Health, Opinion

‘‘အိပ်စက်ခြင်း၊ ဆေးပညာနှင့် ကျွန်တော်’’

a-jahani.ir

‘‘ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ၊
ဘယ်မှာ အိပ်ဆေး ရှိပါ့မလဲ…’’

သာယာလှပသော တေးသီချင်းသံလေးသည် ကြားရသူတို့၏ ရင်ကို ကြည်နူး လွမ်းဆွတ်စေသည်။ အလွမ်းစိတ်ကြောင့် ညဥ့်နက် သန်းခေါင်ယံထိတိုင် မအိပ်နိုင်သဖြင့် အိပ်ဆေးပင် လိုအပ်နေပြီဟူ၍ ဂီတစာဆိုက သီကုံး ဖွဲ့နွဲ့ထားသည်။ လူတို့သည် အိပ်မရသော ညများ ကုန်ဆုံး လွန်မြောက် လိုကြသည် မဟုတ်ပါလော။ အိပ်စက်ခြင်းသည် ခန္ဓာ၏ ခွန်အားတစ်ခု ဖြစ်စေသလို ဦးနှောက်ကို အအေးခံ ပေးသကဲ့သို့ ဖြစ်ပေမည်ဟူ၍ လူတိုင်း ယူဆထားကြသည်။

‘‘အိပ်၍ မပျော်သော ဒုက္ခ၊ နိုးပြီး ပြန်အိပ်၍ မရသော ဒုက္ခ’’ အစရှိသဖြင့် ကျွန်တော်တို့ ဆရာ၀န်များနှင့် လာရောက်တိုင်ပင်ကြရသည့် အသက်ကြီးပိုင်းများ ရှိသလို ‘အိိပ်လို့ကို မရဘူး’ ‘အိပ်ခိုင်းလို့ကို မရဘူး’ ‘သူအိပ်ရင် တအောင့်လေးပဲ’ အစရှိသဖြင့် မိမိတို့၏ သားသမီးတို့၏ အိပ်စက်ခြင်း ပြဿနာများကိုလာရောက်တိုင်ပင် သူများလည်း ရှိသေးသည်။ ထိုအထဲတွင် ‘အိပ်လွန်းအားကြီးလို့ ဆရာရယ် နေ့လည်ဘက်တောင် စာသင်ရင်း အိပ်ပျော်နေလို့တဲ့’ အစရှိသည့် ဟိုဖက်စွန်း ဒီဖက်စွန်း ကလေးများလည်း ပါ၀င်သည်။

‘‘ဆရာရယ် ကျွန်မ ယောကျာၤးကလေ အိပ်တာနဲ့ ဟောက်သံ အကျယ်ကြီး ထွက်တော့တာပဲ၊ အဲဒါကုပေးပါဦး’’ ဆိုသူများကလည်း မကြာမကြာလာလာတတ်သလို ‘‘သားလေးက ညဖက်အိပ်ရင်း ထထ ဟောက်တတ်တယ် ဆရာ အဲဒါကို စိုးရိမ်လို့ လာပြတာပါ’’ ဆိုသူများလည်း မရှားပေ။ ငယ်စဉ်အခါက ‘‘လူဆိုတာ
ဘယ်က ဖြစ်လာတာလဲ’’ဟူ၍ အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးသလို ‘‘လူတွေ ညဘက်မှာ ဘာလို့ အိပ်ချင်ကြရတာလဲ’’ဟူ၍လည်း ပေါက်ပေါက်ရှာရှာ စဉ်းစားခဲ့ဖူးသည်။

ထိုအဖြေကိုကား ဆေးတက္ကသိုလ် တက်ရောက်ပြီး နောက်ဆုံးနှစ် အပိုင်း (က) ရောက်မှ ဆေးပညာ မဟာ သိပ္ပံသင်တန်းသား စီနီယာ အစ်ကိုကြီး (ထိုစဉ်အချိန်က တက္ကသိုလ် ကျောင်းသားများ အဆောင်နေခွင့် ရရှိပြီး အကြီးတန်း အငယ်တန်း ညီအစ်ကိုရင်းများပမာ ခင်မင်ခဲ့ရသော အစ်ကိုဆရာမှ ရှင်းပြသဖြင့် အ့ံသြဖွယ်ရာ လူ့သဘာ၀ကို သိရှိ သင်ယူ မှတ်သားခဲ့ရပါသည်။ စာဖတ်သူ မိဘပြည်သူအပေါင်း ကျန်းမာရေး ဗဟုသုတ ရရှိရေးအတွက် ရည်ရွယ်ရေးသားလိုက်ရပါသည်။
လူတို့သည် နေ့လည်ဖက်တွင် နိုးကြားနေကြပြီး ညဖက်တွင် အိပ်စက်တတ်ကြသည်။

၄င်းကို ‘Light Darkness signal’ သီအိုရီ ဖော်ထုတ်ခဲ့ကြပြီး မှောင်ချိန်ရောက်ရှိလျှင် အိပ်စေတတ်သော‘Mejatonin’ ဟော်မုန်း တစ်မျိုးကို
ဦးနှောက်မှ ထုတ်ပေးသည်ကို သိရှိလာကြသည်။ ထို့ကြောင့် ‘Maximum alertnus’ အနိုးကြားဆုံး အချိန်နှင့် ‘Maximum Sleepiness’ အိပ်အငိုက်ဆုံး အချိန်တို့သည် နာရီအားဖြင့် မနက်ပိုင်း ညပိုင်း ခွဲဲခြား ကွဲပြားခြင်းကို ‘Circacadian Sleep-Wake Rhythm’ဟု နားလည်လာကြသည်။

အကြေွးရှိလျှင် မည်သည့်အခါမျှ မကောင်းပေ။ ထို့အတူ ညဖက်အိပ်ချိန် တန်ချိန်တွင် အကြောင်းတစ်စုံတစ်ရာကြောင့် အိပ်စက်ခွင့် မရကြသူများသည် ‘Sleep Dept’ အိပ်ကြေွးတင်သည်ဟု ခေါ်ကြသည်။ နေ့စဉ် ရက်ဆက် ဖြစ်လာလျှင် ဟန်မဆောင်နို်င်တော့ဘဲ ထိန်းမနိုင် သိမ်းမရ အိပ်ချင်တတ်သူများ ရှိတတ်သလို မိမိပင် မသိလိုက်ပဲ ငိုက်ခနဲ အိပ်ပျော်သွားသူများလည်း ရှိတတ်ကြပါသည်။

မွေးစမှ စ၍ သေဆုံးသည့်တိုင်အောင် နေ့စဉ် လူတိုင်း အိပ်ကြပါသည်။ ဤနေရာ၌ တစ်နေ့လျှင် ‘‘ဘယ်နှစ်နာရီ အိပ်သင့်သနည်း’’ဟု မေးစရာ ရှိပါသည်။ မွေးကင်းစမှ အသက် (၃)လခန့်အထိ ကလေးငယ်များသည် တစ်နေ့တာအတွင်း (၁၆) နာရီမှ (၂၀) နာရီခန့် အိပ်စက်တတ်ကြသည်။ တစ်ခါတစ်ရံ မွေးကင်းစကလေး မိခင်များက ၄င်းတို့၏ ကလေးများ အိပ်လွန်း၍ စိုးရိမ်တတ်ကြသဖြင့် ဤအကြောင်းကို အစဉ်အမြဲ ပြောရတတ်သည်။ Colic (လေနာ) ပါသော ကလေးများသည်သာ ညနေစောင်းအချိန်မှ စ၍ အဆက်မပြတ် ငိုကြေွးကာ မအိပ်ဘဲ ရှိတတ်ပြီး မိသားစုများ စိတ်ညစ်ကြရသည်။

ကလေးအထူးကု ပါမောက္ခကြီးတစ်ဦးကမူ ‘‘အဲဒီလေနာတဲ့ ကလေးကို ဘာ ဆေး တိုက်တိုက် မပျောက်တတ်ဘူး၊ အချိန်တန်ရင် ပျောက်သွားလိမ့်မယ်။’’ ‘‘အဆက်မပြတ် သူ ငိုနေရင် ကလေးအမေက ပုခုံးပေါ် ချီပိုးပြီး လမ်းသာလျှောက်၊ ကားရှိရင် ကားနဲ့ မြို့တစ်ပတ်သာ ပတ်’’ဟူ၍ Ward round ရင်း လေဆေး တိုက်ချင်သော ကလေးအမေ တစ်ဦးကို ပြောပြထားသည်ကို အမြဲ အမှတ်ရနေဆဲ ဖြစ်သည်။ ထိုအရွယ်ကလေးတို့၏ ထူးခြားချက်ကား ‘‘နေ့၊ ည မခွဲခြားဘူး အချိန်တူတူလောက်ပဲ အိပ်တတ်တယ်’’ဟူ၍ ဆရာကြီး သင်ပြပေးမှုများကား တကယ့် လက်တွေ့တွင် အသုံး၀င်လှသည်။

အသက်(၃)လမှ တစ်နှစ်သားအထိသည်ကား တစ်နေ့လျှင် 14-15 နာရီခန့် အိပ်တတ်ပြီး ၃-၄ နာရီ တစ်ခါခန့် နိုးတတ်ကြပါသည်။ အသက် (၉) လ အထက်တွင်ကား နေ့စဉ် ညဥ့်တစ်လျောက်လုံး အိပ်တတ်ကြပါသည်။ ထိုမှ ကြီးလာသော တစ်နှစ်သားမှ သုံးနှစ်သားအထိတွင်လည်း 12နာရီမှ 14နာရီမျှ အိပ်တတ်ကြသည်။ ထိုမှတစ်ဆင့် မူကြိုအရွယ်လေး ငါးနှစ်သားလေးများမှာ တစ်နေ့လျှင် 10-11နာရီမျှ နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြသည်။ လူပျိုပေါက်အရွယ်မှ အိပ်ချိန်သည် တဖြည်းဖြည်း နည်းလာကြပြီး တစ်နေ့လျှင် (၉)နာရီမျှသာ အိပ်စက်တတ်သည်။

‘‘အိပ်စက်ခြင်း’’နှင့် ပတ်သက်၍ တွေ့ကြုံရသည် အများစုမှာ ‘Snsuffus Insufficient Sleep Quantily’ အိပ်စက်ခွင့်ရသော ပမာဏ မပြည့်၀ခြင်းနှင့် ‘Insufficient/ Poor Sleep Quantily’ နှစ်ချိုက်စွာ မအိပ်စက်နိုင်ခြင်းတို့သည် အများဆုံး တွေ့ရသော အခက်အခဲများဖြစ်ကြောင်း သိရှိရပါသည်။ စောစီးစွာ အိပ်ယာ၀င်ခြင်းသည်လည်း အိပ်မရသူများအတွက် ပြုပြင်ရန် အားတစ်ရပ်၊ အကျင့်ကောင်း ဖြစ်ပါသည်။ ဤနေရာ၌ ‘Sleep Hyglene’သည်ကား အေးချမ်းတည်ငြိမ်စွာ အိပ်ခြင်း၏ သော့ချက်တစ်ခု ဖြစ်သည်။ ဤ ‘Sleep Hygiene’ဟူသည်ကား ယနေ့ခေတ် မိဘများ နားလည်သဘောပေါက်ပါရန် အရေးကြီးလှသည်။

ကျန်းမာစေနိုင်သော အိပ်စက်ခြင်းကောင်းတစ်ခုကို ဆေးဝါးအကူအညီမလိုဘဲ မိမိဘာသာ ဖန်တီးနို်င်ကြပါသည်။ ကလေးတိုင်း၌ အတိအကျ သတ်မှတ်ထားသော
အိပ်စက်ချိန် အတိအကျ ရှိသင့်သည်။ ထို့အပြင် ယနေ့ခေတ် မိဘများ သတိပြုဖွယ် တစ်ခုမှာ ညဥ့်နက် အချိန်မတော်သည်အထိ တီဗီ၊ ရုပ်ရှင် ကြည့်တတ်သော အကျင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ကလေးအများစုမှာ အိပ်ချိန်မမှန် ဖြစ်တတ်သည်။ အိပ်ယာ၀င်ချိန်သာမက အိပ်ယာမှ ထချိန်ကိုလည်း နေ့စဉ် (ကျောင်းဖွင့်ရက်ရော ပိတ်ရက်ပါ) တစ်သမတ်တည်း ထားသင့်သည်။

အများစုသော မိဘများ၏ အခက်အခဲမှာ ကလေးကို သိပ်၍ မရသေးသော ပြဿနာ၊ ဆေးပညာအဆိုအရ Sleep onset association disorderပင် ဖြစ်သည်။ မည်သူက အစပြုခဲ့သည် မသိသော ‘‘ကလေးကို ပုတ်၍သော်လည်းကောင်း လှုပ်၍သော်လည်းကောင်း ချော့သိပ်ပါမှ အိပ်တတ်သည်’’ဆိုသော အကျင့်ဆိုးတစ်ခု ဖြစ်သည်။ သဘာ၀အားဖြင့် အိပ်မောကျပြီး တစ်နာရီခွဲမှ သုံးနာရီအကြာခန့်တွင် ကလေးအများစုသည် လွန့်လူး နိုးထလာတတ်ကြသဖြင့် ထိုသို့ လှုပ်သိပ်၍ အကျင့်ပါသော ကလေးတို့မှာ ပြန်၍ မလှုပ်သိပ်မချင်း ပြန်မအိပ်ဘဲ ချီကြ တတ်ကြသဖြင့် ကလေးရော လူကြီးပါ အိပ်ရေးပျက်ကြရသည်။ ကာတွန်းကား ပြ၍ သိပ်တတ်သော အကျင့်လည်း မကောင်းလှပါပေ။

ကျန်းမာသော အိပ်စက်ခြင်း၏ သော့ချက်တစ်ခုမှာ အိပ်ယာမ၀င်မီ တစ်နာရီအတွင်း သာမန် ဗို်က်ပြည့်ရုံအစာ (Light Food NoT Heavy Food) ကျေွးထားသင့်သည်။ ဗိုက်ဆာ၍ ထငိုသော ကလေးအား ညဖက်ထ၍ နိုးသော်လည်းကောင်း မုန့်သော်လည်းကောင်း တိုက်ကျေွးခြင်းမှ အကျင့် ပါသွားပါက နှစ်ဦးနှစ်ဖက် အိပ်ရေး ပျက်ကြရသည်။ သို့သော် သတိထားရမည်မှာ ကဖိန်းဓာတ် (Caffeine) ပါသော အစားအစာ၊ လက်ဖက်ရည်၊ ကော်ဖီတို့ မတိုက်ကျေွးမိအောင်ပင် ဖြစ်သည်။ အချို့ သော သကြားလုံး၊ ချောကလက်၊ ပေါင်မုန့်တို့၌ပင် ကဖိန်းဓာတ် ပါတတ်သည်။ ကလေး၏ အိပ်ခန်းကို မမှောင်လွန်း၊ မလင်းလွန်းအောင် Night Lamp ဖွင့်ထားသင့်သည်။ အပူအအေး မျှတအောင် စီမံထားသင့်ပါသည်။

အရေးကြီးသည့်အချက်မှာ အိပ်စက်ရင်း ဟောက်သံထွက်သူများ (Snoreve) ဖြစ်သည်။ မည်သို့သော အကြောင်းအရင်း ရောဂါမျှ မရှိဘဲ (Snoring) ဟောက်တတ်ကြသလို အသက်ရှုလမ်းကြောင်း လေ၀င် လေထွက်နေရာတို့၌ ပြဿနာတစ်ခုခု ရှိ၍လည်း ဖြစ်နို်င်သည်။ Oustructive Sleep Apnce ဆိုသော ရောဂါတစ်ခု၌မူ ဟောက်လည်း ဟောက်တတ်သလို အသက်ရှု ရပ်သွားခြင်းကိုလည်း ခေတ္တခဏတာမျှ မသိလိုက်ရဘဲ ဖြစ်တတ်ကြသည်။ စာရေးသူ၏ ဘကြီးဖြစ်သူ၌လည်း ထိုရောဂါမျိုး ရှိသဖြင့် မျက်မြင်ကိုယ်တွေ့ ဖြစ်ခဲ့ရသည်။ Canada နိုင်ငံတွင် နေထိုင်သူတစ်ဦးဖြစ်သည့် ထိုဘကြီးမှာ အိပ်စက် အနားယူချိန်တို်င်း လေရှူသွင်းစက် CPAP (Continuous Pbsitive Airway Pressure)ဖြင့် ရှူ၍ အိပ်ကြရသည်။

ထိုစဉ်က ယနေ့ညများကဲ့သို့ မီး မမှန်သဖြင့် မီးပျက်သွားလျှင် တစ်အိမ်သားလုံးထ၍ ထိုဘကြီး အသက်ရှူ ရပ်သွားမည် စိုးရိမ်သဖြင့် မီးစက်မောင်း မီးပြောင်းကြရသည်။ မီးစက် မရှိသော ဦးလေးတစ်ယောက် အိမ်သို့ အလည်သွားအိပ်သည့် ညများတွင်ကား မီးပျက်လျှင် ထိုစက်ကို ဆွဲ၍ အိမ်ပြန်လာရသည်ကို ယနေ့အထိ အမှတ်ရနေဆဲ ဖြစ်သည်။

ထို့အပြင် နေ့အချိန်တွင် သာမန်ထက် ပိုမို ငိုက်မြည်းတတ်သာ Narcolepsyဟူသော အကျင့်ကိုလည်း ကြီးကောင်၀င်စအရွယ်တို့တွင် တွေ့ရသည်။ ထိုမှတစ်ဆင့် တစ်ကိုယ်လုံး ပျော့ခွေကျသွားလျှင်ကား Cotaplexyဟု ခေါ်နိုင်သည်။ မည်သို့ပင်ဆိုစေ လူတိုင်း မလွဲမသွေ အိပ်စက်ကြရသည်။ အခက်အခဲ မရှိသူများ ရှိသလို ခက်ခဲကြသူများလည်း ရှိပေမည်။

အကြံကောင်း ပေးလိုက်ချင်သည်မှာ ကိုယ် စိတ်ကျန်းမာအောင် နေထိုင် ကျင့်ကြံကြသကဲ့သို့ Sleep Hygiene ကျန်းမာသော အမူအကျင့်ဖြင့် အိပ်စက်နို်င်အောင် ကလေးအရွယ်မှ စ၍ ကြိုးစား ကျင့်ကြံသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *