Health, Opinion

‘‘ဂျင်း’’ မဟုတ်သော ‘‘ဂျင်း’’ (အပိုင်း ၁)

plus.google.com

‘‘ဗျို့ဆရာကြီး၊ ခဏလေး ခဏ’’ နောက်မှ ခေါ်လိုက်သော အသံကြောင့် ကျွန်တော့ ခြေလှမ်းများ အလိုလို ရပ်တန့်သွားသည်။ ရုံးပိတ်ရက်တစ်ရက် ဖြစ်သဖြင့် တစ်မနက်တာ လူနာများကို လှည့်လည် ကြည့်ရှု့ ခြင်း (Ward Round) ပြီးရာမှ အိမ်သို့ ပြန်လာရာလမ်းတွင် မည်သူက ခေါ်သနည်းဟု တအ့ံတသြ နောက်လှည့်ကြည့်မိသည်။

‘‘သြော်… ဘယ်သူများလဲလို့ ဆရာလေး ကို၀င်းနိုင်ပါလား၊ ဆိုပါဦးဗျာ၊ ဘာကိစ္စ’’
မိမိ ဤနယ်သို့ ရောက်စဉ်ကတည်းက မိမိကဲ့သို့ပင် တာ၀န်ကျရာ ဤမြို့သို့ အထက်တန်းပြ ဆရာတစ်ဦးအဖြစ် တာ၀န် လာရောက် ထမ်းဆောင်နေသော လူပျိုသိုးကြီး ကျောင်းဆရာ ကို၀င်းနိုင် အမောတကောဖြင့် ပြေးလိုက်လာသည်ကို တွေ့ရသဖြင့် ပြန်လည် နှုတ်ဆက်ရင်း ရပ်စောင့်နေမိသည်။

‘‘ဆရာကြီးဆီ လာမယ် လာမယ်နဲ့ ကြံစည်နေတာ’’ ‘‘ခုလို တိုက်ဆိုင်မှပဲ တွေ့ရတာ ဆရာကြီးအားရင် ကျွန်တော်နဲ့ ပေ့ယာဆိုင် သွားကြရအောင်ဗျာ’’ ‘‘ စကားလဲပြောရင်း နေ့လည်စာလည်း စားကြတာပေါ့’’ မိမိထက် အသက်(၅)နှစ်မျှသာ ငယ်သော်ငြားလည်း ရိုရိုသေသေ ခေါ်တတ်သည့် ဆရာ ကို၀င်းနိုင်က ဤမြို့ရှိ နာမည်ကြီး (တစ်ခုတည်းသော တရုတ် စားသောက်ဆိုင်) ပေ့ယာ (တရုတ်ဘာသာဖြင့် ဦးလေးကြီး ဘကြီးတော်သူဟု ခေါ်လေ့ရှိသော) စားသောက်ဆိုင်သို့ သွားရန် မဲဆွယ်နေသဖြင့် တရုတ်စာ ကြိုက်တတ်သော ကျွန်တော့အဖို့ မငြင်းနိုင်ဘဲ ‘‘ok လေ သွားကြတာပေါ့၊ ကျွန်တော် ၀ယ်ကျေွးမှာနော်’’ ‘‘ဘယ်ဟုတ်မလဲ ဆရာရယ်၊

ကျွန်တော်က စခေါ်တာပဲ ကျွန်တော့် တာ၀န်ထားပါ’’ ပီတိကို စား၍ အားရှိနေသော စေတနာ ဝါသနာ အနစ်နာ ‘‘နာ(၃)နာ’’ဖြင့် ကလေးသူငယ်များကို စာပေသင်ကြားပေးနေသော၊ ချမ်းသာသော မိဘများမှ ပေါက်ဖွားလာသဖြင့် ငွေကြေးကဏ္႑ မပူပင်ရသော ဆရာလေး ကို၀င်းနိုင်၏ စိတ်ဓာတ်ကား ချီးကျူးစရာ ကောင်းလှသည်။ ထို့ကြောင့်လည်း ထိုသို့သော ဆရာမျိုးကို အနနေ္တာ အနန္တ ငါးပါးတွင် ထည့်သွင်းခဲ့ကြသည် မဟုတ်ပါလော။

မကြီးမား မကျယ်၀န်းလှသော မြို့လေးတစ်မြို့၏ အစည်ကားဆုံး ရပ်ကွက်သည်ကား ဆေးရုံနှင့် အနီးတစ်၀ိုက်တွင်သာ ရှိသဖြင့် နှစ်ဦးသား စကားစမည် ပြောရင်း ခြေလှမ်း ဘယ်နှစ်လှမ်းမှပင် မလှမ်းရ။ ပေ့ယာဆိုင်သို့ ရောက်ရှိခဲ့ကြသည်။ စားဖွယ်ရာ သုံးလေးမျိုးကို မှာကြားပြီးသည့်နောက် ‘‘ကဲ ဆိုပါဦး ဆရာလေးရ အလောတကြီး တွေ့ချင်ရတဲ့အကြောင်း’’ ‘‘ဒီလိုပါ ဆရာ ရန်ကုန်က ကျွန်တော့ညီမက…’’ အစပြုပြီး နှမဖြစ်သူ၏ မေတ္တာရေး လမ်းကြောင်း အဖုအထစ် အခက်အခဲ မိဘ သဘောမတူသည့်ကြားမှ တိတ်တဆိတ် ခိုးရာလိုက်ပြေးရာမှ မိသားစု၏ အိမ်တွင်းရေး ကစဥ့်ကလျား ဖြစ်ပုံများကို အစမှ အဆုံး ခရား ရေသွန်သကဲ့သို့ ရင်ဖွင့်သည်များကို နားထောင်ရသည်။

တစ်နယ်တစ်ကြေးသို့ မိသားစုနှင့် ေ၀းေ၀းလံလံ လာရသူများအဖို့ တစ်ဦးကို တစ်ဦး ကိုယ်ချင်းစာမိသလို ဆွေမျိုးရင်းခြာများကဲ့သို့လည်း ကူညီစောင့်ရှောက်ကြရသဖြင့် မိမိအား သာမန် ရင်ဖွင့်ပြောကြားသည်ဟု ထင်မှတ် နားထောင်ရင်း မှာကြားထားသော ဟင်းလျာများကို မြည်းစမ်း စားသောက်နေမိသည်။
‘‘ဆရာ့ကို မေးချင်တာက မျိုးရိုးကိစ္စပါ ဆရာ’’ ထိုစကားသံကြားမှ မိမိ၏ အာရုံသည် ‘‘ဘာများလဲဟ’’ဟူသော မေးခွန်းနှင့်အတူ နိုးကြားလာမိသည်။

‘‘ကောင်လေးဘက်က ဆင်းရဲတယ် ဆရာ၊ ပညာတတ်တွေလဲ မဟုတ်ဘူး’’ ထိုအခါမှ ‘‘သြော် သူပြောတဲ့ မျိုးရိုးဆိုတာ ပဏာသနတွေကို ပြောနေတာပဲ’’ဟု သဘောပေါက်ကာ အသစ်ချလာသော ဟင်းပွဲများသို့ မျက်စိ ရောက်သွားပြန်သည်။ ‘‘သူတို့ မိသားစုထဲမှာ သူငယ်နာ မစင်တဲ့ ညီလေးတစ်ယောက် ပါနေတယ်’’ ‘‘အဲဒါ အမေတို့က ညီမလေးကို ဒီလိုမျိုးရိုးနဲ့ ယူရင် ဒီလို ကလေးပဲ ရလိမ့်မယ်လို့ ပြောကြတော့ ကျွန်တော်လည်း စိတ်မကောင်းဘူး ဆရာ’’ ‘‘ညီမလေးကို ချစ်လဲ ချစ်တယ် သနားလဲ သနားတယ်’’ ပြောရင်းနဲ့ မျက်နှာ ပျက်သွားသော ဆရာလေး ကို၀င်းနိုင်ကို ဂရုဏာ သက်မိသည်။

‘‘အေးပေါ့ ဆရာလေးရာ အရာရာအားလုံးက သူ့ကံနဲ့သူ ဖြစ်လာကြရတာ၊ ကိုယ်က ပြုပြင်ဖန်တီးလို့မှ မရနိုင်တာဘဲ’’ ‘‘ကျွန်တော်ဆိုလိုတာက ညီမလေး မေတ္တာရေးနဲ့ဘ၀ကို ပြောတာနော’’ သူရဲ့ ကောင်လေး မျိုးရိုးဆိုတာနဲ့ သူညီလေးကိစ္စကို ဆိုလိုတာ မဟုတ်ဘူး၊ အဲဒီကိစ္စက ‘‘ဆရာလေးကို ကျွန်တော်သိသလောက် ရှင်းပြမယ်’’ ‘‘လုပ်ပါ ဆရာကြီးရာ အဲဒါကြောင့်လဲ ဆရာကြီးနဲ့ တွေ့ချင်နေတာ’’ ‘‘ညီမလေးတို့က အိမ်ထောင် ပြုပြီးသွားပြီဆိုတာ့ သားသမီး ရလာကြမှာပဲ’’ ‘‘အဲဒါ ဟိုဘက်က မကောင်းတဲ့ မျိုးရိုးတွေ မပါအောင် လုပ်လို့ မရဘူးလား’’ ‘‘ကျွန်တော် ကြားဖူးတာက အခု နိုင်ငံခြားမှာဆိုရင် Gene (မျုးိရိုးဗီဇ) ‘‘ဂျင်း’’ကို ပြုပြင်နိုင်ကြပြီဆို၊ အဲဒါဟုတ်လား ဆရာ …’’ ဟွန်း သက်ပြင်းရှည်ကြီး ချမိပြီးနောက် စဉ်းစားမိသည်။ ‘‘ငါတော့ ဒီနေ့ ဟောရင်း မောရဦးမယ် အစားမတော် တစ်လုပ်ပါလား’’ဟု…

‘‘ဟုတ်ပြီ ဆရာ ၀င်းနိုင်ရေ၊ ဒီနေ့ ဒါဆို ကျွန်တော်တို့ ဆွေးနွေးရမယ့် ကိစ္စက (၃) ခုတောင် ရှိပြီလို့ ကျွန်တော် မြင်တယ်။’’ ‘‘ပထမ တစ်ခုက ခင်ဗျား ယောက်ဖရဲ့ မျိုးရိုးထဲမှာ သူငယ်နာ မစင်တဲ့ ကလေး တစ်ယောက်ပါတယ်’’ ဆိုတဲ့ကိစ္စ။ ဒုတိယက Gene (ဂျင်း) ကိစ္စ။ ဒီဟင်းချိုထဲက ‘‘ဂျင်း’’ မဟုတ်တဲ့ ‘‘ဂျင်း’’ ပေါ့ဗျာ။ တတိယက ‘‘ဂျင်းကို ပြုပြင်ခြင်း’’ ကိစ္စပေါ့။

‘‘Morning Shows the Day’’ဆိုသော စကားပုံလေးသည် အဓိပ္ပါယ်များစွာ သက်ရောက်မှုရှိသည်ကို ငယ်စဉ်ကလေးဘ၀ကတော့ ကောင်းစွာ နားမလည်ခဲ့မိပါ။ မြန်မာစကားပုံတွင်လည်း ‘‘အစကောင်းမှ အနှောင်းသေချာ’’ ဆိုသည်လည်း ရှိပေသည်။ နေ့တစ်နေ့တာ၏ အစပထမသည် နံနက်ခင်းတစ်ခုဖြစ်သည်မှာ မလွဲဧကန် စင်စစ်ဖြစ်သဖြင့် ထိုနံနက်ခင်းသည် ကြည်လင်သာယာသော နံနက်ခင်းမျိုးလား အုံ့စိုင်း မှုံမှိုင်းသော နံနက်ခင်းမျိုးလားပေါ်မူတည်၍ ထိုနေ့၏ အဖွင့်သည် လှပနိုင်သလို ခွဲခြားမှုလည်း ရှိနိုင်ပေသည်။

ထိုကဲ့သို့ပင် အလုပ််တစ်ခုကို စတင်လုပ်ကိုင်ရာတွင်လည်း အစကနဦးကတည်းက အသေအချာ အစီအစဉ်ချ ကြိုတင်ပြင်ဆင်ထားပါမှ မိမိတို့ လိုလားသော အောင်မြင်မှုပန်းတိုင်ဆိုသည်မှာလည်း လက်တစ်ကမ်းအကွာတွင် လှမ်းမီနိုင်သော အခြေအနေကို ရရှိပေတော့မည်။ သို့သော် အရာရာတိုင်းတွင် ထိုသို့သော မျိုးရိုးဗီဇက ကောင်းသည်ချည်းရရန် ပြုပြင်စီမံ၍ရ ပါလျှင် ‘‘ကိုရုပ်ဆိုး’’ဆိုသူ ပေါ်လာမည် မဟုတ်သလို ‘‘မောင်အမောန’’ တို့လည်း ပေါ်လာမည် မဟုတ်ပေ။
‘‘ဒီလို ကို၀င်းနိုင်ရဲ့ ခင်ဗျားပြောတဲ့ သူငယ်နာ မစင်တဲ့ ညီငယ်လေးဆိုတာကို ကျွန်တော် မမြင်ရပေမယ့် ဖြစ်နိုင်ချေများတာကို ပြောပြမယ်နော်။’’ Cerebral Palsyလို့ ခေါ်တဲ့ ဖွ့ံဖြိုးဆဲ ဦးနှောက်ကို တစ်စုံတစ်ရာသော အကြောင်းတစ်ခုခုကြောင့် ဖွွွွွွံ့ဖြိုးမှု ရပ်တန့်စေနိုင်တဲ့ရောဂါ ဖြစ်ဖို့များတယ်။

အဲဒီရောဂါက မိခင် ကိုယ်၀န်ဆောင်စဉ်မှာရော မီးတွင်း ကာလဖွားစဉ်မှာရော ဖွားပြီးကာလကနေ ကလေးအသက်(၃)နှစ်လောက် ၀န်းကျင်အတွင်းမှာ ဦးနှောက် ထိခိုက်သွားတတ်တာ။ အကြောင်းအရင်း လက်ဆုပ် လက်ကိုင် ရှာလို့ မရတာ (Idiopathic)ကတောင် (၇၀) ရာခိုင်နှုန်းလောက်ရှိတယ်။ မိဘ မျိုးရိုးဗီဇကြောင့်လဲ ဖြစ်နို်င်တယ်ဆိုပေမယ့် ဒါမျိုးကလေးတစ်ယောက် မျိုးရိုးထဲရှိတာနဲ့ ဒါမျိုးတွေပဲ ထပ်မွေးလာရမယ်လို့ မယူဆရဘူး။ အဲ မျိုးရိုးလိုက်တယ်ဆိုတဲ့ တခြားကြောက်ရတဲ့ ရောဂါတွေတော့ ရှိတာပေါ့။’’

‘‘အကြမ်းဖျင်း ပြောရမယ်ဆိုရင် ကလေးဆိုတာ အဖေ့ဆီက ဗီဇ တစ်၀က်၊ အမေ့ဆီက တစ်၀က် ပေါင်းပြီး ဖြစ်ပေါ်လာတာ။’’ ‘‘ဟုတ်ပြီ ဆရာ ပြောပါဦး ကျွန်တော်တို့ ကြားဖူးတာ Geneတို့ PNAတို့ အားလုံး အတူတူပဲလား’’ ဆရာလေး ကို၀င်းနိုင်မှ ၀င်းလဲ့သော မျက်လုံး လန်းဆန်းတက်ကြွသော အမူအရာဖြင့် ‘‘နာခံရန် အသင့်’’ ပုံစံဖြင့် နားထောင်နေသည်။ ဆရာလေးလဲ ကျောင်းဆရာဆိုတော့ အနည်းအပါးတော့ သိထားတာတွေ ရှိိိမှာပါ။ ကျွန်တော်တို့ ခန ္ဓ ာကိုယ်ဟာ ဆဲလ်(Cell) တွေနဲ့ ဖွဲ့စည်းထားတယ်။ Cellတိုင်းမှာ Nucleusလို့ခေါ်တဲ့ ပင်မ ဗဟိုထိန်းချုပ်မှု နေရာရှိတယ်။ အဲဒီ Nucleasထဲမှာ မျိုးရိုးဗီဇ အချက်အလက်တွေကို ကိုယ်စားပြု သိမ်းဆည်းထားတဲ့ 23 Chromosomes နှစ်စုံ (စုစုပေါင်း 46 Chromosomes)တွေ ရှိကြတယ်။ ဒါကိုပဲ ယေဘုယျအားဖြင့် Geneလို့ ခေါ်ကြတယ်။

46 Chromosomesကို ပြန်ခွဲရရင် ကျား မ ခွဲခြားတဲ့ ‘‘X , Y’’ စတဲ့ Sex Chromosomes နှစ်ခုနဲ့ Autosomeလို့ခေါ်တဲ့ Chromosomes (44)ခု ပါတယ်။
အဲတော့ မျိုးရိုးလိုက်တယ်ဆိုတဲ့ကိစ္စမှာ ဒီ Sex Chromosomesတွေ Autosomeတွေက အရေးပါတယ်။ အဲဒီမှာလဲ (၂) မျိုး ပြန်ခွဲနိုင်တာက အင်အားကြီးတဲ့ Dominantနဲ့ အင်အားငယ်တဲ့ Resessiveတို့ပဲ ဖြစ်တယ်။ အင်အားကြီးတယ်ဆိုတာက မိဘတစ်ဦးဦးမှာ ရောဂါရှိပြီဆိုတာနဲ့ သားသမီးတွေမှာ ရောဂါဗီဇပါလာဖို့ များတယ်။ အင်အားငယ်တဲ့ Resessiveမှာတော့ မိဘတစ်ဦးထဲ ရောဂါရှိတာဆိုရင် လက္ခဏမပြ Carrier (ရောဂါဗီဇပါလာရုံသာ) ရောဂါရှိသူ
နှစ်ဦး ပေါင်းဖက်မှ ရောဂါရှိတဲ့ ကလေး မွေးလာနိုင်တာကို ဆိုလိုတယ်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *