News

Nissanကလည်း “Nismo Smart Watch”

အီလက်ထရောနစ် ကုမ္ပဏီတွေနဲ့ Chipထုတ်လုပ်တဲ့ ကုမ္ပဏီတွေသာ Smart Watchလိုမျိုး ၀တ်ဆင်သုံးစွဲနိုင်တဲ့ နည်းပညာ ပစ္စည်းတွေကို ထုတ်လုပ်နေတာ မဟုတ်ပါဘူး။ ကမ္ဘာကျော် ကားကုမ္ပဏီ Nissanကလည်း စမတ်နာရီတစ်လုံး ထုတ်လုပ်တော့မယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ စမတ်နာရီဟာ ကားနဲ့ ကားမောင်းသူကို ချိတ်ဆက်ပေးမယ့် ပထမဆုံး စမတ်နာရီပဲ ဖြစ်ပါတယ်။ အဆိုပါ နာရီကို Nismo Watchလို့ နာမည်ပေးထားပြီး Nissanအနေနဲ့ Frankfurtပြပွဲမှာ မိတ်ဆက်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အမြန်ဆုံး လုပ်ဆောင်နေတာ ဖြစ်ပြီး ၀တ်ဆင်နိုင်တဲ့ နည်းပညာလောကထဲကို ၀င်ရောက်လာတဲ့ Nissanရဲ့ ပထမဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။

အဆိုပါ Nismo Watchဟာ Nissanက ထုတ်လုပ်တဲ့ Nismoကားတွေကို မောင်းနှင်ဖို့ ဖြစ်ပြီး ပုံမှန်စမတ်နာရီတွေနဲ့ ကွာခြားမှာ ဖြစ်ပါတယ်။ စမတ်နာရီ အများစုဟာ စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုဖို့ ဖန်တီးထားတာ ဖြစ်ပြီး ဒီNismo Watchကတော့ သင့်ကားနဲ့ ချိတ်ဆက်ဖို့ ဖန်တီးထားတဲ့ စမတ်နာရီတစ်လုံးပဲ ဖြစ်ပါတယ်။ ဒီနာရီဟာ Appတစ်ခုခု သို့မဟုတ် Bluetooth Deviceတစ်ခုခုကို သုံးပြီး သင့်ကားနဲ့ ချိတ်ဆက်ကာ ကားရဲ့အချက်အလက်တွေ ကိုတိုင်းတာ ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်နဲ့ ဆီစားနှုန်းကိုလည်း ထိန်းကျောင်းနိုင်ပြီး Nissanရဲ့ ကားMessageတွေကိုပါ ရယူနိုင်မှာ ဖြစ်ပါတယ်။

Nissanရဲ့ ပြောကြားချက်အရ အဆိုပါNismo Watchဟာ အသုံးပြုသူရဲ့ Twitter, Facebookစတဲ့ လူမှုကွန်ရက် Performanceတွေကိုပါ ၎င်းရဲ့ Social Speedဆိုတဲ့ Softwareကို သုံးပြီး တိုင်းတာ သိရှိနိုင်မယ်လို့ ဆိုထားပါတယ်။ ဒီနာရီဟာ Nissanရဲ့ ယခုနှစ်အစောပိုင်းက ဖွင့်လှစ်လိုက်တဲ့ Nismo Labမှ ထွက်ရှိလာတာ ဖြစ်ပြီး အဆိုပါLabဟာ Nismoပြိုင်ပွဲတွေရဲ့ Biometricနဲ့ Telematicsအချက်အလက် တွေကို ရယူလုပ်ဆောင် ပေးနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ယခု ထုတ်လုပ်တော့မယ့် Nismo Watchကို အသုံးပြုကာ Nissanအနေနဲ့ Driverတွေ အတွက် အချက်အလက်တွေ ထောက်ပံ့ပေးနိုင်လိမ့်မယ် လို့လည်း မျှော်လင့်ထားကြောင်း သိရပါတယ်။ ဆက်လက်ပြီးတော့လည်း ဒီစနစ်ကို အခြားနယ်ပယ်တွေမှာပါ အသုံးပြုနိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။

အနာဂါတ်မှာလည်း Nismo Labဟာ ECG, EEGနဲ့ အရေပြား အပူချိန် တိုင်းတာဖို့ Sensorတွေပါ ထုတ်လုပ်သွားဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ Nismo Watchလို့ ခေါ်တဲ့ ဒီစမတ်နာရီဟာ အဖြူ၊ အနက်၊ အနက်နဲ့ အနီဆိုပြီး ကာလာသုံးမျိုး လာမှာဖြစ်ပါတယ်။ ခလုတ်နှစ်ခု ပါ၀င်ကာ ပုံမှန်သုံးစွဲမှု အတွက် Batteryသက်တမ်း ၇ရက်အထက် အသုံးခံမယ်လို့လည်း သိရပါတယ်။ Nissanအနေနဲ့ ဒီလိုထုတ်လုပ် လိုက်တာဟာ ကောင်းမွန်တဲ့ အိုင်ဒီယာ တစ်ခုဖြစ်ပြီး ကားမောင်းသူအနေနဲ့ ကားဘာဖြစ်နေတယ်ဆိုတာ သိနိုင်မှာပဲ ဖြစ်ပါတယ်။

မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ Nissanရဲ့ စမတ်နာရီ ပုံကိုလည်း တင်ဆက်ပေးလိုက် ပါတယ်။ ဒီလိုကားနဲ့ ချိတ်ဆက်ပေးမယ့် စမတ်နာရီကို ဘယ်လိုထင်မြင်မိလဲ ဆိုတာကို မှတ်ချက်ပေးသွားကြပါဦး။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *