Opinion

လှုပ်တုတ် လှုပ်တုတ်မဲ့ အနာဂတ်

“Flash Bannerလေး ထည့်ပေးမယ်၊ Animation လှုပ်တုတ် လှုပ်တုတ်လေးတွေ ပါမယ်၊ ရွေ့လျားနေမယ်၊ ပိုက်ဆံ ဘယ်လောက် ပိုပေးရမယ်”ဟု သင့်ကို Website company တစ်ခုက ဆွဲဆောင်လာသည် ဆိုလျှင်တော့ ထွက်သာပြေးပါတော့။

Adobeမှ Flash softwareလေးဟာ အလွန်တရာမှ Powerful ဖြစ်လှတဲ့ တီထွင်မှုလေးပါ။ Animationတွေ လုပ်လို့ ရတယ်။ Audioတွေ ဖြတ၊် ညှပ်၊ ကပ် လုပ်လို့ ရမယ်။ Multimedia နဲ့ပက်သက်ရင် အားလုံးနီးပါး အသုံးပြုလို့ ရသည်ပေါ့။ များသောအားဖြင့် Flashလို Websiteတစ်ခုရဲ့ ပထမဆုံး Homepageတွေမှာ banner သဘောမျိုး၊ Websiteတစ်ခုလုံးကိုပါ သုံးလေ့ရှိပါတယ်။

Internet connection ပေါ်မူတည်ပြီး အချိန်အတိုင်းအတာ တစ်ခုလောက် စောင့်လိုက်တယ်
ဆိုရင်တော့ Websiteရဲ့ လိပ်စာလေး ရိုက်ထည့်ပြီးရင် ဒီဇိုင်နာရဲ့ ဖန်တီးမှုပေါ် မူတည်ပြီး ထို Websiteနှင့် ပက်သက်သည့် လှုပ်ရှားနေသည့် ရုပ်ပုံများကို ခံစားရမှာပါ။ ဒါကတော့ Flashဆိုပြီး Internet သုံးသူများရဲ့ ပါစပ်ဖြားမှာ ရေပန်းစားခဲ့တဲ့ ၂၀ ရာစုကပေါ့။

၂၁ ရာစုနှစ်အတွက် အင်တာနက်ကတော့ အားလုံး သိမြင်နေကြတဲ့အတိုင်း သယ်ယူသွားလာရ လွယ်ကူသည့် မိုဘိုင်း ပစ္စည်းတွေနဲ့ လွှမ်းမိုး နေကြတာပါ။ ဒီနေရာမှာ ‘မိုဘိုင်း’ ဆိုသည်ကတော့ မိုဘိုင်းဖုန်းတစ်ခုတည်းကို မဆိုလိုပဲ သယ်ယူရ လွယ်ကူသည့် ကွန်ပျူတာ ပစ္စည်းအားလုံးကိုပါ။ ကွန်ပျူတာလို့ ပြောလိုက်ရင် အားလုံးမြင်လိုက်မိမှာက ကြိုးတွေ ရှုပ်ရှက်ခတ်နေတဲ့ ပုံးတစ်လုံး၊
မော်နီတာ၊ ကီးဘုတ်၊ မောက်စ် စသည်တို့ပေါ့၊ ဒါပေမယ့် ခေတ်ရေစီးကြောင်းအလိုက် ကြိုးတွေလည်းပျောက်၊ ပုံးကြီးလည်းမဲ့၊ ကီးဘုတ်နှင့် မောက်စ်ပါ မပါတော့တဲ့ ကွန်ပျူတာတွေ ထွန်းကားလာသည့်အတွက်ကြောင့် ကွန်ပျူတာ တစ်လုံးကို အသုံးပြုပုံတွေလည်း
ပြောင်းလဲလာခဲ့တာ တွေ့ရမှာပါ။ စားပွဲရှေ့ မှာ ထိုင်ပြီး မေးငေါ့ကာ ကီးဘုတ်တွေနှိပ် မောက်စ်တွေရွေ့ နှင့် လုပ်တတ်မှ ကွန်ပျူတာ သုံးတတ်သည် မဟုတ်တော့ပဲ ဆိုဖာပေါ် ထိုင်မလား၊ ဘတ်စ်ကားပေါ်မှာ သုံးမလား၊ စသည်ဖြင့် ပုံစံမျိုးစုံဖြင့် ကွန်ပျူတာ သုံးလို့ ရသည့် ခေတ်ကြီး ရောက်လို့နေတာပါ။

ထိုသို့ အသုံးပြုနိုင်ဖို့အတွက် အင်ဂျင်နီယာ၊ ဒီဇိုင်နာ ပညာရှင်ပေါင်း များစွာမှ သယ်ယူရ လွယ်ကူပေါ့ပါးမည့် သေးငယ်သော ပစ္စည်းလေး များအဖြစ် ပေါ်လာဖို့ နောက်ဆုံးပေါ် နည်းပညာ အသစ်များ အသုံးပြုပြီး၊ အသုံးတည့်သည့် အစိတ်အပိုင်းများကို ထည့်သွင်း၍ အနာဂတ်အတွက် အသုံးမတည့်၊ အသုံးမ၀င်နိုင်တော့မည့် နည်းပညာ အဟောင်းများကို ဖယ်ရှားပြီး ဖန်တီး တီထွင် ကြရပါသည်။ ပြောရမယ်ဆိုရင်တော့ နည်းပညာ ပေါင်းများစွာ စွန့်လွှတ်ခဲ့ရတာပါ။ ဒါပေမဲ့ ဒီတစ်ပတ်တော့ ထိုအထဲကမှ အသုံးမ၀င်နိုင်တော့တဲ့ Flash အကြောင်းလေးပဲ ပြောပါ့မယ်။

Adobeမှ ထုတ်တဲ့ Flashကို အဓိက တွေ့မြင် သတိထားမိမှာက Website ပါ။ Website ဆိုတာလည်း အရင်တုန်းက စားပွဲပေါ် ထိုင်ပြီး ဟိုနှိပ် ဒီနှိပ်ပြီးမှ ကြည့်လို့ရခဲ့တာပါ။ ဒီနေ့ခေတ်ကြီးမှာတော့ ကိုယ်နှင့် တပါတည်း ယူဆောင်သွားလို့ရတဲ့ TV အသေး စားလေးသဖွယ် Websiteတွေကို ကြည့်လို့ရနေပါပြီ။ ထိုသို့ သေးငယ် ပေါ့ပါးသော အရာများဟာ ကြိုးမဲ့ဖြစ်ပြီး ဘက္ထရီပါဝါနှင့် အလုပ်လုပ်ရသည့်အတွက်ကြောင့် ဓာတ်ခဲနာရီ တစ်လုံးလိုပဲ အချိန်ပိုင်းတစ်ခုသာ အသုံးပြုလို့ရတာပါ။ ဒီကိစ္စမှာတော့ တောက်လျှောက်သုံးမယ်ဆိုရင် များသောအားဖြင့် တစ်နေ့တာ အသုံးပြုလို့ရသည်ပေါ့။ ကုန်ဆုံးခါနီး ဘက္ထရီကြိုးသွင်း၊ ပြန်ဖြည့်နှင့် နေ့စဉ်အသုံးပြု လည်ပတ်နေရသည့် သံသရာကြီးပါ။ ဆိုလိုချင်တာက ထိုလို ကြိုးမဲ့ပစ္စည်းလေးတွေမှာ အထက်က ဖော်ပြခဲ့တဲ့အတိုင်း အနာဂတ်အတွက် နည်းပညာတွေ ဖယ်ထုတ်သည့်အထဲမှာ Flash ဆိုတဲ့ နည်းပညာလည်း အပါအ၀င်ပဲပေါ့။

Flash ဆိုတဲ့ လှုပ်တုတ်လှုပ်တုတ် နည်းပညာကို ဖယ်ရှားရတဲ့ အဓိက ရည်ရွယ်ချက်ကတော့
(၁) ဘက္ထရီ အရမ်းစားလွန်းခြင်း၊
(၂) Flashကြောင့် Websiteမှတစ်ဆင့် မိမိ ကွန်ပျူတာကို Virusတွေ ၀င်ရောက်နိုင်ခြင်းတွေပေါ့။

ထို့ကြောင့် Flashကို ဖယ်ရှားဖို့အတွက် နည်းမျိုးစုံဖြင့် ကမ်ဘာအရပ်ရပ်မှ ပညာရှင်များ၊ လုပ်ငန်းရှင်များမှ တိုက်ပွဲ၀င်ခဲ့သည့်အထဲမှာ အထင်ကရ အဖြစ်ဆုံးကတော့ Apple Inc.မှ ကွယ်လွန်သွားရှာပြီဖြစ်သည့် Steve Jobsလို့ ပြောရင် မမှားပါဘူး။ ယခုဆိုရင် Adobeမှ တရား၀င်ကြေညာချက်ထုတ်ပြန်ပြီး Flashကို Mobile Deviceတွေ အားလုံးအတွက် Versionအသစ် မထုတ်တော့ဘူးဆိုတာပါပဲ။
ဤအကြောင်းအရာကို စဉ်းစားကြည့်ရုံဖြင့် Flashဟာ ယနေ့ခေတ်ရဲ့ Website လောကမှာ မင်းသားတစ်ယောက် မဟုတ်တော့ပါဘူး။ စီးပွားရေး လုပ်ငန်းရှင်များအတွက် Website ကုမ္ပဏီတွေကို အလုပ်အပ်သည့်အခါမှာ ခေတ်ဟောင်း မင်းသားကြီးကို တမ်းတ လွမ်းဆွတ်ပြီး အခကြေးငွေ ပေးလိုက်ရင်တော့ မိမိရဲ့ ၂၁ရာစုစီးပွားရေး လုပ်မည့် Website တစ်ခုကို မိမိ၏ ပရိတ်သတ်က ကြည့်ရှုချင်သည့် နေရာတိုင်းမှာ ကြည့်ရှုလေ့လာနိုင်ခွင့် ရတော့မည် မဟုတ်ပါဘူး။
ထို့ကြောင့် ပညာရှင်များ၏ ညွှန်ကြားချက်အတိုင်း ယနေ့ခေတ် Web ကုမ္ပဏီကြီးများမှလည်း Flashဆိုတဲ့ ခေတ်နှောင်းနှင့် ပိုက်ဆံရှာမည့်အစား HTML5နှင့် CSSတွေ လေ့လာသင်ယူပြီး စံနှုန်းတစ်ခုရှိမည့် Websiteတွေကို စီးပွားရေးလုပ်ငန်းရှင်များအပြင် လူသားအားလုံးအတွက် အကျိုးဆောင်ပေးသင့်ပါပြီ။

နိဂုံးချုပ်ရရင်တော့ Flashဟာ Websiteအတွက် ကားလိပ်ကာ ချရမည့် နည်းပညာ ဖြစ်သွားပေမယ့် သူ၏ နည်းပညာဟာ အခြားသော ဖျော်ဖြေမှု၊ အကျိုးဆောင်မှုတွေနဲ့ ယနေ့ခေတ် အင်တာနက်ပေါ်မှာ အများ သတိမထားမိမယ့် နေရာမျိုးက ရှင်သန်ခွင့်တော့ ရှိနေဦးမှာပါ။ You Tube.comလို ယနေ့ခေတ်ရဲ့ Online Video Library ကြီးမှာ Animation Video အများစုဟာတော့ Flashရဲ့ တန်ခိုးစွမ်းအားတွေ ပယ်ဖျောက်လို့ မရသေးဘူဆိုတာ သက်သေပြနေသလားပေါ့။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *