News

ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု တယ်လီနောဆို

ဆင်းမ်ကတ် စရောင်းချိန်တွင် မြို့ကြီးများ၌သာ သုံးနိုင်မည်ဟု တယ်လီနောဆို

ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ငန်းလုပ်ကိုင်ခွင့် ရထားသည့် တယ်လီနောက စက်တင်ဘာလတွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဖြစ်ပြီး စတင်ရောင်းချချိန်၌ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများတွင်သာ သုံးစွဲနိုင်ဦးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။

“တာဝါတိုင်တွေပြီးလို့ ကွန်ရက် တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ သုံးနိုင်တဲ့ နေရာတွေ ပိုများလာမယ်။ အချိန်တော့ နည်းနည်းပေးရမယ်” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက် ပိုမိုလွှမ်းခြုံနိုင်ရန် ငါးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် တာဝါတိုင်ပေါင်း ၈၀၀၀ တည်ဆောက်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furbergက ပြောကြားသည်။

ဆင်းမ်ကတ်များ စတင်ရောင်းချချိန် စက်တင်ဘာလ မတိုင်မီတွင် တာဝါတိုင်ပေါင်း ၁၀၀၀ ပြီးစီးအောင် တည်ဆောက်မည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၂၄၀၀ ခန့် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုဘိုင်းလ် ဆက်သွယ်ရေး တာဝါတိုင် ၂၀၀၀၀ ခန့် တည်ဆောက်ရန် လိုအပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝါတိုင် ၂၀၀၀ ခန့်သာ တည်ဆောက်ထားသောကြောင့် တစ်နိုင်ငံလုံးတွင် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ပြောဆိုနိုင်ရန် ၃ နှစ်မှ ၅ နှစ်အထိ အချိန်ယူရမည် ဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တယ်လီနောမြန်မာသည် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယအခြေစိုက် Apollo Towersနှင့် စင်ကာပူအခြေစိုက် Irrawaddy Green Technologyတို့ကို ရွေးချယ်ထားသည်။

“စရောင်းတဲ့အချိန်မှာ မြို့ကြီးတွေပဲ ရမယ်ဆိုတော့ ကျေးလက်ဒေသတွေမှာ နေတဲ့သူတွေ အတွက်ကတော့ ဘာမှမထူးပါဘူး။ စောင့်လက်စနဲ့ ဆက်စောင့်ရဦးမှာပေါ့။ လူတွေက အရမ်းမျှော်လင့်နေကြတော့ ဆင်းမ်ကတ် စရောင်းတာနဲ့ တစ်နိုင်ငံလုံး ရမယ် ထင်နေကြတာ” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။

အခြားဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် အော်ရီဒူးကလည်း သြဂုတ်လ ဆင်းမ်ကတ်များ စတင်ရောင်းချချိန် မတိုင်မီ တာဝါတိုင် ၄၀၀ ခန့်အပြီး တည်ဆောက်မည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် တာဝါတိုင် ၁၀၀၀ ခန့် ပြီးစီးအောင် တည်ဆောက်မည်ဟု ဆိုထားသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *