မြန်မာနိုင်ငံတွင် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် လိုင်စင် နှစ်ခုအနက် လုပ်ကိုင်ခွင့်တစ်ခုကိ်ု ရရှိထားသော ကာတာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ (Ooredoo)က မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် ဒေါ်လာ သန်းထောင်ချီ စီမံကိန်းအတွက် ဥပဒေ အတိုင်ပင်ခံများအား ခန့်ထားလိုက်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ဥပဒေ အကြံပေးလုပ်ငန်းများ လုပ်ကိုင်သော Norton Rose Fulbright ကုမ္ပဏီနှင့် သြစတြေးလျမှ Webb Henderson အဖွဲ့တို့အား ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် တယ်လီဖုန်းလုပ်ငန်း လိုင်စင် လျှောက်ထားစဉ်က အော်ရီဒူး၏ ကိုယ်ပိုင်ဥပဒေ အတိုင်ပင်ခံ အဖွဲ့ကသာ ပြင်ဆင်မှု ပြုလုပ်ပြီး စီမံကိန်း စတင်ပြီး တည်ဆောက်ရေး လုပ်ငန်းများမှ ထွက်ပေါ်လာသော ဥပဒေရေးရာ ကိစ္စများကိုလည်း အော်ရီဒူး၏ အာရှအထွေထွေ အကြံပေး စကော့ဝီးနင့်က ကြီးကြပ်သွားမည် ဖြစ်သည်ဟု သိရသည်။
Norton Rose Fulbright ကုမ္ပဏီမှာ အော်ရီဒူးက လိုင်စင် လျှောက်ထားစဉ်ကပင် ပါဝင် ကူညီခဲ့သည်ဟု ယုံကြည်ရသည်။ သြစတြေးလျ ဥပဒေ အတိုင်ပင်ခံကုမ္ပဏီ Webb Hendersonသည် ကမ္ဘာတစ်ဝန်း တယ်လီဖုန်း အသုံးပြုသူ ၉၁ သန်းကို ဝန်ဆောင်မှု ပေးနေသော Ooredooအတွက် ကာတာနှင့် အခြား အရှေ့အလယ်ပိုင်း နိုင်ငံများတွင် နှစ်ပေါင်းများစွာ အကြံပေးနေသော ကုမ္ပဏီ ဖြစ်သည်ဟု သိရပါသည်။
ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရ ကုမ္ပဏီကြီးတွေကလည်း ဆိုင်းဘုတ်ကြီးတွေ ထောင်တာကအစ ပြင်ဆင်မှုတွေ လုပ်နေကြပြီ ဖြစ်သလို မြန်မာပြည်လူထုကလည်း ဈေးသက်သာစွာဖြင့် အသုံးပြုနိုင်မည့် ဆက်သွယ်ရေးစနစ်ကို မျှော်လင့်နေပါကြောင်း……..။