News

ပဲခူးတွင် NISSAN ကားစက်ရုံ တည်ဆောက်မည်

မလေးရှားနိုင်ငံ NISSAN မော်တော်ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီမှ ပဲခူးတိုင်း ဒေသကြီးတွင် စက်ရုံ တည်ဆောက်ကာ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချရန် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုလိုက်ကြောင်း သိရသည်။ မလေးရှားနိုင်ငံ NISSANမော်တော်ကား ကုမ္ပဏီတစ်ခုဖြစ်သည့် ETCM (MM) Pte., Ltdက ပြည်တွင်း၌ Tan Chong Motor (Myanmar)ကုမ္ပဏီအနေဖြင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပြီး APM Auto Components Myanmar ကုမ္ပဏီက မော်တော်ကား အပိုပစ္စည်းများ ထုတ်လုပ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက “ပဲခူးတိုင်းရဲ့ ပြင်ပ စက်မှုမြေနေရာမှာ လုပ်ဖို့တော့ မလေးရှား ကုမ္ပဏီက NISSAN ကားတွေ ထုတ်ဖို့ ရှိတယ်။ လက်ရှိမှာ ခွင့်ပြုထားတယ်”ဟု ပြောသည်။ အဆိုပါ NISSANမော်တော်ယာဉ် တည်ဆောက်ရေး စက်ရုံကို ပဲခူးတိုင်းဒေသကြီး ပြင်ပ စက်မှု မြေနေရာရှိ မြေဧက ၈၀တွင် တည်ထောင်မည်ဖြစ်ပြီး APM Auto Components Myanmar ကုမ္ပဏီမှ မြေဧက ၃၀တွင် မော်တော်ကား စက်အစိတ်အပိုင်းများ ထုတ်လုပ်မည်ဖြစ်ကာ ကျန်ဧက ၅၀တွင် Tan Chong Motor (Myanmar) ကုမ္ပဏီက မော်တော်ယာဉ်ကိုယ်ထည်ပိုင်းကို တာဝန်ယူ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ NISSAN ကားစက်ရုံ တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍ အောင်ကမ္ဘာကားအရောင်းစင်တာမှ ကိုငယ်က “အရောင်းစင်တာတွေအတွက်တော့ သိပ်ပြီး စိုးရိမ်စရာ မရှိဘူး။ အသစ်ဆိုရင် ကျပ်သိန်း ၃၀၀နဲ့မှ အနိမ့်ဆုံးရောင်းကြမှာ။ အဟောင်းကတော့ ကျပ်သိန်း ၁၀၀ဝန်းကျင်နဲ့ ဝယ်စီးနိုင်တယ်။ ထိုင်းမှာ NISSAN မော်တော်ကား ထုတ်တာပဲ။ ဒါပေမယ့် ဂျပန်ကို ပြန်ရောင်းတယ်။ ဒီမှာလည်း အဲဒီလို ဖြစ်နိုင်တယ်။ ဒီမှာက တခြားထက်စာရင် လုပ်သားတို့ အခွန်တို့က သက်သာတော့ သူတို့အတွက် တွက်ခြေကိုက်တယ်”ဟု ဆိုသည်။

သက်ထား ကားအရောင်းစင်တာမှ ဦးအောင်မြင့်ထူးကလည်း “ဒီမှာ ထုတ်မယ်ဆိုပေမယ့် ဘယ်လောက် ကြာဦးမယ် မသိဘူး။ ဒီမှာ တပ်ဆင်ပြီး ထုတ်မယ်ဆိုရင်တော့ ပစ်ကပ်အမျိုးအစားလောက်ပဲ ဖြစ်နိုင်တယ်။ ဆလွန်းထုတ်လည်း တစ်မျိုးနှစ်မျိုးလောက်ပဲ လုပ်နိုင်မယ်ဆိုရင်တော့ အရောင်းစင်တာတွေကို ထိခိုက်မှု မရှိနိုင်ဘူး။ ဒီမှာလာထုတ်တော့ ကားသစ်စီးရတာပေါ့”ဟု သူ၏ ထင်မြင်ချက်ကို ပြောပြသည်။

ကားဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးဝေဖြိုးက “နိုင်ငံခြားကား ကုမ္ပဏီတွေ အခုလို ပြည်တွင်းမှာ ကားလာထုတ်တာတော့ ပြည်သူတွေအတွက် ကောင်းပါတယ်။ လက်ရှိကားဝယ်တဲ့သူတွေ ကားတန်ဖိုးရော၊ သယ်ယူစရိတ်၊ ဝန်ဆောင်မှုစရိတ်တွေ ပေးနေရတာ သက်သာသွားတာပေါ့။ ဒါပေမယ့် ဘယ်လိုကားမျိုး ထုတ်မယ်တော့ မသိဘူး။ လူတန်းစားမရွေး စီးနိုင်တဲ့ ကားမျိုးဖြစ်ရင် ပိုကောင်းတာပေါ့”ဟု သုံးသပ်ပြောကြားသည်။

အဆိုပါ NISSAN ကားထုတ်လုပ်ဖြန့်ဖြူးခွင့်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သြဂုတ်လ ၁၅ရက်နေ့က ပြုလုပ်သည့် (၂၁/၂၀၁၃) အစည်းအဝေးတွင် ရာနှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *