Mobile, News, Review

4G ကွန်ယက်ကို အလွယ်တကူ ဖွင့်ပေးနိုင်သည်ဟု Ooredooပြော

4G ကွန်ယက်ကို အလွယ်တကူ ဖွင့်ပေးနိုင်သည်ဟု Ooredooပြော

မိုဘိုင်းဖုန်းအသုံးပြုသူများ၏ ပျမ်းမျှ၀င်ငွေမြင့်တက်လာပြီး 4G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်သော မိုဘိုင်းဟန်းဆက်များကိုင်ဆောင်လာနိုင်သည့်အခါ နောက်ဆုံးပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန်ရက်ကို အလွယ်တကူဖွင့်ပေးသွားမည်ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှပြောရေးဆို ခွင့်ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။

“နိုင်ငံတကာ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုအနေနဲ့ 4G အဆင့် စဖို့ဆိုတာမခက်ပါဘူး။ ဒါပေမယ့် အသုံးပြုသူလက်ထဲမှာ 4G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်တဲ့ လက်ကိုင်ဖုန်းတွေ ရှိနေဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ ပျမ်းမျှ၀င် ငွေစံနှုန်းမြင့်တက်လာပြီး လူတိုင်း လက်ထဲမှာ 4G ကွန်ရက်အသုံးပြု နိုင်တဲ့ဟန်းဆက်တွေ ကိုင်ဆောင်လာနိုင်တဲ့အခါကြရင် ကွန်ရက်ကို ရုံးသုံးကွန်ပျူတာကနေ အဆင့်မြှင့်ပေးလိုက်ရုံပါပဲ” ဟု ဒေါ်သီရိ ကြာညိုကဆိုသည်။

လက်ရှိအချိန်၌ အော်ရီဒူး၏ အဓိက ပြိုင်ဘက်ဖြစ်သည့် တယ်လီနောသည် 2Gနှင့် 3G ကွန်ရက်မိုဘိုင်းဖုန်းလိုင်းများကို ချထားပေးမည်ဖြစ်ပြီး အော်ရီဒူး သည် 3G အဆင့်မိုဘိုင်းဖုန်းလိုင်း တစ်ခုတည်းကိုသာချထားပေး မည်ဟု ကြေညာခဲ့ကြသည်။ ၄င်းတို့ကုမ္ပဏီနှစ်ခုသည် နောက်ဆုံး ပေါ်ကွန်ရက်ဖြစ်သည့် 4G ကွန်ရက်ကို အဆင်သင့်ပြင်ဆင်ထားသော်လည်း မိုဘိုင်းဖုန်းလိုင်းများ ပထမအဆင့် စတင်အသုံးပြုခွင့် ပေးသည့်အခါ အဆိုပါကွန်ရက်ကို အသုံးပြုခွင့်ပေးအပ်သွားမည် မဟုတ်ကြောင်းသိရသည်။

“4G LTE စနစ်ကို ထောက်ပံ့ပေးတဲ့ ဟန်းဆက်တွေက စျေးကွက်ထဲမှာရောင်းအားနည်းသေးတယ်။ 4G ရဲ့အဓိက အားသာချက်ကတော့ ဗီဒီယိုစနစ်အရမ်း ကောင်းတာလို့ အကြမ်းဖျင်းပြောလို့ရတယ်။ စျေးကွက်ထဲမှာ 4G စနစ်ကိုထောက်ပံ့ပေးတဲ့ ဟန်းဆက်တွေ မရှိဘူးဆိုတာတော့ မဟုတ်ဘူး။ Samsungရဲ့ Note 3 ဆိုရင်လည်း 3Gနဲ့ 4G ဆိုပြီး နှစ်မျိုး စျေးကွက်ထဲမှာရှိနေတာပဲ။ ဒါပေမယ့် 4G စနစ်ပါလာရင် စျေးက နှစ်သောင်းလောက်တော့ ကွာကြမယ်ထင်တယ်။ လူတွေက ဒီမှာလည်း 4Gကို သုံးလို့မရတော့ စျေးကြီးမသုံးကြတော့ဘူး” ဟု ACE ဟန်းဆက်အရောင်းဆိုင်မှ ဦးသန်းထိုက်က ပြောသည်။

အော်ရီဒူးမြန်မာသည် ၄င်းတို့၏ ဆင်းမ်ကတ်များကို လက်ကိုင် ဖုန်းများနှင့် တွဲဖက်ရောင်းချရန် ပြင်ဆင်ထားကြောင်း အဆိုပါ လက်ကိုင်ဖုန်းများသည် 3G ကွန်ရက်ကိုထောက်ပံ့ပေးနိုင်သည့် လက်ကိုင်ဖုန်းများဖြစ်ပြီး စျေးနှုန်းကို အများပြည်သူ အသုံးပြုနိုင်သည့် စျေးနှုန်းအဖြစ် သက်မှတ် ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အလားတူ တယ်လီနောသည်လည်း ၄င်းတို့၏ ဆင်းမ်ကတ်များကို မိုဘိုင်းဟန်းဆက်များနှင့် တွဲဖက်ရောင်းချပေးသွားမည်ဟုသိရသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *