Mobile, News, Review

မန္တလေးနဲ့ နေပြည်တော်မှာ အော်ရီးဒူးဆင်းမ်ကတ် ရောင်းပြီ

အော်ရီးဒူး၏ မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် မန္တလေးမြို့နဲ့ နေပြည်တော်ရှိ ဟန်းဆက် အရောင်းဆိုင်များတွင် ဇူလိုင် ၂၉ နေ့လည် ၁၂ နာရီနောက်ပိုင်းမှ စတင်ရောင်းချပေးခဲ့ပါသည်။ ရွှေအဆင့် ကိုယ်စားလှယ်အရောင်းဆိုင်တစ်ခုလျှင် ဆင်းမ်ကတ်ပေါင်း ၈၀၀ ခန့်ရောင်းချပေးခဲ့သည်ဟုသိရသည်။

အော်ရီဒူး၏ ငွေအဆင့် အရောင်းကိုယ်စားလှယ်များထံမှ ဆင်းမ်ကတ်များ ထပ်မံထွက်ရှိလာမည်ဟုလည်း မန္တလေးမြို့တွင် သတင်းထွက်ပေါ်နေသည်။

ငွေဖြည့်ကတ်များအနေဖြင့် ၁ ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ သက်မှတ်ရောင်းချပေးမည်ဖြစ်သော်လည်း လက်ရှိအချိန်၌ ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ်များသာ အရောင်းဆိုင်များဆီသို့ ရောက်ရှိနေခဲ့သည်ဟု သိရသည်။ ဆင်းမ်ကတ်များကို ၀ယ်ယူရန် မှတ်ပုံတင်မိတ္တူနှင့် ဓာက်ပုံတစ်ပုံသာလိုအပ်ပါသည်။

Ooredoo နှင့် စာချုပ်ချုပ်ဆိုထားသော နေပြည်တော်ရှိ အရောင်းဆိုင်တစ်ဆိုင်လျှင် ဖုန်းကတ်လေးရာနှုန်းဖြင့် ဇူလိုင်လ ၂၉ ရက်၊ နေ့လယ် ၂ နာရီခန့်က ဆိုင်သို့ ရောက်ရှိလာခဲ့ပြီး နာရီ၀က်အတွင်းမှာပင် ကုန် အောင် ရောင်းချခဲ့နိုင်သလို အရောင်းဆိုင်များ ရှေ့တွင်လည်း ဖုန်းကတ် ၀ယ်ယူသူများ ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို တွေ့ရသည်။ နေပြည်တော်ဒေသတွင် အဆိုပါ ဖုန်းကတ်များ ရောင်းချရမှု အားကောင်းသည့်အတွက် အချို့သောဆိုင်များတွင် ဖုန်းကတ်၀ယ်ယူပါက ဟန်းဆက်ကို မ၀ယ်မနေရထည့်သွင်းပြီး ရောင်းချသောဆိုင်များ ပေါ်ပေါက်လာသလို အချို့သော ကျေးလက်ဒေသများမှ ဟန်းဆက်ဆိုင်ငယ်များတွင် ဖုန်းကတ် တစ်ကတ်လျှင် လေး/ငါးထောင်ကျပ်အထိ ဈေးတင် ရောင်းချနေမှုများလည်း ရှိနေကြောင်း သိရသည်။

Ooredoo ဖုန်းကတ်များကို ၁၅၀၀ ကျပ်ဖြင့်ရောင်းချပြီး Ooredoo ဖုန်းကတ် အချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ကျပ်သာကျသင့်ကာ MPTကဲ့သို့ သောအခြား Mobile Network များကို ခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၃၅ကျပ်၊ SMS ပေးပို့ပါက တစ်စောင်လျှင် ၂၅ကျပ် ကျသင့်ကြောင်း သတင်းရရှိသည်၊၊ မိုဘိုင်းအင်တာနက် အသုံးပြုခကို အသေးစိတ်မသိရသေးသော်လည်း မိုဘိုင်းဒေတာမှာ 1MB အသုံးပြုပါက ၂၅ ကျပ် ကျသင့်မည်ဖြစ်သည်။ ထို့အပြင် Ooredoo ဖုန်းကတ်အသုံးပြုသူများ အနေဖြင့် သြဂုတ်လ ၂ ရက်မှ ၁၅ ရက်အတွင်း Ooredoo ဖုန်းအချင်းချင်း ဖုန်းပြောခ မိနစ်ကိုးရာ အသုံးပြုခွင့်၊ အခြား Network များသို့ မိနစ်ကိုးဆယ်ဖုန်းပြောခ၊ Ooredoo ဖုန်းအချင်းချင်း SMS ကိုးရာ ပို့ခ၊ အခြား Network များသို့ SMS ကိုးဆယ်ပို့ခ၊ တစ်နေ့လျှင် Mobile Internet Data ပမဏ 20 MB အသုံးပြုခများကို အခမဲ့သတ်မှတ်ထားသည်။

Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့ရောင်းချမည့် ဆင်းမ်ကတ်များကို ၁၅၀၀ ကျပ်ထက်ပိုသော ဈေးနှုန်းဖြင့် ဝယ်ယူခြင်းမရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် ကာတာဆက်သွယ်ရေးကုမ္ပဏီအနေဖြင့် ဆင်းမ်ကတ်များကို တရားဝင်စတင် ဖြန့်ချိရောင်းချနိုင်ခြင်း မရှိသေးသော်လည်း စတင် စမ်းသပ် သုံးစွဲနိုင်နေပြီဖြစ်သည့် မန္တလေးမြို့၏ အချို့သော ဈေးကွက်အတွင်း ဆင်းမ်ကတ် ဈေးနှုန်းများမှာ ကျပ်တစ်သောင်းအထိ ရှိနေပြီဖြစ်သည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် ပြည်တွင်း မိုဘိုင်းဈေးကွက်အတွင်း ၎င်းတို့၏ ဆင်းမ်ကတ်များ ကို သတ်မှတ်နှုန်းထားအတိုင်းသား ဝယ်ယူရရှိနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အသုံးပြုလိုသူများအနေဖြင့် မကြာမီ ရက်အနည်းငယ် အတွင်း ရောင်းချသည့် မည်သည့်ဆိုင်တွင်မဆို တန်းစီရန်မလိုဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်မည်ဟု သတင်းရရှိသည်။

Ooredoo Myanmarသည် မကြာမီရက်အနည်းငယ်အတွင်း ဆင်းမ်ကတ်နှင့် အင်တာနက်ဝန်ဆောင်မှုများကို တရားဝင် စတင်ရောင်းချနိုင်ရန် အတွက် ဖြန့်ချိရေး လမ်းကြောင်းများသို့ ဆင်းမ်ကတ်များကို ရောက်ရှိအောင်ဆောင်ရွက်နေပြီဖြစ်သည်။

အော်ရီဒူးဖုန်းလိုင်းများသည် လက်ရှိအချိန်၌ ဈေးကွက်အတွင်း ကြိုတင်ရောင်းချမှုများရှိနေသော်လည်း အမှန်တကယ်ရောင်းချမည့် နေ့ရက်မှာ သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်သည့်အတွက် အဆိုပါနေ့ရက်မတိုင်ခင် အသုံးပြုသူများသည် Error များနှင့် ကြုံတွေ့နိုင်ကြောင်း ကြေညာထားရှိသည်။

အော်ရီဒူး၏ Call Center နံပါတ်သည် ၂၃၄ ဖြစ်ပြီး သုံးစွဲရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရပါက အဆိုပါနံပါတ်ဆီသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ အော်ရီဒူးဖုန်းလိုင်းများသည် ၃ လအတွင်း သုံးစွဲခြင်းမရှိပါက လိုင်းပိတ်သိမ်းခံရမည်ဖြစ်ပြီး ဆင်းမ်ကတ်များကို မှတ်ပုံတင်မိတ္တူပါရှိမှသာ ရောင်းချသည်ဟုသိရသည်။ လက်ရှိကြိုတင်ရောင်းချပေးနေသည့် အော်ရီဒူး မိုဘိုင်းဆင်းမ်ကတ်များသည် သတ်မှတ်ထားသည့် ၁၅ ရက်နေ့မတိုင်ခင် ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာကို အခမဲ့အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *