Automobile

Mazda RX-8

ဒီတစ်ပတ် ICT ဂျာနယ်ရဲ့ ကားပရိသတ်များအတွက် ပြည်တွင်းမှာ ရေပန်းစားနေတဲ့ 2007 ခုနှစ် မော်ဒယ်အထက် 1300 CC အင်ဂျင်ပါဝါ ကားများအနက် လူသိနည်းသေးတဲ့ Mazda RX-8 အမိုက်စား ပြိုင်ကားလေးကို မိတ်ဆက်ပေးပါ့မယ်။ အင်ဂျင်ပါဝါ 1300 CC သာရှိတဲ့ Mazda RX-8 ကားဟာ ဘယ်လိုဖြစ်လို့ Sport ကား (ပြိုင်ကား) အမျိုးအစားဖြစ်နေလဲဆိုတာက တကယ် စိတ်၀င်စားစရာပါ။ Mazda RX-8မှာ အခြားကားများနဲ့ မတူတဲ့ အဓိက ထူးခြားချက် နှစ်ချက်ကို တွေ့ရပါတယ်။ ပထမတစ်ချက်က RX-8ဟာ ရုတ်တရက် ကြည့်လိုက်ရင် နှစ်ယောက်စီး တံခါး နှစ်ပေါက်ကားလို့ ထင်ရပေမယ့် တကယ်တော့ လေးယောက်စီး တံခါး လေးပေါက် ဖြစ်နေတဲ့ အချက်ပါ။ နောက်တံခါး နှစ်ချက်ဟာ အပြင်ဘက်မှ တံခါးဖွင့်ရန် လက်ကိုင် မပါဘဲ အထဲမှသာ ပြောင်းပြန်အနေအထားနဲ့ ပြန်ဖွင့်နိုင်တာပါ။ ဒီအချက်ဟာ အခြားပြိုင်ဘက် Sport ကားတွေ ပုံစံနဲ့ လုံး၀ သာလွန် ခြားနားနေတဲ့ အချက်ပါပဲ။

နောက်တစ်ချက်ကတော့ 1.3L rotary အင်ဂျင် (Wankel အင်ဂျင်လို့လည်း ခေါ်ပါတယ်)ကို အသုံးပြုထားခြင်းကတော့ Mazda RX-8ရဲ့ အဓိက ထူးခြားချက်ပါ။ Rotary အင်ဂျင်ဟာ သေးငယ် ပေါ့ပါးပြီး စွမ်းရည်မြင့်မားတဲ့အတွက် လေယာဉ်ပျံများမှာ အသုံးပြုတဲ့ အင်ဂျင်အမျုးိအစား တစ်မျိုးပါ။ သာမန်မြင်တွေ့နေကျ အင်ဂျင်တွေနဲ့ လုံး၀မတူဘဲ ကွဲပြားတဲ့ လုပ်ဆောင်ချက်တွေနဲ့ တည်ဆောက်ထားတဲ့ အင်ဂျင်ပါ။ ဒီ rotary အင်ဂျင်ကို အသုံးပြုပြီး ဂျပန်နိုင်ငံ အခြေစိုက် Mazda Motor Corporationဟာ 1971 ခုနှစ်မှ စပြီး R-100, RX-2, RX-3, RX-4, RX-5 မှ RX-7 တိုင်အောင် Sport ကားများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ RX-8ကိုတော့ 2003 ခုနှစ်မှ စတင်ပြီး 1.3L twin-rotor RENESIS rotory အင်ဂျင်ကို အသုံးပြုပြီးတော့ ထုတ်လုပ်လာခဲ့တာ ယခုနှစ်တိုင်အောင်ပါပဲ။

အမြန်နှုန်းကို သုညမှ 100km/hကို 6.2 စက္ကန့်အတွင်း မောင်းနှင်နို်င်တာကြောင့် သာမန် 2.6L အင်ဂျင်များ နည်းတူ စွမ်းဆောင်ရည် မြင့်မားတာဟာ အံ့မခန်းစရာပါ။ ဂီယာအမျိုးအစားကိုတော့ 4 speed automatic, 6 speed automatic, 5 speed manualနဲ့ 6 speed manualဆိုပြီး လေးမျိုး ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် RX-8ဟာ rotary အင်ဂျင်ကို mid-engine ပုံစံရှေ့ ပိုင်းမှာ တပ်ဆင်ပြီး နောက်ယှက် အမျိုးအစားဖြစ်တာကြောင့် ကားရဲ့ အလေးချိန်ဟာ ရှေ့နောက် 50/50 ညီမျှနေခြင်းဟာ ကားကို ထိန်းကျောင်း မောင်းနှင်တဲ့အချိန်မှာ များစွာ အားသာချက်ရှိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ 6 speed manual ဂီယာအမျိုးအစားကို အသုံးပြုပြီး အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ 235 km/hထိ မောင်းနှင်နိုင်ပါတယ်။ Versionများအနေနဲ့ shinka, Evolve, PZ, Nemesis, Kuro, 40 th Anniversary, True Red Style, Hydrogen RE, Mazda Speed Version, NR-A, R3 နဲ့ SPIRIT Rတို့ကို အထူး Version များအနေနဲ့ 2003မှ 2012တိုင် နှစ်စဉ် ထပ်မံ ထုတ်လုပ်ပါသေးတယ်။ Versionများအနက် R3နဲ့ SPIRIT Rတို့ဟာ နာမည်ကြီးပါတယ်။

SPIRIT Rဟာ အစီး 2000သာ ကန့်သတ် ထုတ်လုပ်မှာပါ။ အပူပေး ထိုင်ခုံစနစ်၊ မောင်းနှင်သူ ထိုင်သည့် စိတ်ကြိုက် ထိုင်ခုံ ပုံစံ မှတ်သားပေးသော စနစ်၊ keyless entry, 18’’ ဘီး၊ စပီကာ ခြောက်လုံးပါ CD Audio စနစ်၊ Bluetooth စနစ်နှင့် လမ်းပြစနစ်များ ထည့်သွင်းထားပြီး R3နဲ့ SPIRIT R Versionတို့မှာတော့ ဘီးများကို 19″ ပြောင်းလဲထားပြီး ကားအောက်ပိုင်းများကို ပိုမို ကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။ အသံပိုင်းစနစ်ကိုတော့ ကမ်ဘာကျော် BOSE တံဆိပ်ကို တပ်ဆင်ပေးထားတာပါ။ RECARO ထိုင်ခုံများကိုလည်း ပြောင်းလဲ တပ်ဆင်ပေးထားပါတယ်။
Mazda RX-8ဟာ တစ်နှစ်အတွက် အကောင်းဆုံး အင်ဂျင် “ဆု”ကို 2003 ခုနှစ်နဲ့ 2004 ခုနှစ်တို့မှာ ရရှိသည့်အပြင် အခြားဆုများကိုလည်း ရရှိခဲ့ပါတယ်။

Rotory အင်ဂျင်ဓာတ်ဆီ 12.9 Literသာ အသုံးပြုနိုင်တဲ့အတွက် 1300 CC ဆိုပေမယ့် ဆီစားနှုန်း များပါတယ်။ 100kmကို ဓါတ်ဆီ 12.9 Literသာ အသုံးပြုနိုင်တဲ့အတွက် ဆီစားနှုန်းကတော့ မသက်သာပါဘူး။ ဘာပဲပြောပြော ပြည်တွင်းက Sport ကား ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ 1300 CC ဖြစ်တဲ့အတွက် အခွန်လဲ သက်သာ၊ တံခါးလဲ လေးပေါက်၊ လေးယောက်လဲ ထိုင်လို့ရတော့ တော်တော် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ ကားရဲ့ ဈေးနှုန်းကတော့ အသုံးပြုပြီးသား 2008 မော်ဒယ်ကို US$ 24,495 နဲ့ 2009 မော်ဒယ်ကို US$ 34,863 လောက်နဲ့ www.tradecarview.comမှာ တိုက်ရိုက် ၀ယ်ယူနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *