင်း ဆရာဝန်၊ ဆရာမများ လိုက်ပြာ၍ မဖြစ်ပါ။ ခေါင်းအေးအေးထား၍ ဖြစ်သင့်သည်။ ဖြစ်တန်သည်ကို ဦးစားပေး ကုသနိုင်မှသာ အသက်ကယ်နိုင်မည် ဖြစ်သည်။ ခေါင်းပူလျှင် ဆုံးဖြတ်ချက် မှားမည်။ ဆုံးဖြတ်ချက်မှားလျှင် မည်သူ နစ်နာမည်နည်း။ ထို့ကြောင့် “ကလေးက ဒီလောက် ဖြစ်နေတာ ဆရာဝန်က အေးအေးဆေးဆေးနဲ့ ငါထရိုက်ချင်လိုက်တာ”ဟု ပြောသူများကို လည်းကောင်း၊ “ရိုက်ပစ်သင့်တယ်၊ ဆဲပစ်ကွာ”ဆိုသူများကို လည်းကောင်း သင်တို့ မိသားစု ကျန်းမာရေး အတွက် မမှားရလေအောင် တည်ငြိမ် ရင့်ကျက်အောင် ကြိုးစားထားရကြောင်း ပြောပြချင်ပါသည်။
ဇာတ်လမ်းကို ဆက်ရလျှင် အသက် သုံးလေးလသားများတွင် အကြောင်းအရင်းခံ မရှိတတ်သော လေနာ “Wind Colic”ကို ခံစား တတ်ကြရသည်။ ညနေစောင်း (သို့မဟုတ်) ညဥ့်နက်သန်းခေါင်ယံတွင် ရုတ်တရက် ထနာပြီး ချော့မရအောင် ငိုတတ်ကြသည်။ နို့ဆာလို့လား ဟူ၍ နို့တိုက်လည်း မပျောက်၊ အိပ်ချင်၍လား ဟူ၍ ချော့သိပ်လည်းမရ ထိပ်ကို မှုတ်ကြည့်လည်း မသက်သာ၊ ခြေမ နှိပ်လည်း မထူး၊ ရေမန်းလည်း မကယ်နိုင်ဘဲ ဆေးရုံ ပြေးရတတ်ကြသည်။ ဆေးရုံရောက်တော့ အတွေ့အကြုံများသော ဆရာဝန်နှင့် တွေ့လျှင် ဒီရက်ပိုင်းအတွင်း နို့အပြင် အခြား အစာကျေွး မိသလား”ဟု မေးတတ်ကြသည်။ အသက် အန္တရာယ် ပေးနိုင်သော အူစွပ်ခြင်း မျိုးများသည်လည်း ဤအရွယ်တွင် အစာ (ထမင်း/ဆန််မှုန့် စသည်)စကျေွးမိလျှင် ဖြစ်တတ်သောကြောင့်တည်း။ ကလေးကို စမ်းသပ်၍လည်း ထိုအူစွပ်သော လက္ခဏာ ရှိ၊ မရှိ သိနိုင်ပြီး ကလေး၏ နားပေါက်အတွင်း နှာခေါင်းပေါက် အတွင်းနှင့် ကြိုကြို ကြားကြား နေရာ အနှံ၌ ပုရွက်ဆိတ် ကဲ့သို့ ပိုးမွှားများ ဝင်ရောက်နေမှု ရှိ၊ မရှိလည်း စစ်ဆေး ရသည်။
ထို့အပြင် ကလေး၏ လက်ချောင်း လေးများ၊ ခြေချောင်း လေးများနှင့် သားယောက်ျားလေး ဆိုလျှင် ရွေှမန်းတို့၌ အနှီးစ၊ အပ်ချည်မျှင်၊ ဆံပင်ချည်မျှင်များ ရစ်ပတ်နေ၍လည်း ကလေးငယ်သည် နာကျင်ပြီး ငိုယို တတ်သည်။ ထိုသို့ အန္တရာယ်ရှိသော လက္ခဏာဟူ၍ စိုးစဉ်းမျှ မတွေ့ရပါမူ ရိုးရိုးလေနာပင် ဖြစ်လိမ့်မည်။ Wind Colicလေနာကို ဘယ်လို ကုရမလဲပေါ့။ အဓိကအားဖြင့် Reassurance ကောင်းသွားမှာပါ စိုးရိမ်စရာ မရှိပါဘူး ဟူ၍ပင် “ဘာနဲ့ ကောင်းသွားမှာလဲ ဆေးဖြင့် မပေးရသေးဘဲ”မေးစရာ ရှိသည်။ အမှန်တကယ် ပေးစရာ ဆေးမရှိ။ အနောက်တိုင်း၌ သုတေသန ပြုချက်များအရ မည်မျှ ကောင်းသည်ဆိုသော လေဆေး ပေးစေကာမူ အကျိုးမရှိဟု ဆိုထားသည်။ ဘာမှ မပေးလည်း ကောင်းနိုင်သည်ဟူ၍ ထိုသို့ စာအုပ်ကြီးအတိုင်း အတိအကျ လိုက်နာလျှင် လူနာရှင်တို့ ကြိုက်မည် မဟုတ်။ ထို့ကြောင့် တစ်ဖက်က အားပေး ရသလို စိတ်ချမ်းသာအောင် လေဆေး ညွှန်ပေးရပြီ။ ရှေ့တွင် တင်ပြခဲ့သော ကလေးကား လေဆေးနှင့် သက်သာသွား၍ တော်သေးသည်။ အကယ်၍များ မသက်သာလျှင် ၎င်း၏ အဖေက ထိုဆရာဝန်ကို သတ်တောင် သတ်သွားမည် ထင်ရသည်။
“ဆေးမရှိသော်ငြား နည်းတော့ ရှိသေးသည်”ကလေးအား (မိခင်မှလွှဲ၍) တစ်ဦးဦးက ကျောပိုးပြီး (သို့မဟုတ်) ရင်ခွင်အပ်၍ ချီပြီး လမ်းလျှောက် ပါလေ။ ကားရှိလျှင် ကားနှင့် မြို့တစ်ပတ် ပတ်ပါလေ။ Motion Treatmentနှင့် သက်သာသွားသော ဆေး သုတေသနများစွာ ရှိလာသည်။ ဆာသည်ဟု ထင်၍ နို့တိုက်လျှင် ပိုနာ၊ ပိုအော် ဖြစ်တတ်သည်။ အရုဏ်တက် ခါနီးလျှင် အလိုလို ယူပစ်သလို ပျောက်သွားပြီး အိပ်သွားလိမ့်မည်။ နောက်တစ်နေ့ ပြန်ဖြစ်နိုင်သေးသည်။ တချို့ ခြောက်လသားအထိ တစ်ရက်မပျက် ခံရတတ်သည်။ စောစီးစွာ ဆန်မှုန့် မကျေွးလိုက် မိပါစေနှင့်။
စာရေးသူတို့ ဆေးကုရသည်မှာ ယုံကြည်မှုရမှ ဆေးစွမ်းထက်သည်။ ယခုလည်း မိမိ၏ လက်ထောက် ဆရာဝန်လေး၏ ယူဆချက်ကို ကိုတင်မြင့်က မယုံကြည်တော့ မိမိထံ ရောက်လာခြင်းတည်း။ မိမိလည်း မေးမြန်း စမ်းသပ် ကြည့်တော့ ထင်သည့်အတိုင်းပင် “Wind Colie”
“ဆရာလေး ဘာဆေးပေးထားလဲ”
“ပေးထားတယ် ဆရာ”
“လုပ်ပါဦး ဆရာရယ်၊ ကလေးက မသက်သာသေးဘူး”မိသားစုတစ်စုလုံးကို ချော့ခေါ်ရင်း မိမိပေးလိုသော Messageပေးရသည်။
“ကဲ…အခု ဆေးပြောင်းပေးလိုက်ကွာ” ခဏအကြာတော့ ကလေး အငိုတိတ်သွားသည်။
“တော်သေးတာပေါ့ ဆရာရယ်၊ ဆရာ ရှိပေလို့ပဲ” အားလုံး ကျေးဇူးတင်ကြသည်။
သူတို့ ထင်ကြသည်က နောက်ထပ် ပြောင်းပေးလိုက်သော ဆေးက ပိုစွမ်း သည်ဟု၊ အမှန်တော့ နာမည်သာ ကွာသည်။ ဆေးကား အတူတူပင်။ သို့သော် ဒီတစ်ခါ ပြောင်းပေးလိုက် ရခြင်းကား ကလေးအတွက် မဟုတ်။ လူကြီးများ၏ Psycho (စိတ်)ကို ကုစား လိုက်ခြင်းတည်း။ ယခုတော့ သက်သာ သွားချေပြီ။ နာရီ ကြည့်ရင်း စာရေးသူ ပြုံးမိပြီ။ မနက် လေးနာရီပင် ထိုးတော့မည် မဟုတ်ပါလော။
ဒေါသအိုးကို ကွဲစေသော လေ
18
Mar