News

အငြိမ်းစားစစ်တပ် အရာရှိကြီးများ ဦးဆောင်မည့် မထသ မြို့တွင်း ကော်မတီပြန့်ဖွဲ့မည်ဟုဆို

ယခင် တပ်မတော်အစိုးရ လက်ထက်မှ အငြိမ်းစားဗိုလ်မှူးကြီးများဖြင့် ပါ၀င်ဖွဲ့စည်းထားသည့် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မြို့တွင်း)ကို စက်တင်ဘာ ၉ရက်တွင် အသစ် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ဖွဲ့စည်းရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမှတ်ပေးသည့် ဖွဲ့စည်းမှုပုံစံအရ အဖွဲ့၀င် ကိုးဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းအနက် ဥက္ကဌ အတွင်းရေးမှူးနှင့် အဖွဲ့၀င် နှစ်ဦးပေါင်း လေးဦးကို အစိုးရက သတ်မှတ်ပေးမည်ဖြစ်ပြီး ဒုတိယဥက္ကဌ၊ အတွင်းရေးမှူး တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့၀င်နှစ်ဦးပေါင်း၊ ငါးဦးကို ယာဉ်မောင်းနှင့် စပယ်ယာများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်ဟု ဆိုသည်။

ယင်းနှင့် ပတ်သက်၍ ၃၉ယာဉ်လိုင်းမှ ကားပိုင်ရှင် ဦးမောင်ထွဋ်က “ခုလို ဖွဲ့စည်းထားတာက ကျွန်တော်တို့ဆန္ဒနဲ့တော့ မကိုက်ညီပါဘူး။ ဒါပေမယ့် ခုဖွဲ့စည်းပုံကို ကျွန်တော်တို့ လက်မခံဘူးဆိုရင် လက်ရှိကော်မတီက ဆက်ပြီး အုပ်ချူပ်သွားဖို့ အခွင့်အရေး ရသွားလိမ့်မယ်။ အဲဒီလိုရသွားရင် ယာဉ်ပိုင်ရှင်နဲ့ ယာဉ်လုပ်သားတွေထပ်ပြီး နစ်နာစရာ အကြောင်းတွေ ပေါ်ပေါက်လာမယ်။ ဒါကြောင့် ကျွန်တော်တို့ လိုချင်တဲ့ ပုံစံမဟုတ်ပေမယ့် ခုလို လက်ခံပေးလိုက်ရတာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာကို ပြောသည်။

စက်တင်ဘာ ၁၂ရက်တွင် စတင်ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း ဆွေးနွေးရန်ရှိသည့် ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ဥပဒေမူကြမ်းအပိုဒ် (၃)တွင် ဖော်ပြပါရှိသည့် မထသ ကော်မတီကို ယာဉ်ပိုင်ရှင်များကိုသာ အခြေပြုပြီး ဒီမိုကရေစီ နည်းကျကျ ဖွဲ့စည်းထားသည့် ကော်မတီသစ်တစ်ရပ်ကို ဖွဲ့စည်းပေးရန် ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်း ဦးတင်မောင်ထွဋ်က ဆက်လက်ပြောဆိုသည်။ မထသ (မြို့တွင်း) ကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ အဆိုပါ ကော်မတီ ဥက္ကဌဦးတင်ထွဋ်က “ဒီကိစ္စနှင့် ပတ်သက်ပြီး ဘာမှလည်း မပြောချင်ဘူး။ ဘာမှလည်း သုံးသပ်စရာ မရှိပါဘူး”ဟု ပြောသည်။

ယခင်ဖွဲ့စည်းထားသည့် မ.ထ.သ (မြို့တွင်း)ကော်မတီတွင် စုစုပေါင်း ရှစ်ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အငြိမ်းစား တပ်မတော် အရာရှိကြီးများ ပါ၀င်နေကာ ယင်းတို့၏ စီမံခန့်ခွဲမှုသည် ခေတ်စနစ်နှင့် မကိုက်ညီတော့ သည့်အတွက် မထသကော်မတီ (မြို့တွင်း)ကို ယာဉ်ပိုင်ရှင်များဖြင့် ပြန်လည်ဖွဲ့စည်းပေးရန် ဇူလိုင် ၂၈ရက်က တော်၀င်နှင်းဆီခန်းမတွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ခြင်း တစ်လပြည့်မြောက်သည့် သြဂုတ် ၂၇ရက်တွင် ယခုကဲ့သို့ အသစ်ပြန်လည် ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များကပြောသည်။

“စစ်ဗိုလ် အငြိမ်းစားတွေ ပါ၀င်နေတဲ့အတွက် မူဝါဒရေးရာပိုင်းနဲ့ ယာဉ်ပိုင်းဆိုင်ရာ စည်းကမ်းပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေ တင်ပြတောင်းဆိုရင် အပေါ်ကနေ ဆုံးဖြတ်မှ သူတို့လုပ်ပေးမယ်ဆိုတဲ့ သဘောမျိုးပြောတယ်။ သူတို့လုပ်ပိုင်ခွင့်က တစ်ခုမှ မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေ အနေနဲ့ အခက်အခဲ အများကြီးကြုံရတယ်”ဟု ၄၃အထူးယာဉ်လိုင်းမှ ကားပိုင်ရှင် ဦးမင်းဇော်က ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်ဟု ဆိုသည်။

အသစ်ထပ်မံ ရွေးချယ်သည့် မထသ (မြို့တွင်း) ကော်မတီ အသစ်ပြန်ဖွဲ့ရန် စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ၃၁လိုင်း ယာဉ်ပိုင်ရှင်တစ်ဦးက “အခု အဖွဲ့အစည်းမှာ အစိုးရက သတ်မှတ်ထားတဲ့ လူလေးဦးပါတယ်။ အဲဒီလေးဦးထဲက ဘယ်သူတွေပါမယ်ဆိုတာတော့ မသိသေးပါဘူး။ ဒါပေမယ့် မထသ ဗဟိုက ယခင်တပ်မတော် အရာရှိကြီး အငြိမ်းစား ဒုဥက္ကဌ ဦးလှသောင်းကို ဥက္ကဌအဖြစ်နဲ့ ဖွဲ့ပေးမယ်လို့လည်း ပြောသံကြားနေတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ သတ်မှတ်ပေးလိုက်တဲ့ လေးယောက်ကိုတော့ ကျွန်တော်တို့ ကန့်ကွက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လိုချင်တာက ယာဉ်ပိုင်ရှင်တွေနဲ့ သီးသန့် ဖွဲ့စည်းထားတဲ့ ကော်မတီကိုပဲ လိုချင်တာပါ။ အရင်တုန်းကလို တပ်မတော် အငြိမ်းစားတွေ ပါလာရင်တော့ ဘာမှထူးမှာ မဟုတ်ပါဘူး။ အဖွဲ့က အရင်အတိုင်းပဲ ပြန်ဖြစ်နေမှာပါ။ ကျွန်တော်တို့ လိုချင်တာက မူလည်းပြောင်းချင်တယ်။ လူလည်းပြောင်းချင်ပါတယ်”ဟု သုံးသပ်ပြောကြားသည်။

အဆိုပါ ကော်မတီသစ်ကို စက်တင်ဘာ ၉ရက်နေ့ နံနက် ၉နာရီမှ စတင်ကာ မထသ (မြို့တွင်း) ရုံးချူပ်၌ ဖွဲ့စည်းသွားမည်ဖြစ်သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *