News

တယ်လီနောမြန်မာသည် Live Core Network မှတစ်ဆင့် ပထမဦးဆုံး ဖုန်းအသံနှင့် ဗွီဒီယိုခေါ်ဆိုမှုကို အောင်မြင်စွာပြုလုပ်

တယ်လီနောမြန်မာသည် live core network မှတစ်ဆင့် ပထမဦးဆုံး ဖုန်းခေါ်ဆိုမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့ပါသည်။ ထိုဖုန်းခေါ်ဆိုမှုကို မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း မှပြုလုပ်ပေးခဲ့ပြီး ရန်ကုန်မှ ၂၂ ကီလိုမီတာဝန်းကျင် ကွာဝေးသော တယ်လီနော၏ data centre မှ ရန်ကုန်မြို့တွင်း ဗဟန်းမြို့နယ်တွင်တည်ရှိသော တယ်လီနောမြန်မာ၏ ရုံးချုပ်သို့ ဖုန်းခေါ်ဆိုခဲ့ပါသည်။ ဖုန်းခေါ်ဆိုမှုသည် တယ်လီနော၏ 3G ကွန်ယက်ပေါ်မှ ပြုလုပ်ခြင်းဖြစ်ပြီး အသံဖြင့်ဖုန်းခေါ်ဆိုမှုအပြင် ဗွီဒီယိုဖြင့်ခေါ်ဆိုမှုကိုလည်း ပြုလုပ်ခဲ့ပါသည်။

Core Network သည် တယ်လီနော ဆက်သွယ်ရေးကွန်ယက်၏ အဓိကကျောရိုးဖြစ်ပြီး တယ်လီဖုန်း ကွန်ယက် နှင့် ဝန်ဆောင်မှုများကို ယခုနှစ်စတင်ပေးအပ်သည့်အခါ ဖုန်းခေါ်ဆိုမှုများနှင့် မိုဘိုင်း ဝန်ဆောင်မှု များကို သုံးစွဲသူများထံ တစ်ဆင့်ပြန်လည်ချိတ်ဆက်ပေးမည့် ကွန်ယက်လည်း ဖြစ်ပါသည်။ တယ်လီနော၏ တစ်နိုင်ငံလုံးအတိုင်းအတာ ကွန်ယက်ဖြန့်ကျက်မှုကို ထောက်ပံ့ပေးမည့် core network ကို တည်ဆောက် ပေးသူမှာ တယ်လီနောမြန်မာ၏ ကွန်ယက်ဆက်စပ်ပစ္စည်းများ ဝန်ဆောင်မှုပေးသည့် Company များထဲမှ တစ်ခုဖြစ်သော Huawei ဖြစ်ပါသည်။ တယ်လီနောမြန်မာ၏ အခြားကွန်ယက်ဆက်စပ်ပစ်စည်းထောက်ပံ့သူ များမှာ Ericsson နှင့် Wipro တို့ဖြစ်ကြပြီး တယ်လီနော၏ ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ဖြစ်သော ဆက်သွယ်ရေးတာဝါများကို တည်ဆောက်၍ စီမံခန့်ခွဲသူများမှာ Apollo Towers နှင့် Irrawaddy Green Technology (IGT) တို့ဖြစ်ကြပါသည်။

“တယ်လီနော ကွန်ယက်ပေါ်မှာ ပထမဦးဆုံးဖုန်းခေါ်ဆိုနိုင်ခဲ့ခြင်းဟာ အထင်ကရမှတ်ကျောက်တစ်ခု ဖြစ်ပါတယ်။ ဒီမှတ်ကျောက်ဟာ မြန်မာနိုင်ငံတွင်းမိုဘိုင်း ဝန်ဆောင်မှုပေးမယ့် အစီအစဉ်မှာ တယ်လီနောရဲ့ တိုးတက်လာမှုကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ ဝန်ဆောင်မှုပေးဖို့ အချိန်နီးကပ်လာတာနဲ့အမျှ တယ်လီနောရဲ့ ဆောင်ရွက်မှုများ အချိန်မှန်ဖြစ်နေကြောင်းကိုလည်း ဖော်ပြခြင်းဖြစ်ပါတယ်။ တယ်လီနောမှဝန်ထမ်းများက လည်း မြန်မာနိုင်ငံရဲ့ ပြည်သူလူထု၊ စီးပွားရေး နှင့် လူမှုရေး တို့ကို အကျိုးဖြစ်ထွန်းစေပြီး အခွင့်အလမ်းများ ပေးဆောင်နိုင်မယ့် အဆင့်မြင့် မိုဘိုင်းကွန်ယက်ကို တည်ဆောက်မည်ဆိုတဲ့ ကတိကိုဖြည့်ဆည်းပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါတယ်။” တယ်လီနော မြန်မာ၏ CEO Petter Furberg မှ ပြောကြားခဲ့ပါသည်။

ထပ်မံ၍ Mr. Furberg မှ “မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း က ယခုလိုမှတ်ကျောက်တင်အခမ်းအနားကို ကိုယ်တိုင်ကြွရောက်ပြီး core site ကိုလှည့်လည်ကြည့်ရှုခဲ့တဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့က တာဝါများကို ဆက်လက်တည်ဆောက်သွားမှာဖြစ်ပြီး တယ်လီနောမှ ကတိပေးထားတဲ့ ဆက်သွယ်ရေးလိုင်စင် ရရှိသည့်အချိန်မှစပြီး ၈ လ အတွင်း ကမ္ဘာ့အဆင့်မီပြီး စျေးနှုန်းသင့်တင့်တဲ့ ဆက်သွယ်ရေး အခြေခံအဆောက်အုံနဲ့ ဝန်ဆောင်မှုများကို ပေးအပ်သွားရန် ယုံကြည်မှု အပြည့်အဝရှိပါတယ်။” ဟုပြောကြားခဲ့ပါသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *