မြန်မာနိုင်ငံတွင် ပထမဆုံး Video Callခေါ်ဆိုမှုအား Telenor Myanmar၏ ၀က်ဘ်ဆိုဒ်တွင် စတင် အသုံးပြုသွားမည်ဖြစ်သည်။ အခုလောလောဆယ်မှာတော့ ၀က်ဘ်ဆိုဒ်ကနေပဲ အသုံးပြုနိုင်ဦးမှာပါ။ Telenorဆင်းမ်ကဒ်တွေ စပြီး ရောင်းချရင်တော့ မိုဘိုင်းဖုန်းတွေကနေ အသုံးပြုနိုင်အောင် စီစဉ်ထားတယ်ဟု Telenor Myanmarမှ ပြန်ကြားရေးတာ၀န်ခံ တစ်ဦးက ပြောသည်။
Video Callခေါ်ဆိုနိုင်ရန် Telenor Myanmar၀က်ဘ်ဆိုဒ်ဖြစ်သော www.telenormyanmar.com သို့၀င်ရောက်ကာ အသုံးပြုရမည် ဖြစ်သည်။ မိုဘိုင်းဖုန်းဖြင့် အသုံးပြုလိုပါက Tango, Viber, Skype စသည့်ဆော့ဖ်ဝဲများအား ထည့်ပြီးမှသာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း Telenorမှ သိရသည်။ Video Callခေါ်ဆိုမှုကို ပြီးခဲ့သည့် ဧပြီလဆန်းတွင်း ပထမဆုံး ရန်ကုန်Data Center၌ စမ်းသပ်ရာ အောင်မြင်မှုများ ရရှိခဲ့သည်။ ယခုအခါ မန္တလေးရှိ Data Centerမှာလည်း တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနိုင်တော့မည်ဖြစ်သည်။ ယင်း၀န်ဆောင်မှုကို အသုံးပြုနိုင်ခြင်းအားဖြင့် အသံသာမက ရုပ်ကိုပါ မြင်တွေ့ရမည်ဖြစ်ပြီး၊ အနီးပတ်၀န်းကျင်ရှိ မြင်ကွင်းများကိုလည်း တိုက်ရိုက် မြင်တွေ့ နိုင်မည်ဖြစ်ကြောင်း သိရသည်။
အချိန်တိုအတွင်းမှာ အခုလို အောင်မြင်မှုတွေ ရရှိလာတာ ပြည်သူတွေအတွက် ၀မ်းသာစရာပါပဲ၊ အခု မြန်မာ့ဆက်သွယ်ရေးကလည်း၊ ဒီလို ၀န်ဆောင်မှုတွေကို ပေးနိုင်ဖို့ စတင်လုပ်ဆောင်နေပါပြီဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးငွေသောင်းက ပြောသည်။
ထို့ပြင် စက်တင်ဘာလတွင် စတင်ရောင်းချပေးမည့် Telenor ဆင်းကဒ်များ၏ စျေးနှုန်းမှာ ကျပ် (၁၅၀၀) ကျပ်နှင့် အသုံးပြုခမှာလည်း တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်း အကြမ်းဖျင်း သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်းမ်ကတ်များဖြင့် အင်တာနက်၊ Video Call၊ Voice Messageတို့အပြင် မိုဘိုင်းနှင့် ဆက်စပ်သော ကဏ္ဍများ အားလုံးကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Telenor Myanmarမှ သိရသည်။